လတ်တလော တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်နဲ့ ပေါက်တောမြို့တွေ၊ မြို့သိမ်းတိုက်ပွဲတွေရဲ့ ရည်မှန်းချက်က ဘာဖြစ်နိုင်လဲ
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၈ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၂၃
လတ်တလော တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်နဲ့ ပေါက်တောမြို့တွေ၊ မြို့သိမ်းတိုက်ပွဲတွေရဲ့ ရည်မှန်းချက်က ဘာဖြစ်နိုင်လဲ
ကရင်နီပြည်နယ် မြို့တော် လွိုင်ကော်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF တွေက ယခုလ ၁၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး မြို့ရဲ့ နေရာအချို့ ဖြစ်တဲ့ လွိုင်ကော်တက္ကသိုလ်လို နေရာတွေကို သိမ်းနိုင်ခဲ့ပြီး ပညာရေးဝန်ထမ်းနဲ့ မိသားစု ၂၀၀ ကျော်ကို ခေါ်ဆောင်သွားခဲ့ပြီးနောက် စစ်ဆေးမေးမြန်းကာ ပြန်လွှတ်ပေးခဲ့ပါတယ်။ လွိုင်ကော်တက္ကသိုလ်အပြင် အကျဥ်းထောင်ကို စီးနင်းနိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့် ယနေ့ထက်ထိတော့ အကျဥ်းထောင်ကို မသိမ်းပိုက်နိုင်သေးတဲ့ အနေအထားလည်းဖြစ်ပါတယ်။ မြို့နေ လူထုအများစုတွေကတော့ ကရင်နီပြည်နယ်ရဲ့ မြောက်ဘက်ကျတဲ့ ရှမ်းပြည်နယ်တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း နဲ့ ညောင်ရွှေမြို့နယ်တွေဆီ မြို့ကနေထွက်ခွင့်ရတာနဲ့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။ တိုက်ပွဲ စဖြစ်ဖြစ်ချင်း တိမ်းရှောင်နိုင်ကြတာမျိုးမဟုတ်ပဲ ရက်အနည်းငယ် အကြာမှ မြို့ထဲက ထွက်ခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။ ကရင်နီပြည်နယ်ရဲ့ မြို့တော် ဖြစ်တဲ့ လွိုင်ကော်မြို့ကို ဘာကြောင့်တိုက်ခိုက်ရသလဲ ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး KNDF ခေါင်းဆောင်ဖြစ်သူက ကျွန်တော်တို့မှာ အခြားရွေးစရာ လမ်းမရှိဘူးလို့ သတင်းမီဒီယာ တခုနဲ့ အမေးအဖြေလုပ်ရာမှာ ပြောဆိုထားပါတယ်။ ကရင်နီပြည်နယ် ရဲ့ အုပ်ချုပ်ရေး ရုံးစိုက်ရာ၊ စစ်ကောင်စီ စစ်ဌာနချုပ်မရှိသော်လည်း ဒေသကွပ်ကဲရေး စစ်ဌာနချုပ်ရှိရာမြို့ ဖြစ်တဲ့ အကြောင်းရင်းတွေကြောင့် KNDF က လွိုင်ကော်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ နောက်တချက်ကတော့ ရှမ်းမြောက် နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်း၊ ထီးချိုင့်လိုမြို့တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခြင်းတို့ကလည်း စစ်ကောင်စီရဲ့ တပ်တွေ တနေရာမှ တနေရာကို အင်အားများများစားစား ထုတ်နှုတ် ပို့ဖို့အခွင့်မသာတဲ့ အနေအထားကို အခွင့်ကောင်း ယူပြီးတိုက်ခိုက်လိုတာလည်း ဖြစ်ပါလိမ့်မယ်။
၁ လေးလုံးလို့ ခေါ်ဆိုတဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ က စတင်တိုက်ခိုက်ခဲ့ရာမှာ ယနေ့အထိဆို ၁၈ ရက်တာကြာမြင့်လာပြီဖြစ်ပါတယ်။ လွိုင်ကော် တက္ကသိုလ် တိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကိုင် ဒါဇင်နဲ့ချီတဲ့အရေအတွက် လက်နက်ချခဲ့ကြတဲ့ ဖြစ်ရပ်ကလည်း စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေ အဖို့ စိတ်ဓါတ်တက်ကြွစရာ ဖြစ်ပါတယ်။ လူဦးရေ ၆ သောင်းခန့်ရှိတဲ့ မြို့အနေနဲ့တော့ နေအိမ်တွေ ပျက်စီးတာ၊ ပိုင်ဆိုင်မှုတွေ ဖေါက်ထွင်းဖျက်ဆီးခံရ၊ အဆိုးဆုံးအခြေအနေမှာ မြို့မီးလောင်ပျက်စီးတဲ့ အခြေအနေမျိုးတွေလည်း ကြုံရနိုင်ခြေရှိနေတာ ဖြစ်ပါတယ်။ ထန်တလန်မြို့လို မြို့တမြို့လုံးနီးပါး မီးလောင်ပျက်စီးနိုင်တဲ့ အနေအထားမျိုး ရောက်ရှိမှာကိုလည်း စိုးရိမ်စရာ အခြေအနေမျိုး ဖြစ်နေပါတယ်။
အလားတူ မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး မြို့နေရာအချို့ မီးလောင်နေတဲ့ အခြားမြို့တမြို့ကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ အရှေ့မြောက်ဘက် ကုလားတန်မြစ်တဖက်ကမ်းက ပေါက်တောမြို့ဖြစ်ပါတယ်။ AA လက်နက်ကိုင်အဖွဲ့က နိုင်ဝင်ဘာလ ၁၅ နေ့က စတင်ပြီး ပေါက်တောမြို့ ကို စတင်တိုက်ခိုက်ခဲ့ကြရာမှာ AA တပ်ဖွဲ့တွေ ပေါက်တော မြို့မရဲစခန်းကို သိမ်းယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ ပြန်လည် တိုက်ခိုက်ခဲ့ရာမှာ ၁၀ ရက်ကျော်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး ခုရက်ပိုင်းမှာတော့ မြို့ရဲ့ နေရာတချို့ မီးလောင်နေတဲ့ သတင်းတွေ ကြားသိလာရတာ ဖြစ်ပါတယ်။ လက်နက်ကြီး နဲ့ ပစ်ခတ်တဲ့ ကျည်တွေကျပြီး ပေါက်ကွဲရာမှာ လောင်ကျွမ်းတာလို့ လောလောဆယ် မှန်းဆကြပေမယ့် မီးလောင်တဲ့အကြောင်းအရင်းကို အခုလို စစ်ပွဲတွေ ဖြစ်ပွားပြီးအခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ သဲသဲကွဲကွဲ အတည်မပြုနိုင်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။
စစ်ကောင်စီတပ် လုံခြုံရေးစခန်းတွေကို သွားရောက်တိုက်ခိုက်ခဲ့တဲ့ အခြားပြည်နယ်မြို့တော်မြို့ကတော့ ချင်းပြည်နယ်ဟားခါးမြို့ ဖြစ်ပါတယ်။ ဟားခါးမြို့ဟာလည်း စစ်ဌာနချုပ် အခြေစိုက်တဲ့ မြို့မဟုတ်ပါဘူး။ ချင်းပြည်နယ်မှာ ဒေသအလိုက်သို့မဟုတ် မြို့အလိုက် ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းထားကြပြီး ချင်းအမျိုးသားတပ်ဦး CNF နဲ့ ပူးပေါင်းပြီးဖြစ်စေ ၄င်းတို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ သီးသန့် ဖြစ်စေ စစ်ကောင်စီတပ်ကို တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ မကြာသေးခင်က ချင်းပြည်နယ် မြောက်ပိုင်း အိန္ဒိယနယ်စပ်နဲ့ ကပ်လျှက် ရိဒ်ခေါဒါမြို့ကို မကြာသေးခင်က PDF Zoland က တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ အဲဒီနောက်ရက်သီတင်းပတ်ကျော်အကြာ ဟားခါးမြို့ကို ဟားခါး CDF က စတင်တိုက်ခိုက်တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့နောက်ပိုင်း နိုင်ငံရဲ့ နေရာ အများအပြားမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းရဲ့ အစိတ်အပိုင်းအချို့ကို တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။ သို့သော် အခုလို ရှမ်းမြောက်၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊ ကရင်နီပြည်နယ်နဲ့ ကရင်ပြည်နယ်က တိုက်ပွဲတွေဟာ တခုနဲ့တခု စစ်ရေးဗျူဟာအရ ဆက်စပ်မှု ရှိကြသလား ဆိုတာတော့ အဖြေမရှိသေးတဲ့ မေးခွန်းတခုသဖွယ်ဖြစ်ပါတယ်။ ဒီလိုမေးခွန်းမျိုးက စစ်ရေး မဟာဗျူဟာရဲ့ လျှို့ဝှက်ချက်လို့ တနည်းအားဖြင့်ဆိုကောင်းဆိုနိုင်ပါတယ်။ သတင်းမီဒီယာတွေမှာ ဒီလိုမေးခွန်းမျိုးကို မမေးသင့် မပြောသင့်တဲ့ အကြောင်းအရာလို့ သဘောထားကာ မမေးကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် သတင်းမီဒီယာတွေမှာ မေးမြန်းဖေါ်ပြခြင်း မဖေါ်ပြခြင်းထက် ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ အထက်က မဟာဗျူဟာ ရှိခြင်း မရှိခြင်းက ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။ အကယ်၍ ရှိမနေခဲ့ဘူးဆိုရင် အခုစစ်ရေးလှုပ်ရှားမှု အခွင့်အလမ်းဟာ နောက်တကြိမ် ပြန်ရဖို့၊ စစ်ဘေးရှောင်ရတဲ့ လူထုတွေရဲ့ အသက်တွေ၊ နေအိမ်တွေ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ရင်း လက်နက်ကြောင့် မဟုတ်တောင် သဘာဝရာသီဥတုဒဏ်၊ ဆေးဝါးကုသမှုမရရှိမှုကြောင့် အသက်ဆုံးရှုံးကြရတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ ရဲ့ အသက်တွေက တန်ဖိုးကြီးမားပြီး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ၊ နည်းဗျူဟာ ရှိမနေတဲ့ တဖွဲ့ချင်းရဲ့ သဘာဝအလျောက်ပေါ်လာတဲ့ စစ်ပွဲကို ဆင်နွှဲသလို ဖြစ်နေမယ့် သဘောလည်း ဖြစ်ပါတယ်။
တခြားကမ္ဘာ့နိုင်ငံတွေက ပြည်တွင်းစစ်လိုမျိုးထက် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစက ဖြစ်ပွားတဲ့ ပြည်တွင်းစစ်ကို နမူနာယူမယ်ဆို ယူစရာ သင်ခန်းစာတွေ အများကြီးရှိနေတာ ဖြစ်ပါတယ်။ အဲဒီခေတ်က လက်နက်ကိုင် အဖွဲ့တွေရဲ့ နိုင်ငံရေးဦးတည်ချက်တွေနဲ့ သူတို့ ပေါ်ပေါက်လာတဲ့ သဘောသဘာဝ မတူဘူးလို့ ဆိုနိုင်ပေမယ့်လည်း ယနေ့လက်ရှိခေတ် လက်နက်ကိုင် အဖွဲ့တွေအားလုံးလည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှ ပေါ်ပေါက်လာကြတာမဟုတ်ဘဲ အချို့က အဲဒီအချိန်ကာလကတည်းက လက်နက်ကိုင် အဖွဲ့ကို ဆက်ခံသယ်ယူလာတဲ့ ကေအန်ယူလို အဖွဲ့မျိုး၊ ဖဆပလနဲ့ မဆလ ခေတ်မှာပေါ်ပေါက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ စစ်အစိုးရလက်ထက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့အချို့ပါဝင်နေတာ ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဘုံရည်မှန်းချက် ရှိကြတယ်လို့ဆိုပေမယ့် ဖက်ဒရယ်ထက်ပို လွတ်လပ်တဲ့ ကွန်ဖက်ဒရေးရှင်းလိုမျိုးကို ရည်မှန်းချက်ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေလည်း ရှိတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
နိုင်ငံရေး ရည်မှန်းချက် အမျိုးမျိုး၊ မတူတဲ့ စစ်ရေးနည်းနာ၊ စစ်ကောင်စီ ဆန့်ကျင်တဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား မိမိတို့လူမျိုး အခြေစိုက်နေထိုင်ကြတဲ့ နယ်မြေနဲ့ လက်နက်ကိုင် တိုက်ခိုက်စိုးမိုးခဲ့တဲ့ နယ်မြေစသဖြင့် စာနဲ့ပေနဲ့ ရေးမထားတဲ့ စာချုပ်မချုပ်ဆိုထားတဲ့ နယ်မြေသတ်မှတ်ချက်တွေကို ချဲ့ထွင်လာတာမျိုးမှာ စစ်ကောင်စီ ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေအချင်းချင်း အကြားမှာ ပဋိပက္ခတွေ ပေါ်ထွက်လာတာမျိုးကိုလည်း ကြိုတင်ကာကွယ်ထားနိုင်ဖို့လိုပါတယ်။
ဒီအရာတွေက နိုင်ငံရေးအရ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဆောင်ရွက်မှု၊ သဘောတူညီမှုနဲ့ စစ်ရေး မဟာဗျူဟာ တခုတည်းအောက်မှာ လှုပ်ရှားမှုအတွက် မရှိမဖြစ်တဲ့ လိုအပ်ချက်တွေ ဖြစ်နေတာကို သတိပြုကြဖို့ လိုအပ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar