Breaking News

ရဲဘော်တေး - ခရေကြွေချိန်


ရဲဘော်တေး - ခရေကြွေချိန်

(မိုးမခ) နိုဝင်ဘာ ၃၀ ၊ ၂၀၂၃


ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများမှာ ပြည်ပ ဒရုန်းပညာရှင် ၆၅၀၀ ခန့်၊ စစ်သုံးဒရုန်းဗုံး ၂၅၀၀၀ ကျော် အသုံးပြုပြီး သာလွန်အင်အားနဲ့ စစ်တပ်စခန်းများ တိုက်ခိုက်ခံနေရလို့ တပ်စခန်းများက စွန့်ခွာပေးနေရတယ်လို့ စစ်ရာဇဝတ်ဂိုဏ်းချုပ် မအလက နိုဝင်ဘာ ၂၉ ရက်နေ့က စကစအစည်းအဝေးမှာ စွပ်စွဲပြောဆိုထားတယ်။ 

ဒီစကားရဲ့ ရည်ရွယ်ချက်ကတော့ ညီနောင်သုံးဖော်နဲ့ ပီဒက်တွေဟာ စွမ်းလို့မဟုတ်ပါဘူး။ အပြင်ကအကူအညီရလို့။ အဲဒီတော့ မင်းတို့ ကြောက်စရာ မလိုဘူး၊ ဒူးသာဒူးဆိုတဲ့သဘော။ ငါ့သားနဲ့ သမီးလဲ မင်းတို့နည်းတူ ခွင့်မယူစတမ်း စီးပွားရေးသောင်းကျန်းနေပါတယ်ပေါ့။ 

ပြင်ပအကူအညီလို့ ဆိုတာကတော့ တရုတ်လို့ သွယ်ဝိုက်စွပ်စွဲတာ၊ ဒါမှ တရုတ်နဲ့ မဘသတွေကို အရေးအခင်း ဖန်တီးလို့ရမယ်လေ။ တရုတ်ကကျ ဘာသာ သာသနာရေးနဲ့ ရှူးတိုက်လို့မရ၊ လူမျိုးရေးနဲ့ဘဲ တိုက်ရမှာကိုး။ လောလောဆယ် ညီနောင်သုံးဖော်ရဲ့ အမုန်းဆော်လှိုင်းဒဏ် အံကြိတ်ခံနေရတုန်း တရုတ်ရဲ့ ကျားဖြန့်လှိုင်းဒဏ်ပါ အလူးအလဲခံနေရတာ သက်သာလိုသက်သာငြားပေါ့။ 

တရုတ်က လူဖမ်းပေးရုံနဲ့ အားမရ၊ အနောက်အုပ်စု ဖိအားနဲ့ ဒေါ်လာငန်းဖမ်းနေပါတယ်ဆို လောင်းကစားငွေ ဘီလျံ ၄၀ ပါ တစာစာတောင်းပြီး ထောင်းနေရုံနဲ့ အားမရ၊ သာကောက ဘာမပြောညာမပြောနဲ့ စစ်ရေးရှုပ် လူလိုနေပါတယ်ဆို စစ်သင်္ဘောတွေနဲ့ စစ်သားခုနစ်ရာပါ ပင့်လာပြီး တမင် သောက်လုပ်ပေးထားတာကို တင်းနေတာ။ 

တင်းပေမယ့်လဲ မခို့တရို့နဲ့ အကို့အကို့ဆိုပြီး ဖင်ကလေးပင့် မျက်စကလေးဝင့် တဟင့်ဟင့်လုပ်နေရတဲ့အခြေ။

ခရေတွေ ကြွေနေပြီ နန်းရေပေါ့။ 

ဒီစွပ်စွဲချက်ရဲ့နောက်ရည်ရွယ်ချက်တမျိုးက မင်းတို့လဲ ပြင်ပကျွမ်းကျင်ပညာရှင် ခေါ်ထားတော့ ငါတို့လဲ ကျမ်းကျင်ရော ကြေးစားပါငှားမယ် ဆိုတဲ့ အထာ။ ရှရှားတွေ ခေါ်သွင်းမယ်ပေါ့လေ၊ ဒါကတော့ တရုတ်ကို အဝှာပုတ်ပြတာ။ 

သာလွန်အင်အားနဲ့ဆော်လို့ မိသားစုငဲ့ညှာပြီး စခန်းစွန့်ခွာတယ် ဆိုတာကတော့ ရင်းလိုက် အလံဖြူထောင်တာကို မသိခြင်ထောင်ထောင်တာ။ သူ့ထုံးစံ အရူးကွက်မျက်နှာပေးလေးနဲ့ပလေ။ 

သာလွန် ဆိုတော့ ကူကယ်ဖို့လဲ ခက်တယ်ပေါ့လေ။ မကူ မကယ်တာ မဟုတ်ပါဘူးပေါ့။ ကျားဖြန့်ခေါင်းဆောင်တွေကို မသေအောင် ဟတ်စကီးနဲ့ ထုတ်ပေးသလို စစ်ဗိုလ်တွေကိုလဲ အသေကောင် ဟတ်စကီးနဲ့ ထုတ်ပေးပါတယ်ပေါ့။ 

တရုတ်သင်္ဘောတွေက ကျားဖြန်းကြီးကြီးတွေကို လာတောင်းတာလို့လဲ တပ်တွင်းစကား ကြားမိရဲ့။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar