Breaking News

နေသွင်နိုင်း - နွေတေးဖွဲ့ ဆောင်း

Art by Than Htay Maung
နွေတေးဖွဲ့ ဆောင်း
နေသွင်နိုင်း
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၃

မှတ်ဉာဏ်သားကို ခွဲစိတ်ပြီးတဲ့အခါ
ခါထုတ်ပစ်ရမယ့် နှင်းခါးတွေထဲ
သစ္စာဖောက်တွေရဲ့မျက်နှာ ထည့်ပြီး ရောက်လာသူ

တောင်တန်းတွေရဲ့ အကြောအချဉ်များ
တဖျစ်ဖျစ်ဆွဲညှစ်နေတဲ့ ဆောင်းလက်ဝါး
 'ဆိုလို'တေးသွားနဲ့ သွေးနံ့နှင်းတွေ ကိုက်ခဲနေတဲ့ နှင်းလူဝင်စားဆောင်း။

ဘာမှမလုံခြုံတော့တဲ့ ဝတ်လစ်စားလစ်ဆောင်းဟာ
မိစ္ဆာတွေရဲ့ စာနာမှုမဲ့စစ်ဝတ်အင်္ကျီထဲ မြုံခဲ
စစ်ကျန်မီးစ သစ်ငုတ်တိုမှာ ပျော်စရာကို ရေးထွင်း
ဒုက္ခမိုးကာတဲများဟာ ရွှေ့‌ပြောင်းအလုပ်သမားအဖြစ်
ရေလည်းမကြည် မြက်လည်းမနုတော့။

ဟိုမှာတွေ့လား
ပြတ်ကျသွားတဲ့ ကိုယ့်ခြေ ကိုယ့်လက်တဖက်ကို ကောက်
လှံသွားအဖြစ်ချွန်မြတပ်ဆင်ပြီး
ရန်သူ့ရင်ဝ ထိုးစိုက်နေတဲ့ မျိုးဆက်တခု။

ခွေးတံဆိပ်နဲ့ ရန်သူတွေ ငရဲတွင်းထဲက တက်မလာတဲ့အခါ
ငါတို့ဟာ ငရဲတွင်းထဲ ခုန်ချ
ရန်သူ့ဦးခေါင်းကို နင်းချေလို့
ရန်သူ့သွေးနဲ့ ခြေဆေးကြမှာ
ယုံ။

သမိုင်းဟာ ‌နိုင်သူရေးစတမ်းဆို
နွေဦးသမိုင်းကို ငါတို့ရေးခဲ့တယ်
ဆောင်း။ ။

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar