Breaking News

တန့်ဆည်မှာ PDF တွေ မြို့သိမ်းဖို့ ကြိုးစားပြီ တိုက်ပွဲပြင်းထန်၊ တိုင်းမှူးဟောင်းတယောက်ကို ပြည်ပမှာ ပြန်လည်ခေါ်ယူပြီးစစ်ဆေး


မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၉ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၂၃


တန့်ဆည်မှာ PDF တွေ မြို့သိမ်းဖို့ ကြိုးစားပြီ တိုက်ပွဲပြင်းထန်၊ တိုင်းမှူးဟောင်းတယောက်ကို ပြည်ပမှာ ပြန်လည်ခေါ်ယူပြီးစစ်ဆေး

စစ်ကိုင်းတိုင်း တန့်ဆည် မြို့ကို PDF တွေ တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က အပြင်းအထန် ခုခံနေရတဲ့ အနေအထားလို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်တွေမှာ ဖေါ်ပြထားတာတွေမှာ တွေ့ရပါတယ်။ ဘီဘီစီ မြန်မာပိုင်း သတင်းမှာတော့ တန့်ဆည်မြို့ ရဲစခန်းကို PDF တွေက သိမ်းယူဖို့ အပြင်းအထန် တိုက်ခိုက်နေတာလို့ ဖေါ်ပြထားပါတယ်။ စစ်ကိုင်းတိုင်း အနောက်မြောက်ဘက်မှာရှိတဲ့ မြို့နယ်မြို့တမြို့ဖြစ်တဲ့ တန့်ဆည်မြို့ အနီးတဝိုက်က ကျေးရွာတွေဟာ ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း စစ်ကြောင်းထိုးပြီး ကျေးရွာက နေအိမ်တွေ ဘုရားကျောင်းတွေ မီးရှို့ဖျက်ဆီးသွားတာ၊ ပီဒီအက်ဖ် အဖွဲ့ဝင်၊ အားပေးကူညီသူ ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သတ်ဖြတ်ခံရတာတွေ တကြိမ်ပြီး တကြိမ်ခံနေကြရတဲ့ နေရာဒေသတွေ ဖြစ်ပါတယ်။ အချို့ရွာတွေမှာတော့ စစ်ကောင်စီ ထောက်ခံသူနဲ့ PDF ထောက်ခံသူ စသဖြင့် အုပ်စုကွဲနေကြတဲ့ အဖြစ်မျိုးလည်း ရှိတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။ စစ်ကောင်စီက သတ်ဖြတ်မှု အများဆုံးကျူးလွန်တာဖြစ်ပြီး အရေအတွက်အနည်းငယ်မျှသော အရပ်သားသတ်ဖြတ်ခံရမှုတွေက PDF လက်နက်ကိုင် အဖွဲ့တွေက ကျူးလွန်တာဖြစ်တယ်လို့လည်း အဆိုပါ ဒေသခံက ဆိုပါတယ်။ ကျေးရွာတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ အခုအခါ တန့်ဆည်မြို့ကို သိမ်းယူဖို့ကြိုးစားကြတဲ့ အခြေအနေမျိုး ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ 




ဒီနေ့ အဖို့ နောက်ဆုံးရ တိုက်ပွဲသတင်းတွေအနက် မတူပီမြို့နယ်က ရေဇွာမြို့ကို ချင်းကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းယူလိုက်တယ်ဆိုတဲ့ သတင်း၊ ကိုးကန့်ဒေသမှာတော့ ကုန်းကြမ်းဒေသက တပ်ရင်းတရင်း လုံး ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA ထံ လက်နက်ချတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ကိုးကန့်နယ်က တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီ အနေနဲ့ နောင်ချို ဂုတ်တွင်းကတက်လာတဲ့ စစ်ကူယာဥ်တန်းက သီပေါကို မကျော်နိုင်ဘဲရှိရာက ယမန်နေ့ကတော့ ကျောက်မဲထိ နောက်ပြန်ဆုတ်သွားရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ထွက်ပေါက်တွေကို ပိတ်ဆို့ပြီး တိုက်ခိုက်မယ်လို့ သတင်းထွက်နေတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အကြီးဆုံးမြို့ လောက်ကိုင်ကိုတော့ တိုက်ခိုက်တာ မရှိသေးပါဘူး။ လောက်ကိုင်မြို့မှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိင်ငံ အခြားမြို့တွေက ထောင်သောင်းနဲ့ ချီ အလုပ်သမားတွေ ဝ နယ်ကို ဖြတ်သန်းတာ၊ သိန္နီမြို့ကို ရှောင်ကွင်းကာ ရှမ်းပြည်မြောက်ပိုင်း မြို့တွေဆီ ပြန်လာနေကြတဲ့ သတင်းတွေလည်း ဆိုရှယ်မီဒီယာမှာ ဖော်ပြထားကြပါတယ်။ 

လားရှိုးမြို့ အဝင်တိုးလ်ဂိတ်ကို ယမန်နေ့က စတင်ရောက်ရှိလာကြပြီး စစ်ကောင်စီဘက်က မြို့ဝင်ခွင့်ရဖို့ မြို့ခံတဦးဦးရဲ့ အမည်၊ လိပ်စာ ဆက်သွယ်ဖို့ ဖုန်းနံပါတ် စတာတွေ ပေးနိုင်မှ မြို့တွင်း ပေးဝင်တယ်လို့ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ 



လောက်ကိုင်မြို့က ထွက်ခွင့်ရဖို့ သီတင်းပတ်အတန်ကြာ စောင့်ဆိုင်းနေခဲ့ကြရတဲ့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူတွေ အနေနဲ့ ဆိုင်ကယ်၊ ကား၊ ခြေကျင် အသီးသီး ပြန်လာခဲ့ကြရသလို အချို့သောသူတွေအနေနဲ့ ၃/၄ ရက်တာအတွင်း ထမင်း မစားခဲ့ကြရတဲ့ အဖြစ်မျိုးကြုံရတာ၊ ဆိုင်ကယ်တွေ ပျက်တဲ့အခါ တောလမ်းတွေ မောင်းနှင်လို့ မရတော့တဲ့အခါ လမ်းမှာ စွန့်ပစ်ခဲ့ကြရတယ်လို့လည်း ခက်ခဲကြမ်းတမ်းတဲ့ အတွေ့အကြုံတွေကို ပြန်လည်ပြောပြထားကြတာ တွေ့ရပါတယ်။ 

ဒီဖြစ်ရပ်တွေ ကြားသိရ၊ ဓာတ်ပုံတွေ မြင်တွေ့ရတဲ့အခါ ဒုတိယကမ္ဘာစစ်ဖြစ်ပွားစဥ်က အင်္ဂလိပ် ဆုတ်ခွာစဥ် အရပ်သားတွေပါ တိမ်းရှောင်ကြရတဲ့ အဖြစ်အပျက်မျိုး နဲ့ အလားသဏ္ဍာန် တူညီတဲ့ အဖြစ်အပျက်တွေလို့ နှိုင်းယှဥ်တွေးမိစရာ ဖြစ်ပါတယ်။ 

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ အနှံ့အပြားမှာ တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်လို့ အခုလို လူသောင်းနဲ့ချီ လောက်ကိုင်ကနေ မိုင်ရာနဲ့ချီတဲ့ ခရီးကို ထွက်ပြေးတိမ်းရှောင်ရတဲ့ အဖြစ်အပျက်ကို ဒီဒေသမှာ အုပ်ချုပ်ရေးကို တာဝန်ယူထားတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေး လုံခြုံရေးတွေ အနေနဲ့ ဘာမှ စီစဥ်ဆောင်ရွက်တာမျိုး မတွေ့ရပါဘူး။ တားဆီးတာ၊ အန္တရာယ်ကြီးကြီးမားမား မပေးရင်ကိုပဲ တော်သေးတယ်ဆိုတဲ့ အနေအထားမျိုး မှတ်ယူကာ သောင်းနဲ့ချီတဲ့ လောက်ကိုင်က ပြန်လာသူတွေအဖို့ လမ်းတလျှောက်က မြို့ခံတွေ ကူညီမှုအချို့နဲ့ နေရပ်ကို ပြန်ဖို့ကြိုးစားနေကြရတာ ဖြစ်ပါတယ်။ 

ဒီနေ့ မြန်မာနိုင်ငံရဲ့ အနေအထားကို ခြုံကြည့်ရင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ တောင်ကြီး၊ ပုသိမ် စတဲ့မြို့တွေမှာတော့ တိုက်ပွဲဖြစ်ပွားတာတွေ မရှိသေးပေမယ့် ပြည်နယ်တွေ တိုင်းတွေအတော်များများမှာ လက်နက်ကိုင် တိုက်ပွဲတွေ၊ မြို့တွေ၊ စစ်စခန်းသိမ်းယူတာတွေ တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးကျည်ကျပြီး အသက်ဆုံးရှုံးမှု၊ ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ ရှားပါးမှုတွေကို တပြိုင်နက်တည်း ရင်ဆိုင်နေကြရတာ ဖြစ်ပြီး ဝင်ငွေရဖို့ အသက်ရှင်သန်စားသောက်နေထိုင်ဖို့ထက် အသက်ဘေးလွတ်အောင် အိမ်တွေ၊ ပိုင်ဆိုင်မှုတွေ ထားရစ်ခဲ့ပြီး ပြေးနေကြရတဲ့ အနေအထားဖြစ်ပါတယ်။ 




မကြာခင် လတွေ၊ သီတင်းပတ်တွေအထိ စစ်ဘေးရှောင်ရလိမ့်မယ်လို့ မျှော်လင့်မထားတဲ့ မြို့တွေမှာ ခုနေခါ စစ်ဘေးရှောင်နေကြရပြီဖြစ်ပါတယ်။ မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ တလျှောက်က မြို့တွေအနေနဲ့ မြို့ကနေ စစ်ဘေးတိမ်းရှောင်ရမယ်လို့ မကြာခင် အချိန်တွေအထိ တွေးမထားခဲ့ကြပေမယ့် သီတင်းပတ် အနည်းငယ်အတွင်း ပြောင်းလဲသွားတဲ့ အခြေအနေတွေကြောင့် တမြို့ပြီးတမြို့ စစ်ဘေးတိမ်းရှောင်လာနေကြရတာ ဖြစ်ပါတယ်။ 

ခုလို ပြည်တွင်းမှာ တိုက်ပွဲတွေ နေရာအများအပြား ဖြစ်ပွားနေချိန်၊ စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာနေချိန်မှာ စစ်ကောင်စီ အနေနဲ့ ၄င်းတို့ရဲ့ စစ်ဗိုလ်ချုပ်တွေကို ဖမ်းဆီး စစ်ခုံရုံးတင် အပြစ်ပေးတာတွေရှိသလို  မကြာခင်က ဗိုလ်ချုပ်ကနေ သံအမတ်အဖြစ် ခန့်အပ်ထားသူတွေ စစ်တိုင်းမှူးဟောင်းတဦးကို ပြည်ပက ပြန်လည် ခေါ်ယူပြီး စစ်ဆေးမေးမြန်းနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် မြောက်ပိုင်းတိုင်းနဲ့ အရှေ့တောင်တိုင်းတို့မှာ တိုင်းမှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် (ငြိမ်း) မြတ်သက်ဦးကို ခေါ်ယူစစ်ဆေးနေတယ်လို့ ဘီဘီစီ မြန်မာပိုင်း သတင်းမှာ ဖော်ပြထားပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန်ယူစဥ်မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေကို ဖြတ်ပြီး PDF တွေထံ လက်နက်ခဲယမ်းတွေ ရောက်ရှိခဲ့တဲ့ ဖြစ်ရပ်တွေအတွက် မကြာခင်လပိုင်းက ဗိုလ်ချုပ် ကိုကိုမောင်နဲ့ အခြားစစ်အရာရှိတွေကို ဖမ်းဆီးစစ်ဆေးကာ ဗိုလ်ချုပ်ကိုကိုမောင်ကို ထောင်ဒဏ်ချမှတ်ခဲ့ပြီးမကြာခင် အခုလို ၄င်းတာဝန်မယူခင် တိုင်းမှူးဖြစ်ခဲ့တဲ့ မြတ်သက်ဦးကိုပါ ခေါ်ယူစစ်မေးနေတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ အခုလို စစ်မျက်နှာ အများအပြားနဲ့ ရန်သူဝိုင်းဝိုင်းလည်နေချိန်မှာ ၄င်းတို့ စစ်ဗိုလ်ချုပ်တွေအဆင့်ထိကို စစ်ဆေးမှု ဖမ်းဆီးမှု ပြစ်ဒဏ်ပေးမှုတွေကိုပါ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒီလို အရေးယူမှုတွေက စစ်တပ်ထဲက စစ်အရာရှိကြီးတွေအကြား နောက်ကျောမလုံတာတွေ မယုံမကြည်မှုတွေကို ဖြစ်ပေါ်စေနိုင်တာလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီ ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်အနေနဲ့ ၄င်းရဲ့ စစ်တပ်အတွင်း အာဏာတည်ဆောက်ထားမှုက လုံးဝမလှုပ်ခတ်နိုင်ပဲ ခိုင်မာတယ်လို့ ယူဆကောင်း ယူဆထားတာလည်း ဖြစ်နိုင်ပါတယ်။ ၄င်းရဲ့ ရာထူးနေရာကို ဆက်ခံမယ်လို့ ထင်ကြေးပေးခံရတဲ့ မိုးမြင့်ထွန်းလို သူကိုတောင် ဖမ်းဆီးစစ်ဆေးပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တာဖြစ်လို့ ၄င်းအနေနဲ့ သူ့ရဲ့ အာဏာတည်ဆောက်ထားမှုက ခိုင်မာတယ်လို့ ယူဆကောင်း ယူဆထားတာ ဖြစ်နိုင်ပါတယ်။ 

စစ်ကောင်စီ ခေါင်းဆောင်အနေနဲ့ တဖက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းပေါ်ထွက်လာတဲ့ အမည်အမျိုးမျိုးနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ နဲ့ တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီ ခေါင်းဆောင်တွေ အတွင်းမှာလည်း မိမိလူတွေကို မိမိပြန်အရေးယူ အပြစ်ပေးနေတဲ့ သဘောဖြစ်ပါတယ်။ 

အခုလို ထိပ်ပိုင်း ခေါင်းဆောင်၊ ဒုတိယတန်း စစ်ခေါင်းဆောင်တွေလို့ ဆိုနိုင်တဲ့ တိုင်းမှူးတွေအပေါ် လာဘ်စားလို့ အာဏာအလွဲသုံးစားလုပ်လို့ ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အရေးယူအပြစ်ပေးနေချိန်မှာ  စစ်ကောင်စီတပ်တွင်းမှာ အသက်အသေခံပြီး တိုက်ခိုက်ကာကွယ်မယ့် စိတ်ဓာတ်ပိုင်းဖြတ်မှုတွေ ကျဆင်းလာနေတာ လတ်တလော ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ တပ်ရင်းအလိုက် လက်နက်ချတဲ့ အဖြစ်အပျက်တွေက သက်သေပြနေတာ ဖြစ်ပါတယ်။ 

မင်းအောင်လှိုင်အနေနဲ့ သူ့အရင်မတိုင်ခင် စစ်တပ်ကို ကိုင်ပြီး နိုင်ငံရေးအာဏာ တည်ဆောက်ခဲ့ကြတဲ့ ဗိုလ်ချုပ်တွေဖြစ်တဲ့ နေဝင်း၊ စောမောင်၊ သန်းရွှေ တို့လောက် အစဥ်အလာ အတွေ့အကြုံမရှိဘူးလို့ အကဲဖြတ်နိုင်ပြီး ၄င်းအနေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေက ၁၉၄၉-၅၁ ခုနှစ်လို တနိုင်ငံလုံး ပြည်တွင်းစစ် အနေအထားကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

ထိုစဥ်ကတော့ ပြည်တွင်းစစ်ကို နိုင်အောင် ပြန်လည်တိုက်ခိုက်ခဲ့ကြတာ ဗမာ့တပ်မတော်ရဲ့ တောမခိုတဲ့ တပ်ရင်းတွေ၊ တိုင်းရင်းသား သေနတ်ကိုင်တပ်ရင်းတွေနဲ့ လူထုထောက်ခံမှု အားကောင်းတဲ့ ဖဆပလအဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေ၊ ဗိုလ်လင်္ကျာ အစရှိတဲ့ ခေါင်းဆောင်တွေရဲ့ သံတမန်ရေး နိုင်ငံရေး ဦးဆောင်မှုကလည်း ၁၉၄၉-၅၁မှာ သူပုန်တွေလက်ထဲက မြို့တွေပြန်လည် သိမ်းယူနိုင်ဖို့ အရေးပါခဲ့တာ ဖြစ်ပါတယ်။ ခုအနေအထားကတော့ လူထုအကြား နိုင်ငံရေးအရ ထောက်ခံမှု ဆုံးရှုံးနေတဲ့ အနေအထား နဲ့ စစ်တပ်ကို မုန်းတီးရွံရှာကြတဲ့ လူထုရာခိုင်နှုန်းက ၁၉၄၉-၅၁ နဲ့ မနှိုင်းယှဥ်သာလောက်အောင် များပြားတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar