Breaking News

အကိုကြီးညီ - “သိက္ခာ”


အကိုကြီးညီ - “သိက္ခာ”

(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၂၃


မကြာသေးမီက ရှေ့တန်းက မပြန်ရ၍ စစ်ဆရာဝန်တစ်ဦး မိမိကိုယ်ကို sucide လုပ်သွားကြောင်း ဖတ်မိရသည်။ နောက်တန်းအထိုင်တွင်ရှိသော စစ်ဆရာဝန်များမှာ ဘွဲ့များ တခုပြီးတခုယူပြီး ကန်သာယာဆေးရုံနှင့် အခြားပုဂ္ဂလိကဆေးရုံများတွင် ထိုင်ပြီး ငွေရှာကောင်းနေချိန်တွင် ရှေ့တန်းပြီးရှေ့တန်းသွားနေရသော စစ်ဆရာဝန်များမှာ ဘယ်အချိန် ဘာဖြစ်သွားမလဲ မသိ စိုးထိတ်မှုများစွာနှင့် နေကြရပေသည်။ ဆေးတပ်တွင်သာမက အခြားလက်ရုံးတပ်များ၊ ခြေလျင် ခြေမြန်တပ်များတွင်လည်း မညီမျှမှုများမှာ အတူတူပင်။

နေပြည်တော် စစ်ရုံးနှင့် တိုင်းစစ်ဌာနချုပ်များရှိ အရာရှိ အရာခံ အကြပ် စစ်သည်များ၊ စရဖများ မှာနေရာ အပြောင်းအရွှေ့ လာဘ်ပေးလာဘ်ယူမှုများနှင့် ရွှေတွဲလွဲ ငွေတွဲလွဲ ဖြစ်နေကြချိန်တွင် ရှေ့ တန်း စစ်မျက်နှာများရှိ မျက်နှာမွဲ အရာရှိ အရာခံ အကြပ် စစ်သည်များမှာ “စစ်ဌာနချုပ်များမှကျွေးသော မြန်မာပြည် ကာကွယ်မည်၊ သာသနာကာကွယ်မည် ဂျင်းများသောက်လျက် နေရာပေါင်းစုံမှ တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးတပ်ပေါင်းစုများ၏ ထိုးစစ်များကြောင့် မရှုမလှ အသက်ပေးနေကြရချေပြီ။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်ကား ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ အကြည့်မပျက် ချေ။

တဖက်တွင်လည်း ဗိုလ်ချုပ်ညိုစော၏ မယားညီအကို ဆုတင်မှတဆင့် US အပါအဝင် နိုင်ငံအချို့တွင် ယင်းတို့၏ ပိုင်ဆိုင်မှုများကို စတင်လျှို့ဝှက်ရွှေ့ပြောင်းနေကြချေပြီ။ ဒုချုပ်စိုးဝင်း မယားပါသား နှစ်ယောက် ဖြစ်သော ဝင်းထူး တို့ညီအကိုသည်လည်း အားကျမခံ ရွှေ့ပြောင်းနေကြချေပြီ။ ဒူဘိုင်း အိမ်ခြံမြေစျေးကွက်၊ထိုင်း၊ စင်္ကာပူစျေးကွက်တွင် စစ်ဗိုလ်ချုပ်များ၊ လက်ဝေခံခရိုနီများမှာ ခါတော်မီ ခပ်သွက်သွက် အဝယ်ထွက်ကြချေပြီ။ စစ်တပ်ကို ဗန်းပြပြီး စီပွားရှာနေသော ခရိုနီများ၊ စစ်တပ်လော်ဘီများကြောင့် ဗမာ့တပ်မတော်သည်ကား အဖတ်ဆယ်မရတော့ချေ။

တခါ စစ်သားဖြစ်လျှင် အမြဲ စစ်သားဖြစ်သည် ဂျင်းမိနေကြသော စစ်သားလူထွက်များ၊ စစ်အိုများ မှာ တချို့မှာ အသံပင် ပြာလျက်၊ မနေတတ်မထိုင်တတ်သော အချို့မှာ တမလွန် ထွက်ခွာနေကြချေပြီ။

စစ်တပ် လော်ဘီ ဆိုသူများမှာ တကယ်တော့ စစ်တပ်ကို ချစ်သည်ဆိုတာထက် ငွေနှင့် လုပ်ပိုင်ခွင့်အချို့အတွက် လော်ပေးနေကြခြင်းသာ။ စစ်ထဲ ဝင်ဆိုလျှင် ဟိုလိုလိုဒီလိုလို ရှောင်သွားကြပေလိမ့်မည်။ ဘူမသိ ကိုးမသိ မျိုးချစ်အစွန်းရောက်များ၊ ဘာသာရေးအစွန်းရောက်များသာ စစ်တပ် စွန့်ကြဲသော မီးကျိုးမောင်းပျက်များ ကိုင်ရင်း ပြည်သူ့စစ်အဖြစ် တော်လှန်ရေးနယ်မြေများတွင်အသက်ပျောက်နေကြသည်ကို တွေ့မြင်နိုင်ပေသည်။

စစ်တပ်ကို ခုတုံးလုပ်လျက် ဆွေမျိုးအကျိုးစီးပွား တည်ဆောက်နေကြသော စစ်ဗိုလ်ချုပ်များ၊ယခင် စစ်ဗိုလ်ချုပ်ဟောင်းများမှာ ယင်းတို့အကျိုးစီးပွား ကာကွယ်ရန်အတွက် လက်အောက်ခံအရာရှိ စစ်သည်များကို ရာထူးလုပ်ပိုင်ခွင့်အချို့ပေးလျက်၊ ဝါဒမှိုင်းများ သွင်းလျက် အသက်စတေးခိုင်းနေကြ​ချေပြီ။ ပြည်သူ မထောက်ခံသော ဘယ်အဖွဲ့အစည်းမဆို ပြိုကွဲပျက်စီးမည်မှာ သေချာသည်ကို မဝေးသေးသော ကမ္ဘာ့သမိုင်း စာမျက်နှာများတွင် အထင်အရှား တွေ့မြင်နိုင်သည်။ စစ်မီးသည်ကား ဆက်လက်တောက်လောင်ပေဦးမည်။ ခွေးသန်းဗျူဟာကျင့်သုံးနေသော တော်လှန်ရေးတပ်ပေါင်းစုများကြောင့် ခွေးနှင့်တူသော အကြမ်းဖက်စစ်တပ်မှာ ကြာလေကြာလေ လုံးပါး ပါးဖို့သာရှိသည်။

တော်လှန်ရေးသည်ကား မနက်ဖြန် သန်ဘက် ပြီးနိုင်သလို အချိန်တခုလည်း ဖြတ်ချင်ဖြတ်ရနိုင်သည်။ သို့သော် သေချာပေါက် အဆုံးတွင် အောင်ပွဲဆင်ပေလိမ့်မည်။

စိတ်မကောင်းစရာကောင်းသည် ကိုယ်ကျိုးစီးပွား အခြေပြုသော စစ်ဗိုလ်ချုပ်ကြီးများကြောင့်စစ်တပ်ထဲရှိ စစ်သားဂုဏ်ရည်ရှိသော အရာရှိ စစ်သည်အချို့မှာအချိန်ကာလတခုထိ ညှိုးငယ်စွာဖြတ်သန်းရပေဦးမည်။ ရှေ့တိုးမရ နောက်ဆုတ်မရ ယခုကာလတွင် အဓိပ္ပာယ်မဲ့ အသက်ပေးနေရသော အရာရှိစစ်သည်များအနေဖြင့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များထံတွင် အလံဖြူပြသင့်ချေပြီ။ နောက်တန်းရှိ မျက်နှာမွဲ ဗုဒ္ဓဝင်အရာရှိ၊ အရာခံ အကြပ် စစ်သည်များအနေဖြင့် ကင်းစောင့်၊ဖက်ထိပ်၊ လုံခြုံရေးနှင့် အခြားအဓိပ္ပာယ်မဲ့ ညွှန်ကြားချက်များကို စစ်သားခေါင်းစဉ်အောက် ထည့်ပြီး အခိုင်းခံနေရမည့်အစား တပ်က ရအောင် ထွက်သင့်ပေသည်။

ထွက်မရလျှင် ပြေးသင့်ပေသည်။ ထွက်လည်းမရ ပြေးလည်း မပြေးရဲလျှင် အသာမျောပြီး လုပ်ငန်း ကြံ့ကြာအောင် လည်ပတ်မှုနှေးအောင်ပညာပြ လုပ်ဆောင်သင့်ပေသည်။

ပြည်သူ့တံတွေးခွက်တွင် ပက်လက်မျောပြီး စစ်ဗိုလ်ချုပ်ကြီးများ၊ တပ်မှူးများ အခိုင်းခံဘဝ၊မိသားစု အောက်ကျနောက်ကျဘဝမှ အခြားထွက်လမ်းတခုကို ရအောင် လုပ်ဆောင်သင့်ပေသည်။သို့တည်းမဟုတ် လူငယ်အရာရှိ တပ်မှူးများ စုပေါင်းပြီး မင်းအောင်လှိုင်နှင့် ခရိုနီဗိုလ်ချုပ်ကြီးများထံမှ အာဏာပြန်သိမ်းကာ တိုင်းရင်းသားပြည်သူတရပ်လုံး အလိုရှိသော အရာများကို ဆောင်ရွက်ပေးပြီး တိုင်းရင်းသား ပြည်သူလူထု ချစ်မြတ်နိုးမှုရယူလျက် နိုင်ငံရေး၊ စီးပွားရေး၊ တိုင်းရင်းသားအရေးတွင် ဝင်ရောက်မစွက်ဖက်တော့ဘဲ ကာကွယ်ရေးကိုပဲ professional ကျကျ ဆောင်ရွက်ရင်းစစ်တပ်သိက္ခာ ပြန်လည်အဖတ်ဆယ်သင့်ပေသည်။

အကိုကြီးညီ


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar