Breaking News

ခွန်ကကြီး - ပအိုဝ်းမုန့်ဟင်းခါး


ခွန်ကကြီး - ပအိုဝ်းမုန့်ဟင်းခါး

(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၃


စစ်ပွဲဆယ်ရက်မြောက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းလိုက်တာ စခန်း ၁၂၀ ကျော်သွားပြီဆိုတော့ ကျဆုံးစစ်သားလို့ မှန်းလို့ရပါပြီ။

ခုကာလမှာ ရှေ့တန်းပို့တယ်ဆိုတာ သေလမ်းသွားခိုင်းတာလို့ စစ်သားတိုင်း သိပါတယ်။ စစ်သားမိသားစုတိုင်းကလဲ ငါ့လင် ငါ့သား ငါ့အဖေ ပြန်မတွေ့နိုင်တော့ဘူးလို့ နားလည်နေကြပါတယ်။ ဘာ့လို့လဲ ဆိုတော့ ပြန်လဲပေးစရာ စစ်သား မရှိတော့လို့ပါ။

ခေတ်မီလက်နက်အပြည့်အစုံရှိ‌တဲ့ ရှမ်းမြောက်ကို ပို့မယ်ဆိုတော့ ပိုသေချာသွားတာပေါ့။ ရောက်ဖို့မလွယ်သလို ရောက်သွားရင်လဲ ပြန်ရဖို့လုံးဝမဖြစ်နိုင်တော့ဘူးဆိုတာ လုံးဝ သိကြပါတယ်။ ခုဆို ပန်းတောင်ဘက်က ခလရ ၉၂ ဆို ရှမ်းမြောက်ပို့ဖို့ လူစုထားတုန်း ဗိုလ်မှူးတွေနဲ့ စစ်သားတွေထွက်ပြေးသွားကြသတဲ့။

အဲသလို တိုက်ခိုက်ရေး ကျွမ်းကျင်ပါတယ်၊ အကြောမာပါတယ်ဆိုတဲ့ စစ်သားတွေတောင် အသက်မပေးနိုင်လို့  ထွက်အပြေးပြိုင်နေကြတဲ့အချိန်မှာ ပအိုဝ်းပြည်သူ့စစ်ကတော့ ထူးထူးခြားခြား ပအိုဝ်းလူငယ် အူလယ်လယ်လေးတွေကို ရှမ်းမြောက် ပို့ပေးသတဲ့။ ရှမ်းတောင်အစပ် ကရင်နီတိုက်ပွဲထဲထည့်တာတောင် လွန်လှပါပြီ။ တခါလည်း မန္တလေးတိုင်း စဉ့်ကူးသပိတ်ကျင်းဘက်မှာ PNO စစ်သားအလောင်း တွေ့ရတယ်လို့ သတင်းတက်လာဖူးပါတယ်။ ကရင်နီတိုက်ပွဲတွင်းမှာ စစ်တပ်ဘက်က သောက်သောက်လဲ သေကျတယ်ဆိုတာ လူတိုင်း သိပါတယ်။ 

ဘယ်လောက် သေတာဆိုတာ စစ်တပ်က ဘယ်တော့မှ သတင်းမထုတ်ပြန်တော့ ကရင်နီနဲ့တိုက်ပွဲတွေမှာ ပအိုဝ်းစစ်သား ဘယ်လောက် ကျဆုံးနေတယ်ဆိုတာ ဘယ်သူမှ မသိရပါဘူး။ PNO ကလည်း စစ်ရေးသတင်း သီးသန့်သတင်းထုတ်ခွင့် မရှိသလို သူ့စစ်သည် ဘယ်လောက်ထည့်လိုက်လို့ ဘယ်လောက်ကျဆုံးတယ်ဆိုတာ ထုတ်ပြန်ပေးမှာလဲ မဟုတ်ဘူးလေ။ ထုတ်ခဲ့ရင် ပအိုဝ်းတွေက PNO ကို ငါတို့လူငယ်တွေ ဘာအတွက် အသေခံပေးနေရသလဲဆိုတာ မေးခွန်းတွေ ထုတ်လာကြမှာပေါ့။ အဲလိုသာ သတင်းထုတ်မပေးတာ၊ ပအိုဝ်းရွာတွေမှာ ကောက်တဲ့ဆက်ကြေးတွေမှာတော့ ကျည်ဖိုး သေနတ်ဖိုးအပြင် PNO မုဆိုးမတွေအတွက် ဆိုတာ ထူးထူးခြားခြားပါလာပါတယ်။ 

ပအိုဝ်းတွေဟာ နိုင်ငံရေးရည်မှန်းချက်က ဘာလဲ။ ခုဆို ပအိုဝ်းတွေဟာ စစ်အာဏာရှင်အောက်က လွတ်မြောက်ရေး နွေဦးတော်လှန်ရေးတခုလုံးကို လျစ်လျူရှုထားရုံမက ဆန့်ကျင်တိုက်ခိုက်သူဘက်မှာပါတဲ့အတွက် အဲဒီလို ပါဝင်လုပ်ဆောင်မှုက ကိုယ့်လူမျိုးတွေ အဓိပ္ပာယ်မဲ့ အသက်ဆုံးရှုံးရတဲ့အပြင် လူမျိုးစုတခုလုံးအနေနဲ့ပါ ဖယ်ကြဉ်ခံရကိန်းဆိုက်လာ၊ အခြားလူမျိုးစုတွေနဲ့ သမိုင်းကာလတခုထိ ရန်မီးမွေးလာနေပြီ မဟုတ်ပါလား။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar