Breaking News

ဖိုးသံ(လူထု) - ညီတော်မောင်သို့


ဖိုးသံ(လူထု) - ညီတော်မောင်သို့

(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၂၃


ကိုယ့်ညီတယောက်လုံး ဆုံးပါးသွားတာတောင် ကဗျာတပုဒ် မရေး၊ စာတစောင် မဖွဲ့ဘူးလို့ သူများတွေ ပြောကြမှာစိုးလို့ အကြိမ်ကြိမ်၊ အမျိုးမျိုး စဉ်းစားခဲ့ပါတယ်။ သူ့အကြောင်း၊ သူနဲ့ နေခဲ့တဲ့ နေ့ရက်တွေအကြောင်း စဉ်းစားရတာ ဆို့နင့်ဆွေးမြည့်လာတတ်လို့ နောက်ဆုံးမှာ အမှတ်တရဆောင်းပါးလေးပဲ ရေးတော့မယ်လို့ ဆုံးဖြတ်လိုက်ရပါတယ်။

ကျွန်တော်တို့ မောင်နှမ ငါးယောက်ထဲမှာ အကြီး လေးယောက်ဟာ အသက်အားဖြင့် တယောက်နဲ့တယောက် ၂ နှစ်စီ ကွာပါတယ်။ နံပါတ် ၄ နဲ့ နံပါတ် ၅ ကျမှ အသက် ငါးနှစ်တောင် ကွာသွားတာပါ။ သူက ကျွန်တော့်ထက် ၇ နှစ် ငယ်ပါတယ်။ သူ မွေးတဲ့အခါမှာ သူ့အထက်က မတင်ဝင်းတောင်ကျောင်းသွားနေပါပြီ။ ကျနော် တက်နေတာက စိန်ပီတာကျောင်းလို့ ထင်ပါတယ်။ အဲဒီနေ့၊ သူ မွေးတဲ့နေ့က ကျွန်တော်တို့ ကျောင်းသွားရတာ မှတ်မိနေပါတယ်။ ကျွန်တော်တို့ မောင်နှမတတွေကိုကျွန်တော်တို့အိမ်က ဂျစ်ကားနဲ့ နေ့တိုင်း အပို့အကြို လုပ်ပါတယ်။ ညနေ ၃ နာရီခွဲ ၄ နာရီလောက်မှာ ကျောင်းကနေ ပြန်လာတော့ ကားပေါ်က မဆင်းကြရသေးဘူး၊ အမေ မွေးပြီ၊ သားကလေး မွေးတယ်လို့ ဆီးပြောတာနဲ့ ကြုံရပါတယ်။ ဒီအခါမှာ ကျွန်တော်တို့ အကြီးလေးယောက်က “ဟေး”ခနဲအော်ပြီး အားလုံးကားပေါ်က ပြေးဆင်း၊ အိမ်ပေါ်ကို ပြေးတက်သွားခဲ့တာကို မှတ်မိနေပါတယ်။ ဖေဖော်ဝါရီ ၅ ရက် နေ့လယ် ၃ နာရီခွဲ၊ ၄ နာရီဆိုတော့ မန္တလေး နေက လင်းထိန်နေတာပါ။ အမေ့ကို မွေးပေးတာက အမေ့အမဝမ်းကွဲ တော်တဲ့ ဝမ်းဆွဲဆရာမကြီးတွေပါ။ အိပ်ရာပေါ် မှာလှဲနေတဲ့အမေ့အနားကို ပြေးပြီးကြည့်ကြတော့ ၀၀ကစ်ကစ် ညိုတိုတို ငနဲကလေးတယောက်ကို တွေ့ကြရပါတယ်။ အမေကလည်း ကျန်းကျန်းမာမာကြီးမို့ ကျွန်တော်တို့ မောင်နှမတတွေ ပျော်လိုက်၊ ဝမ်းသာလိုက်ကြတာ မပြောပါနဲ့တော့။ ဒီကောင်က သူ့ကို ဘယ်သူက ဘယ်လောက် မြှူမြှူ အင်မတန် ပြုံးရယ်ခဲတာမို့ ဆွေမျိုးလိုဖြစ်နေတဲ့ ကျွန်တော်တို့ အိမ်က အလုပ်သမားခေါင်း(ဖိုမင်) ကိုမိုး(ဦးမိုး)က သူ့ကို “ရှုညို” လို့ နာမည်တန်းပေးခဲ့ပါတယ်။ အိမ်သားတွေကတော့ မောင်နှမအားလုံးရဲ့ ဗိုလ်လို့ သဘောထားပြီး ဗိုလ်ညို-ဘိုညိုလို့ ခေါ်ကြပါတယ်။ ကျွန်တော့်ခေါင်းထဲမှာတော့ ဒီဘိုညို ဆိုတဲ့နာမည်ဟာ သူ့ကို မွေးပေးတဲ့ ဆရာမကြီး အန်တီကြန်က ပေးခဲ့တဲ့ နာမည်လို့ မှတ်မိနေပါတယ်။

ဒီကောင်ရဲ့ ထူးခြားချက်ကရှုတည်တာ၊ စကားနည်းတာအပြင် ဘယ်သူနဲ့မဆို တည့်အောင်ပေါင်းတာပါ။ လူချစ်အောင် နေတတ်တယ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဒါဟာ သူ နောက်ဆုံးအချိန်အထိ ထိန်းသိမ်းသွားတဲ့ ချစ်စရာ အကျင့်ကောင်းတခုလို့ နားလည်မိပါတယ်။ အဲဒီနောက်တော့ သူလမ်းလျှောက်တတ်ခါစလောက်မှာ ထောင်ထဲကို ရောက်သွားတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကျွန်တော့်အဖေက သူ့ကို “မောင်ငြိမ်းချမ်း”လို့ ထောင်ထဲကနေ နာမည်ပေးခဲ့ပါတယ်။ သူက အင်္ဂါသား ဆိုတော့ မွေးတဲ့နေ့-နံနဲ့လည်းကိုက်လို့ အဲဒီနာမည်ကို ကျန်ခဲ့တဲ့အိမ်သား အားလုံးက ကျေနပ်အားရစွာနဲ့ လက်ခံပြီး သူ့ကိုပေးခဲ့ကြပါတယ်။ အဖေကလည်း ထောင်ထဲကနေ အိမ်ကို ရေးသမျှ စာတွေထဲမှာ သူ့အငယ်ဆုံးသားကို ညွှန်းချင်ရင် မောင်ငြိမ်းချမ်းလို့ပဲ ညွှန်းပါတော့တယ်။ အဲဒီလို စကားနည်းလှတဲ့ ကောင်ဟာ နောင်ကြီးလာတော့ အင်မတန် စကားကြွယ်တဲ့ စာရေးဆရာတယောက် ဖြစ်လာတာဟာ အံ့သြစရာလည်းကောင်း၊ ဝမ်းမြောက်စရာလည်းကောင်းလှပါတယ်။ 

သူနဲ့ပတ်သက်လို့ မမေ့နိုင်တဲ့ ကိစ္စတွေထဲက တခုကို -စိတ်မကောင်းစွာနဲ့- ပြောရမယ်ဆိုရင် …… ကျွန်တော် ထောင်ထဲက လွတ်လာတုန်းးက။ အိမ်နဲ့ ခြောက်နှစ်တောင် ခွဲခွာပြီး ကိုကိုးကျွန်းကိုတောင်ရောက်ခဲ့တဲ့လူ ဆိုတော့ ဆွေမျိုးသားချင်း ညီအစ်ကိုမောင်နှမတွေက သိပ်ကို ပြန်တွေ့ချင်ကြတာပေါ့။ အင်းစိန်ထောင်က လွတ်တဲ့ ကျွန်တော် မန္တလေးကို လေယာဉ်ပျံနဲ့ပြန်တော့ လေဆိပ်မှာ ကျွန်တော့ အဖိုး-အဖွား ဦးထင် ဒေါ်စုတို့ရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ မောင်နှမတဝမ်းကွဲတွေ ၂၀ နီးပါးလောက် လာကြိုကြပါတယ်။ တန်းစီပြီး စောင့်နေကြတဲ့ သူတို့တတွေကို လေယာဉ်ပျံပေါ်ကဆင်းလာတဲ့ ကျွန်တော်က တယောက်ပြီး တယောက် နှုတ်ဆက်ရင်း ဖြတ်သန်းရပါတယ်။ တယောက်ကို တွေ့ရတိုင်း ဝမ်းအသာကြီးသာရတာမို့ နောက်ဆုံးမှာ နှုတ်ဆက်ရတဲ့ တခြားဆွေမျိုးမိတ်ဆွေတွေကို ပြုံးရယ်လက်ဆွဲပြီးတဲ့နောက်မှာ ခေါင်းထဲကို အတွေးတခု ပြေးဝင်လာပါတယ်။ 

အဲဒါက တခြား ဟုတ်ရိုးလား။ ကျွန်တော့်ညီ ဘိုညို ဘယ်များ ရောက်နေသလဲပေါ့။ ငါ့ကို လာမကြိုပါလားလို့။ တကယ်ကတော့ ဒီခြောက်နှစ်အတွင်းမှာ သူက အများကြီးထွားလာ၊ ပြောင်းလဲသွားတာမို့ ကျွန်တော်က သတိမထားမိတာပါ။ ခုနက သူနဲ့လည်း နှုတ်ဆက်ပြီးပြီဆိုတာကို သူများတွေက ပြောပြတော့မှ ပြန်သတိထားမိပါတယ်။ စိတ်မကောင်းလိုက်တာ။ အခုမှပဲ တောင်းပန်ရတော့တယ်။ တပါတည်းမှာ သူ့ရဲ့ပထမဆုံး ဝတ္ထုကို ကျနော် ဖတ်ရတော့ သိပ်အံ့သြသွားမိတယ် ဆိုတာကိုလည်း ပြောလိုပါတယ်။ ကျနော် ထောင်က ထွက်လာပြီးတဲ့နောက် ညီအစ်ကိုမောင်နှမတွေအထဲမှာ အတွဲမိဆုံးက သူလို့ ပြော ရင်မမှားပါဘူး။ အဲဒီလိုသူနဲ့ လေးနှစ်လောက် တပူးတွဲတွဲနေခဲ့တာမှာ ထောင်ရဲ့ ပြင်ပ လူ့ဘဝနဲ့ အကြာကြီး ဝေးကွာခဲ့ရတဲ့ ကျွန်တော့်အနေနဲ့ ကျွန်တော်မသိတာတွေ တွေ့တိုင်း အနားမှာရှိတဲ့သူ့ကို မေးရတာတွေကို ပြန်သတိရမိပါတယ်။ 

ကျွန်တော် ထောင်ထဲ မဝင်ခင်တုန်းက လက်ဖက်ရည် တခွက်မှ တမတ်-၂၅ ပြား၊ ထောင်ကထွက်လာတော့ ၁ ကျပ် မဟုတ်လား၊ ဒါကြောင့် ပစ္စည်းဝယ်မယ်လုပ်တိုင်း သူ့ကို “ဟေ့ကောင်၊ ဒီဈေးက တန်ရဲ့ လား”ဆိုတာမျိုး ကိုယ်အ’တာကို  သူများတွေ မရိပ်မိအောင် ကျိတ်မေးရတာ၊ တံတောင်နဲ့ တွက်မေးရတာတွေကိုလည်း မှတ်မိနေပါတယ်။ နောက်ပြီး “ငါ့သူငယ်ချင်း/ ကျောင်း နေဖက်……..……တို့ရော ဘယ်ရောက်နေလဲ၊ ဘာဖြစ်နေလဲ” စသဖြင့် ကိုယ်က ငရဲခန်းထဲ ရောက်သွားလို့ အဆက်ပြတ်သွားတာတွေကို ညီအစ်ကိုချင်း ကပ်မေးမှကောင်းတာမို့ သူ့ကို ပဲမေးခဲ့ရတာ တွေလည်း မှတ်မိနေပါတယ်။ ဒါ့အပြင် ကျွန်တော် ထောင်ထဲ ရောက်နေတဲ့ ၆ နှစ်အတွင်း လူငယ်တွေအကြား ရေပန်းစားနေတဲ့ “စော်ကြည်တယ်၊ ဘဲကြီး၊ အပြတ်မိုက်တယ်” စတဲ့ ဘန်းစကားတွေကိုလည်း သူ့ဆီကပဲ လေ့လာခဲ့ရ့ပါတယ်။ ကိုယ့်ကျောင်းနေဖက်တွေ၊ အပေါင်းအသင်းဟောင်းတွေက အလုပ်ကိုယ်စီ၊ အိမ်ထောင်ကိုယ်စီနဲ့၊ ရေကြည်ရာ မြက်နုရာပြောင်းသူကပြောင်း၊ သိပ်မတွေ့နိုင်တော့လို့ သူ့ဘော်ဒါတွေကိုပဲ ကိုယ့်ငယ်ပေါင်းကြီးဖော်လို့ သဘောထားပေါင်းခဲ့ရတာလဲ အရေအတွက် မနည်းပါဘူး။ အခုတော့ သူတို့နဲ့ကိုယ်က ကျန်ရစ်ပြီး အဲဒီသဘောကောင်းတဲ့ကောင်ကြီးက………….. ။                                                                                                                     

ထောင်ထဲမှာ နေတုန်းက၊ ကိုကိုးကျွန်းပေါ်မှာ ရောက်နေတုန်းက ငါ အိမ်ပြန်ရောက်ရင် ဘယ်ကိစ္စကိုတော့ ဘယ်သူ့ကိုမှ ပြောပြမယ်လို့ တသီကြီး စဉ်းစားထားခဲ့တာတွေ ရှိပါတယ်။ သူနဲ့ ကျွန်တော်နဲ့ နှစ်ယောက်တည်း ရှိတဲ့အခါမှာ ဒီလိုနဲ့ အိမ်ကို ပြန်ရောက်ပြီးနောက် သူ့ကို ပြောမယ်ဆိုတဲ့ဖြတ်သန်းမှုတွေ၊ အတွေ့အကြုံတွေ သူ့ကို ပြောပြတော့ သူကလည်း စိတ်ဝင်တစား နားထောင်တာကို သတိရနေမိပါတယ်။ အဲဒါက ၆နှစ်နီးပါးကွဲကွာခဲ့ကြတဲ့ အတွေ့အကြုံ ပါ။ အခုတော့ဒီညီအကို ကွဲကွာခဲ့ ကြတာကအနှစ်လေးဆယ်ကျော်၊ ကျွန်တော်တွေ့ကြုံဖြတ် သန်းခဲ့ရတဲ့ဒေသတွေ၊ လူမျိုးတွေ၊ ဓလေ့ထုံးစံတွေကလည်းများလွန်းလို့ ညီတော်မောင် ဝတ္ထုရေးဆရာကြီးကို ပြောပြမယ်လို့စဉ်းစားထားတာတွေက အများကြီးပါ။ နဂိုက အဖေနဲ့ အမေကိုပဲ ပြောမယ်လို့ တွေးထားတာတွေ သူ့ကိုပဲ ပြောရတော့မှာလို့ စိတ်ထဲမှာ တေးထားခဲ့တာ၊ အခုတော့… ။

တမိသားစုတည်းက ညီအရင်း၊ ဘောလုံး အတူကန်၊ ထမင်းအတူစား၊ နိုင်ငံရေးအတူ လုပ် စသဖြင့်ဆိုးတူကောင်းဖက်၊ ညီအရင်းခေါက်ခေါက် သူက ကိုယ့်ထက် အရင်မိဘနှစ်ပါး နောက်ကို ကောက်ကောက်ပါ လိုက်သွားလေတော့ ကျန်ရှိတဲ့ ငါတယောက်က အနောက်ကနေ “မင်းကတော့တာဝန်ကျေသွားပြီပေါ့ကွာ”လို့သာပဲ။ တခါ- ကိုယ့်ထုံးစံအတိုင်း ညာလက်ရုံးချီ၊ လက်သီးဆုပ်မြှောက်ပြီး အင်တာနေရှင်နယ် သီချင်းဆိုလိုက်မယ် လုပ်တော့လည်း သီချင်းက ဆိုလို့ ထွက်မလာ၊ နင့်နေတယ်။ ညာလက်သီးကလည်း မြှောက်မရ။ ရှိကောင်းလို့ ရှိနေတဲ့ သူ့ဓာတ်ပုံတွေကိုလည်း တကြိမ်ထက် ပိုမကြည့်ဝံ့။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar