Breaking News

ကျင်စန်းကျော့ ကုန်ကားဝင်းအတွင်း ဗုံးချခံရပြီး မီးလောင်၊ လောက်ကိုင်မှာ စစ်ဘေးရှောင်ကားတစီး လက်နက်ကြီးထိမှန်ပြီး လူ ၆ ဦးထက်မနည်း သေဆုံး

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၃ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၂၃

ကျင်စန်းကျော့ ကုန်ကားဝင်းအတွင်း ဗုံးချခံရပြီး မီးလောင်၊ လောက်ကိုင်မှာ စစ်ဘေးရှောင်ကားတစီး လက်နက်ကြီးထိမှန်ပြီး လူ ၆ ဦးထက်မနည်း သေဆုံး 

ရှမ်းမြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေး ရဲ့  တိုက်ပွဲတွေ၊ ပိတ်ဆို့မှုတွေ နဲ့ လက်နက် ကိုင်တပ်တွေတပ်စွဲထားတဲ့နေရာတွေကို တဖက်က တိုက်ခိုက်တာတွေက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သလို မြို့တချို့နဲ့ ရှမ်းမြောက်ရဲ့ အဓိကကျတဲ့ မြို့တွေနဲ့ နယ်စပ်ကုန်သွယ်ရေး နေရာတွေကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေက ပိတ်ဆို့ခံထားရဆဲဖြစ်သလို တိုက်ခိုက်မှုတွေကြောင့် နစ်နာဆုံးရှုံးမှု အရပ်သားသေဆုံးမှုတွေလည်း မြင့်တက်လာတာ ဖြစ်ပါတယ်။ 

နိုဝင်ဘာ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေထဲ ထင်ရှားတဲ့ ဖြစ်ရပ် ၂ ခုက တော့ လောက်ကိုင်မြို့ ကနေ စစ်ဘေးရှောင်ဖို့ကြိုးစားတဲ့ စစ်ဘေးရှောင်ကားကို လက်နက်ကြီးကျယ် တည့်တည့်ထိမှန်ပြီး စစ်ဘေးရှောင် အနည်းဆုံး ၆ ဦးထက်မနည်းအသက်ဆုံးရှုံးခဲ့တဲ့ အဖြစ် အပျက် နဲ့ မူဆယ် ကျင်စန်းကျော့ ကုန်ကားဝင်းထဲ ဒရော့ပ်ဗုံးကျရာက ကုန်တင်ကား ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ 

စစ်ပွဲတွေဖြစ်ပွားလာတဲ့အခါ တဖက်ရန်သူကို အနိုင်ရဖို့ရာမှာ နည်းလမ်းအမျိုးမျိုး အသုံးပြုကြရာမှာ လက်နက်ကြီးနဲ့ ရန်သူရှိရာကိုပစ်ခတ်ပြီး တဖက်ရန်သူအနေနဲ့ နေရာယူထားတဲ့နေရာကနေ ဆုတ်ခွာအောင်၊ သို့မဟုတ် လက်နက်ကြီးထိမှန်မှုကြောင့် ရန်သူသေဆုံးပြီး အင်အားနည်းပါးသွားအောင် စစ်ရေးတိုက်ခိုက်မှုအနေနဲ့လုပ်ဆောင်ကြတာဖြစ်ပြီး လက်နက်ကြီးက ရည်ရွယ်တဲ့ ပစ် မှတ်အပေါ် ဘယ်လောက်ထိတိကျစွာထိမှန်နိုင်မလဲဆိုတာ အရေးကြီးတဲ့မေးခွန်းတခုလည်း ဖြစ် လာပါတယ်။ အကွာအဝေးနဲ့ ဦးတည်တဲ့အရပ်မျက်နှာကိုသာချိန်ရွယ်ပြီး ရန်သူလက်နက်ကိုင်အဖွဲ့က ဘယ်နေရာမှာ ဘယ်လိုနေရာယူထားတယ်ဆိုတာ တိတိကျကျ မသိနိုင်ကြတဲ့အနေအထားမျိုးမှာ ပစ်ခတ်တိုက်ခိုက်နေကြတဲ့သဘောလည်း ဖြစ်ပါလိမ့်မယ်။ နေ့စဥ်လိုလို ကြားသိ ဖတ်ရှုနေရတဲ့ သတင်းတွေထဲ လက်နက်ကြီးကျည် ကျရောက်လို့ အရပ်သား ဘယ်နှဦး အသက်ဆုံးရှုံးပြီး ဘယ်နှဦး ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းက ရာနှုန်းအားဖြင့် အတော်များများပါဝင်နေတာ ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေကို ဦးတည်ပစ်ခတ်ပေမယ့်လည်း တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေက မြို့တွေ ရွာတွေအနီးမှာ သို့မဟုတ် မြို့အစပ်နဲ့ မြို့ရွာထဲမှာ ဖြစ်ပွားနေတာမို့လို့ အဲဒီဒေသမှာ နေ ထိုင်သူတွေ၊ စွန့်ခွာဖို့ အချိန်မမီသူတွေ၊ စွန့်ခွာနိုင်တဲ့အခြေအနေမရှိသူတွေ စတဲ့ အရပ်သားတွေ ထိခိုက်သေဆုံးနေကြရတာ ဖြစ်ပါတယ်။ 

အခုအဖြစ်အပျက်ကတော့ သီတင်းပတ်နဲ့ချီ ပိတ်ဆို့ခံထားရတဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့ ကနေ ဘေးလွတ်ရာတိမ်းရှောင်ဖို့ ကြိုးစားနေတဲ့ စစ်ဘေးရှောင်ကားတစီးကို လက်နက်ကြီးကျည် ထိမှန်ပြီး အနည်းဆုံး ၆ ဦး သေဆုံးတယ်လို့ သတင်းတပုဒ်မှာ ဖော်ပြခဲ့ပြီး အခြားသတင်းတပုဒ်မှာတော့ ၁၄ ဦး သေဆုံးသွားတယ်လို့လည်း ဖော်ပြထားတာ ဖတ်ရှုရပါတယ်။ အဝတ်အစားနဲ့ ပစ္စည်းပစ္စယတွေတင်ဆောင်ထားတဲ့ ကားတစီး လမ်းပေါ်မှာ ထိမှန်ပျက်စီးနေတဲ့ ပုံ၊ လက်နက်ကြီး ထိမှန်ခံရတဲ့ သူတချို့ လမ်းမပေါ်မှာ လဲကျသေဆုံးနေတဲ့ ပုံတွေနဲ့ဖော်ပြထားတာတွေ့ရပါတယ်။ မြို့ကို တိုက်ခိုက်သိမ်းယူမယ်လို့ ကြေညာထားတဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ မြို့ကို လက်ရှိ ထိန်းချုပ်ထားတဲ့ စစ်ကောင်စီရဲ့ မဟာမိတ် ကိုးကန့် နယ်ခြားစောင့်တပ်၊ စစ်ကောင်စီတပ်တို့အကြား မကြာခင်ရက်ပိုင်းအတွင်း ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တဲ့ စိုးရိမ်မှုနဲ့ ပိတ်ဆို့ခံထားရတဲ့ လောက်ကိုင်မြို့မှာ ရိက္ခာ၊ အစားအသောက်နဲ့ နေစရာပါ အခက်အခဲရှိလာတာကြောင့် ပြည်မဘက်က အလုပ်သွားရောက်လုပ်ကိုင်ကြတဲ့သူတွေက ထောင် သောင်းချီ စစ်ဘေးရှောင်ဖို့ ကြိုးစားနေကြရာက အခုလို လက်နက်ကြီးထိမှန် သေဆုံးကြရတာ ဖြစ်ပါတယ်။ အငတ်ဘေး၊ အသက်ဘေး နှစ်မျိုးစလုံးတပြိုင်နက်တည်း ရင်ဆိုင်နေကြရတဲ့အနေအထားမျိုးမှာ စစ်ဘေးရှောင်သူ ထောင်သောင်းချီ ကျန်ရှိနေတဲ့သဘော ဖြစ်ပါတယ်။ သောင်းဂဏန်းနဲ့ ချီတဲ့ သူတွေ ဝ နယ်ဖြတ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းဘက်ကို ရောက်ရှိလာကြတာရှိပေမယ့် လောက်ကိုင်မြို့မှာလည်း ထောင်သောင်းချီကျန်ရှိနေသေးတဲ့အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ 

အငတ်ဘေး၊ အသက်ဘေး ၂ မျိုးက လွတ်မြောက်ဖို့ ကြိုးစားနေကြတဲ့ စစ်ဘေးရှောင် သေဆုံးမှု သတင်းအပြင် နောက်သတင်းတပုဒ်ကတော့ အသက်ဆုံးရှုံးမှုမရှိခဲ့ပေမယ့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အဓိက အစည်ကားဆုံး မူဆယ်မြို့အနီးက ကုန်ကားဝင်းတခုထဲမှာ တပ်စွဲနေတဲ့ စစ်ကောင်စီ တပ်တွေကို မြောက်ပိုင်း ညီနောင် လက်နက်ကိုင် အဖွဲ့ဘက်က ဒရော့ပ်ဗုံးနဲ့ ချပြီး တိုက်ခိုက်ရာမှာ သီတင်းပတ်ချီ ရပ်နားထားတဲ့ ကုန်ကားတွေအပေါ် ကျရောက်ပြီး မီးလောင်ကျွမ်းခဲ့လို့ ကုန်တွေ တင်ဆောင်ထားတဲ့ ကား အစီးတရာကျော် မီးလောင် ပျက်စီးခဲ့တဲ့ သတင်းဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ သတင်းဌာန အချို့က စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီး နဲ့ ပစ်ခတ်လို့ ကျရောက်တယ်လို့ ရေးသားဖော်ပြကြပေမယ့် ရှမ်းမြောက် အခြေစိုက် ရွှေဖီမြေ သတင်းဌာနက ဖော်ပြတဲ့သတင်းနဲ့ ဘီဘီစီ မြန်မာပိုင်းက သတင်းမှာတော့ ကားဝင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တဖက် မြောက်ပိုင်းညီနောင်သုံးဖွဲ့ဘက်က ဒရော့ပ်ဗုံးနဲ့ ချတိုက်ခိုက်ရာက လောင်ကျွမ်းခဲ့တာလို နယ်ခံ သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြခဲ့ကြတာ တွေ့ရပါတယ်။ 

ဒီဖြစ်ရပ်က လူသေဆုံးမှုမရှိသော်လည်း ပျက်စီးဆုံးရှုံးမှု များပြားတဲ့ဖြစ်ရပ်တခု ဖြစ်ပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့ စတင်ကတည်းက မူဆယ် မန္တလေး ကားလမ်းတလျှောက် တိုက်ပွဲတွေ ဖြစ်ပွားပြီး တရုတ်နိုင်ငံဘက်က တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ မူဆယ် ကားဝင်းထဲမှာ ရပ်နားထားကြရာက အခုလို မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တလပြည့်ဖို့ ရက်အနည်းငယ်သာ လိုတဲ့ အနေအထားမှာ မြို့ ၇ မြို့ကို မြောက်ပိုင်း ညီနောင် မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့က သိမ်းယူထားပြီး တရုတ်မြန်မာ ကုန်သွယ်ရေး နဲ့ ရှမ်းမြောက် ဒေသရဲ့ အဓိကမြို့တွေကို ဆက်သွယ်ထားတဲ့ ကားလမ်းကို ပိတ်ဆို့ထားတာ ၊ တံတားတွေ ဖျက်ဆီးထားတဲ့ အနေအထားဖြစ်ပြီး လောင်စာဆီ၊ ဆန်၊ နဲ့ အခြားသော စားသောက်ကုန် ဆေးဝါးတွေ အဆမတန် ဈေးမြင့်တက်ပြီး ဒေသခံတွေအနေနဲ့  အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ဖို့ထက်ကို အသက်ဘေး မကျရောက်အောင် တိမ်းရှောင်နေထိုင်နေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar