Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၄ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၄ )

(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၂၃

23/11/23

Diary in the darkness


ရခိုင်က ပေါက်တောမြို့ကို AA က ပြန်သိမ်းနေတဲ့ ဗီဒီယို တက်လာတယ်။ စစ်ကောင်စီ အရာရှိ အလောင်းက ပစ္စတိုကို တော်လှန်ရေးတပ်သားတယောက်က သိမ်းယူနေပုံ၊ စစ်ကောင်စီတပ်သားများ အတုံးအရုံး သေနေပုံ၊ စစ်ကောင်စီက ဓားစာခံဖမ်းသွားတဲ့ ရခိုင်ပြည်သူ ၁၀၀ ကျော် ပြန်လည်လွတ်မြောက်လာပုံတွေကို ရိုက်ပြထားတာပါ။ 

၂၁ ရက်နေ့ မနက်ပိုင်းမှာ ပျောက်သွားတဲ့ သင်္ဘောနှစ်စီးဟာ AA က သိမ်းယူသွားတာဖြစ်တယ်လို့ သတင်းတက်လာတယ်။ 

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်တာ ၁၀ ရက်ကြာကာလအတွင်း စစ်ကောင်စီ စခန်းပေါင်း ၄၀ ကျော်ကို သိမ်းနိုင်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ 

လောင်းကစားဂိုဏ်း၊ ကျားဖြန့်ဂိုဏ်း ခေါင်းဆောင် လီကျိန်းချန် (ခ) ဦးလျိုအားပေါက် ဟာ မြန်မာပြည်မှာ လူပုဂ္ဂိုလ်ဆိုင်ရာ အမြင့်ဆုံးဘွဲ့ လို့ လူသိများတဲ့ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတရေ ဘွဲ့ကို ရရှိထားသူလို့ သိရပါတယ်။ ခုတော့ တရုတ်က တောင်းလို့ပေးလိုက်ရပြီတဲ့။ မင်အောင်လှိုင်က မူးယစ်ခေါင်းဆောင်တွေ၊ လောင်ကစားဒိုင်တွေကို အဆင့်မြင့်ဥပါသကာဂုဏ်ရည်ဘွဲ့ ချီးမြှင့်ခဲ့တဲ့ပုံတွေလည်း အင်တာနက်သတင်းတွေမှာ မြိုင်မြိုင်ဆိုင် ဆိုင် ဖော်ပြနေကြပါတယ်။

အထူးခြားဆုံးသတင်းကတော့ စစ်ကောင်စီ‌ ကျောထောက်နောက်ခံပြုထားသူတွေက တရုတ်သံရုံးရှေ့မှာ တရုတ်ကို ကျူးကျော်သူအဖြစ် စွပ်စွဲပြီး ဆန္ဒပြတဲ့ သတင်းပါ။ စစ်ကောင်စီဟာ သူ စစ်ရှုံးနေရတာဟာ တရုတ်က တော်လှန်ရေး အင်အားစုတွေကို ထောက်ခံခဲ့လို့ ဖြစ်တယ်။ သူတို့ ညံ့လို့မဟုတ်ဘူးလို့ သူ့လူတွေကို အယုံသွင်းလိုဟန်ရှိပါတယ်။ ရလဒ်ကတော့ စစ်ကောင်စီဟာ သံတမန်စစ်မျက်နှာမှာ ဝက်ဝက်ကွဲအောင် ရှုံးသွားပြီဆိုတာ ဝန်ခံလိုက်သလို ဖြစ်သွားပါပြီ။

မင်းအောင်လှိုင် ညံ့ချက်ကတော့ အံ့ဩကုန်နိုင်ပါပဲ။ 

လမ်းထဲက စစ်ဆရာဝန်တစ်ယောက်ကတော့ ကော့ကရိတ်မြို့မှာ ပိတ်မိနေလို့ သူ့အိမ်ကလူတွေ ပြာလောင်ခတ်နေကြတယ်လို့ လမ်းသူလမ်သားတွေ တိုးတိုးတိတ်တိတ် ပြောနေကြတယ်။ 

ညဘက်ဆွဲလေ့ရှိတဲ့ ရပ်ကွက်ထဲ့က အငှားယာဉ်လည်း ည ၆ နာရီဆို မထွက်တော့ဘူး။ လမ်းမှာ အခြေအနေမကောင်းဘူး၊ လူသွားလူလာ နည်းသွားတယ်လို့ ဆိုပါတယ်။ 

ရပ်ကွက်ထဲမှာ ဟိုနားတစု ဒီနားတစု စစ်ရေးအခြေအနေတွေကို တိုးတိုးပြောနေကြတယ်။ သူတို့က နောက်နှစ်ဆို ပြည်သူတွေ အောင်ပွဲရတော့မယ်လို့ ခန့်မှန်းနေကြတယ်။ စစ်တပ်က ကျောင်းမှာတပ်စွဲထားတော့ ကလေးတွေ ရပ်ကွက်ထဲမှာ ပျော်ပျော်ပါးပါး ကစားနေကြတယ်။

သူငယ်ချင်းတစ်ယောက်က စစ်ကိုင်းတိုင်းတော်လှန်ရေး အင်အားစုတွေက စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ CRSH ရဲ့ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့ အကြောင်းကြေညာချက်ကို မက်ဆင်ဂျာကတဆင့် လှမ်းပို့ပါတယ်။ 

အနာဂတ် မြန်မာပြည်အတွက် ဥပဒေရေးဆွဲရေးကို စိတ်ဝင်စားကြတာ စိတ်ဝင်စားစရာပါ။ 

အောင်ပွဲနီးလေလေ တိုက်ပွဲက ပြင်းလေလေပါ။ 

အချောင်သမားတွေ ကိုယ့်ဘက်ကို ပါလာတာ အားတက်စရာပါ။ ဒါပေမဲ့ အချောင်သမားတွေ ဦးဆောင်တဲ့နေရာကနေ ပါလာရင်တော့ နောက်ထပ် တော်လှန်ရေးတွေ ပေါ်လာရဦးမှာပါ။ 

တောင်ထိပ်က သစ်ပင်ဖျားဟာ လေပြင်းဒဏ်ကို ပိုခံရပါတယ်။

အန်ကယ် တူမီး

၂၃ /၁၁ /၂၃


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar