Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၆ )



အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၆ )

(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၂၃

29/11/23

Diary in the darkness


ညဘက် ကောင်းကောင်းအိပ်မပျော်။ ကျနော်တို့ အားလုံးရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ကာလကို ရောက်နေပြီလို့ ခံစားရတယ်။ တညလုံး အင်တာနက်ဖွင့်ပြီး သတင်းတွေ နားစွင့်နေမိတယ်။ နှစ်နာရီကြား တခါ၊ သုံးနာရီကြား တခါပေါ့။ ပါချုပ်ဆရာတော် တရားနာလိုက်၊ ‌ မှေးခနဲအိပ်ပျော်သွားလိုက်၊ တိုက်ပွဲသတင်းတွေ နားစွင့်လိုက်။ 

စစ်ကောင်စီ ထောက်ခံတဲ့ မီဒီယာတွေက တရုတ်ကို ကျူးကျော်သူအဖြစ် စွပ်စွဲ ဆန္ဒပြသတင်းတွေတင်လိုက်၊ စစ်သည်အင်အား ၇၀၀ ကျော် ပါတဲ့ တရုတ်ရေတပ်သ‌‌င်္ဘော ရောက်လာပြီး မြန်မာရေတပ်နဲ့ ပူးတွဲစစ်ရေး လေ့ကျင့်တော့မယ်ဆိုတဲ့ သတင်းတွေ အကြီးအကျယ် ဖြန့်လိုက်၊ တရုတ်ပြည်ကို ပို့တဲ့ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို တော်လှန်ရေးတပ်သားတွေက ဖျက်ဆီးနေပါတယ်လို့ သတင်းတွေ လွှင့်လိုက် ၊ တရားမဝင် တရုတ်လောင်းကစားလုပ်ငန်း ဂိုဏ်းသား(ကျားဖျန့်) ထောင်နဲ့ချီပြီး တရုတ်ပြည်ကို အပ်နှံပြီးကြောင်း ကြေညာလိုက် လုပ်နေပါတယ်။ သတင်းတွေက ကယောင်ကတမ်း ဖြစ်နေတယ်။ အသေဆိုးနဲ့ သေမယ့်လူတစ်ယောက် အော်ဟစ်နေသလိုမျိုးပါပဲ။

စစ်ကောင်စီဟာ ဘာကြောင့် ခုလို ကယောင်ကတမ်းတွေ စည်းလွတ် ဝါးလွတ် အော်နေရတာလဲ။ သူငယ်ချင်းတစ်ယောက်က ပြောတယ်။ တရားမဝင် လောင်းကစားဝိုင်း ကျားဖျန့် တွေရဲ့ ငွေ ဘီလျံနဲ့ချီပြီး မြန်မာဘဏ်ထဲမှာ ရောက်နေတယ်။ အဲဒါ မြန်မာ စစ်အစိုးရက တရုတ်အစိုးရကို ပြန်ပေးရမယ်။ မြန်မာစစ်အစိုးရက ကာကွယ်ပေးထားတဲ့ ကျားဖျန့်ခေါင်းဆောင်တွေကိုလဲ ဖမ်းပို့ရမယ်တဲ့။ အဆိုးဆုံးသတင်းကတော့ တရုတ်သတင်းစာတစ်‌စောင်မှာ ရေးထားတဲ့ သတင်းပါ။ တရုတ်ပြည်က သူငယ်ချင်းက လှမ်းအကြောင်းကြားတာ။ မြန်မာစစ်ခေါင်းဆောင်ဆီမှာ ကျားဖျန့်က ရတဲ့ငွေ သုံးဆယ်ရာခိုင်နှုန်း ရောက်နေတယ်တဲ့။ ဒီသတင်းတွေသာ မှန်ရင်တော့ စစ်ကောင်စီတော့ ကျွန်တော်မျိုးကြီး သေထိုက်ပါတယ်လို့ ပြောရုံကလွဲလို့ အခြားမရှိတော့ပါဘူး။

စစ်ကောင်စီက ကယောင်ချောက်ချား ဗျူဟာတွေ ခင်းနေချိန်မှာ ဂျပန်ရောက် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် စကားအရ NUG ဟာ တရုတ်နဲ့ သံတမန် ဆက်ဆံရေး သိသိသာသာ ကောင်းလာပုံရတယ်။ တရုတ်နဲ့ ယုံကြည်မှု တည်ဆောက်ရာမှာ ‌သေးငယ်တဲ့ အရာကလေးတွေက စ ခဲ့ရကြောင်း၊ ဥပမာ လူကုန်ကူးခံရတဲ့ တရုတ်လူမျိုး သုံးဦးကို တရုတ်အစိုးရ လက်ထဲ ပြန်အပ်ခဲ့တဲ့အကြောင်း၊ တရုတ်ပြည်နဲ့ ယုံကြည်မှုတည်ဆောက်ရာမှာ မြောက်ပိုင်း လက်နက်ကိုင်တွေရဲ့အကြံဉာဏ်ရယူခဲ့ကြောင်းနဲ့ တရုတ်အစိုးရဲ့ သဘောထားက မြန်မာလူထုဆီကို အာဏာပြန်အပ်စေလိုကြောင်း ပြောပါတယ်။ တရုတ်အစိုးရရဲ့ မြန်မာပြည်သူထံ အာဏာပြန်အပ်စေလိုကြောင်း သဘောထားကို သိလိုက်ရတဲ့ ပွဲတက်လာ မြန်မာပရိသတ်က လက်ခုပ်တီး ကြိုဆိုတာကို ကြားလိုက်ရပါတယ်။ 

ဒီလက်ခုပ်သံဟာ တရုတ်မြန်မာ လူမျိုးရေး အဓိကရုဏ်း ဖန်တီးပြီး ထွက်ပေါက်ရှာဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီအတွက် မိုးကြိုးပစ်သံပါပဲ။

ဒီဖြစ်ရပ်ဟာ NUG အတွက် သံတမန်အောင်ပွဲကြီးပါ။ တနည်းပြောရရင် နွေဦးတော်လှန်ရေးအတွက် သံတမန်အောင်ပွဲကြီးပါ။

အခုလို သံတမန် စစ်မျက်နှာမှာ အောင်ပွဲတွေ ဆက်တိုက်ရနေသလို လက်နက်ကိုင်စစ်မျက်နှာမှာ လဲ နွေဦးတော်လှန်ရေးနဲ့ ချိတ်ဆက်ထားတဲ့ တိုင်းသားတွေရဲ့ လက်နက်ကိုင် တွေ က မြို့သိမ်းတိုက်ပွဲတွေ တိုက်နိုင်တဲ့အဆင့်ကိုရောက်နေပါပြီ။ 

ခုလိုသတင်းတွေ နားစွင့်ကာ စိတ်အားတက်ကြွနေချိန်မှာ အိမ်တံခါးဝက ဆယ်အိမ်မှူး ခေါ်သံကြားလို့ ထွက်ကြည့်ပါတယ်။ ဒီည ဧည့်စာရင်းစစ်မယ်၊ ဧည့်စာရင်း တိုင်ထားပါ၊ ညက တောင်ဥက္ကလာ၊ မြောက်ဒဂုံ၊ လှိုင်သာယာမှာ ဗုံးတွေ ပေါက်တယ်၊ လျှပ်တပြက် ဆန္ဒပြပွဲတွေ ဟိုနားဒီနားဖြစ်နေတယ်၊ စစ်ကားတွေလဲ မပြတ်ကင်းလှည့်နေတယ်တဲ့။ 

တိုက်ပွဲတွေကတော့ ရပ်ကွက်ထိပ် ရောက်လာပြီ ထင်တယ်။ စိုးရိမ်စိတ်တွေ၊ အားရဝမ်းသာစိတ်တွေ တပြိုင်တည်း ခံစားရတယ်။ 

ဒီလို ခံစားမှုမျိုးဆိုတာ ဒီလိုအချိန်၊ ဒီလိုနိုင်ငံမျိုးမှာပဲ ခံစားခွင့်ရတာ။ ကျေးဇူးပါပဲ ဘုရားသခင် အပေါင်းတို့ ခင်ဗျာ။

အန်ကယ် တူမီး

၂၉ /၁၁ /၂၃



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar