အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၉ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၉ )
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၃
5/11/23
Diary in the darkness
မနေ့က လောက်ကိုင်မြို့ထဲမှာ ပိတ်မိနေတဲ့ သားသမီးတွေအတွက် စိုးရိမ်နေတဲ့ မိဘ တွေနဲ့ ဖုန်းပြောဖြစ်တယ်။ ကလေးတွေက မြို့ထဲမှာပဲ ရှိသေးတယ်။ စကစ က ရဟတ်ယာဉ်နဲ့ လာခေါ်မယ် ၊ ပိုက်ဆံပေးရမယ်လို့ ဆိုကာ ညှိနှိုင်းနေကြောင်း ပြောပါတယ်။ ပြောရင်းတန်းလန်း လိုင်းပြတ်သွားတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံဘက်ကို သွားရင် နီးပေမယ့် အဲဒီမှာ အခြေအနေမကောင်းဘူးလို့ ဆိုပါတယ်။ တရုတ်ဘက်ရောက်ရင် ဖုန်းတွေ သိမ်းတယ်၊ အစားအသောက်လည်းမလုံလောက်ဘူးလို့ ပြောကြတယ်။ နယ်စပ်မှာ တရုတ်ဘက်ခြမ်းက တရုတ်နယ်မြေထဲ ရောက်နေကြောင်း အသံချဲ့စက်တွေနဲ့ သတိပေးနေတဲ့ ရုပ်သံအပိုင်းအစတွေ လူမှုကွန်ရက်ပေါ်မှာ ပြန့်နေတယ်။ လောက်ကိုင်မြို့ကို ညီနောင်သုံးဖွဲ့က ဝိုင်းထားပြီးဖြစ်နေတယ်။
လားရှိုးမြို့နယ်ထဲက စကစရဲ့ နယ်ခြားစောင့်တပ်စခန်းတွေကိုလည်း ညီနောင်သုံးဖွဲ့ က သိမ်းပိုက်လိုက်တဲ့ သတင်းတွေတက်လာနေတယ်။ စကစရဲ့ ပြည်သူစစ်တွေဟာ ဘိန်း၊ လောင်းကစား စတဲ့ ရာဇဝတ်မှုတွေ လုပ်ကာ ငွေရှာပြီး စကစ တပ်က အရာရှိတွေ ကို ဆက်ကြေးပေးနေရသူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ သူတို့ဟာ တရုတ်ပြည်ဘက်ကို ဆန်၊ ဓာတ်ဆီ၊ တွေမှောင်ခိုသွင်းနေသလို မြန်မာပြည်ဘက်ကို အရည်အသွေးမမီတဲ့ စားသောက်ကုန်တွေ၊ အခွန်မဲ့ပစ္စည်းတွေသွင်းပြီး စီးပွားဖြစ်နေသူတွေ ဖြစ်တယ်လို့ သိရတယ်။ သူတို့ကို စကစ ဗိုလ်ချုပ်တွေက ကျောထောက်နောက်ခံပေးပြီး ကြီမားတဲ့လာဘ်ပေးလာဘ်ယူမှုတွေ လုပ်ကာ ချမ်းသာကြွယ်ဝနေတယ်လို့ သိရပါတယ်။ ဒါကြောင့် လားရှိုးကို ပြောင်းလာတဲ့ အရာရှိဟာ အလာမှာ တုတ်တုတ်ကား နဲ့လာပြီး အပြန်မှာ ဆယ်ဘီးကားနဲ့သယ်ပြီး ပြန်ကြတယ်လို့ အဆိုရှိပါတယ်။
၁၀၂၇ စစ်ဆင်ရေးဟာ အထူးအောင်မြင်နေတယ်။ ဒီမနက်ပဲ ကောလင်းမြို့ကို သိမ်းနိုင်တော့မယ် ဆိုတဲ့ သတင်းတွေ တက်လာပြန်တယ်။ ဒီစစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးနဲ့ ဗျူဟာကျကျ ချိတ်ဆက်ကာ အချိန်ယူပြင်ဆင်ထားတဲ့ စစ်ဆင်ရေးမှန်း သိသာတယ်လို့ ဆိုပါတယ်။ ဒီစစ်ဆင်ရေးဟာ စကစ ရဲ့ စစ်ကျွံမှု အားနည်းချက်တွေကို ကောင်းကောင်းအသုံးချလိုက်နိုင်တယ်လို့ ခန်မှန်းကြပါတယ်။
အခုဆိုရင် မြောက်ပိုင်းစစ်မြေပြင်ကို စစ်ကူသွားတဲ့ စကစ တပ်တွေဟာ လမ်းခရီးမှာပဲ ချေမှုန်းခံနေရတာ အထင်အရှားဖြစ်ပါတယ်။ မြန်မာပြည်စစ်ရေး နိုင်ငံရေး အကဲခတ်တွေကလည်း ၁၀၂၇ စစ်ဆင်ရေးကို ချီးကျူး စကားဆိုကြတယ်။ တနိုင်ငံလုံးက နွေဦးတော်လှန်ရေးသမားတွေကလည်း မိမိတို့ ဒေသတွေမှာရှိတဲ့ စကစ စခန်းတွေကို တပြိုင်တည်း သိမ်းပိုက်နေတဲ့သတင်းတွေကို လူမှုကွန်ရက်ပေါ်မှာ တင်နေကြတယ်။
ကရင်ပြည်နယ်ဘက်မှာ ကော့ကရိတ်ကို KNU မြို့ထဲထိ ဝင်လာတိုက်ခိုက်နေသလို စစ်ကိုင်တိုင်း ကလေးမြို့နယ် ခမ်းပပ်မြို့ကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီ ဆိုတဲ့သတင်တွေ တက်လာပ်တယ်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ စကစ ဟာ အရူးမီးဝိုင်းဖြစ်နေပြီလို့ ဆိုတယ်။ ဗိုလ်ချုပ်ကျောဇောသမီး ဒေါက်တာလှကျော်ဇောကတော့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းရမယ်အချိန် ရောက်ပြီလို့ ဆိုတယ်။ သူ့အင်တာဗျူးတွေဟာ ခါတိုင်းထက် အများကြီး တက်ကြွနေတာကို တွေ့ရတယ်။
ပြည်တွင်းမှာရှိတဲ့သူအချင်းချင်းကတော့ မကြာမီ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ စစ်ရှိန်တွေမြင့်လာတော့မယ်လို့ ခန်မှန်းကြတယ်။ ဆေးဝါးနဲ့ရိက္ခာတွေ သုံးလစာလောက် ဝယ်ထားဖို့ သတိပေးကြတယ်။
စစ်ကိုင်းဘက်က ရွာတချို့ဟာ စစ်ရှောင်တွေကို ကျွေးမွေးဖို့ ချက်ပြုတ်ပြင်ဆင်နေတဲ့ပုံတွေ လူမှုကွန်ရက်ပေါ်မှာ တွေ့ရတော့ နည်းနည်း စိတ်သက်သာရာရတယ်။ ပြည်သူဟာ ပြည်သူကို ကူညီကြတဲ့ အလေ့အထတွေ ထွန်းကားလာတာ ဝမ်းသာစရာပါ။ အဲဒီအလေ့အထနဲ့ စိတ်ဓာတ်တွေဟာ တိုင်းပြည် ပြန်လည်ထူထောင်ရေးအထိ သယ်ဆောင်သွားရမယ့် စိတ်ဓာတ်ပါ။
ခုအချိန်မှာ ပြည်သူအချင်းချင်း ကူညီရင်း မိမိတို့ရဲ့ပျောက်ဆုံးခဲ့ရတဲ့ အိပ်မက်တွေကို ပြန်လည်ရှာဖွေရမယ့်အချိန်ပါ။
နည်းနည်းဒုက္ခရောက်နေသူက များများ ဒုက္ခရောက်နေသူကို တတ်နိုင်တဲ့နည်းလမ်းနဲ့ တတ်နိုင်သလောက် ကူညီနေကြပါတယ်။ တချို့က ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစ္စည်းတွေကတဆင့်ငွေကြေးလှူဒါန်းနေကြသလို အချို့က မိမိတတ်နိုင်တဲ့ ပညာ၊ မိမိတတ်နိုင်တဲ့ လုပ်အားတွေနဲ့ ပံ့ပိုးနေတာတွေ့ရပါတယ်။ ဥပမာ တချို့က ဒုက္ခသည်တွေအတွက် နေစရာ နေရာ တွေဖန်တည်းပေးနေသလို တချို့က စားသောက်ဖွယ်ရာတွေ စီစဉ်ပေးကြပါတယ်။ တချို့က ကလေးငယ်တွေရဲ့ပညာရေးမှာ ပါဝင်ကူညီကြသလို တချို့က ကျန်မာရေးနဲ့ စိတ်ခွန်အားပြည်လည်ပြန်လည်ပြည့်ဝ လာအောင် အားပေး ကူညီကြပါတယ်။
စကစ က အာဏာသိမ်းပြီနောက် အဘက်ဘက်က ပြိုလဲသွားတဲ့ ကျွန်တော်တို့ဟာ တယောက်ကိုတယောက် ဖေးမရင်း ပြန်လည်သန်စွမ်းလာအောင် ကြိုးစားရပါဦမယ်။
ပျောက်ဆုံးခဲ့ရတဲ့ အိပ်မက်တွေကို ပြာပုံတွေကြားမှာ ပြန်လည် ရှာဖွေရပါဦးမယ်။ အောင်ပွဲသတင်းတွေ နားစွင့်ရင်းနဲ့ပေါ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar