၁၀၂၇ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်က ဘာလဲ၊ ဘယ်အထိ ရည်မှန်းတာလဲ
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၅ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၃
၁၀၂၇ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်က ဘာလဲ၊ ဘယ်အထိ ရည်မှန်းတာလဲ
၁၀၂၇ စစ်ဆင်ရေး လို့ အမည်ပေးထားတဲ့ မြောက်ပိုင်း မဟာမိတ် ညီနောင်လက်နက်ကိုင် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး ရည်မှန်းချက်က ဘယ်လောက်ထိ ရည်မှန်းထားသလဲ။ ဒီစစ်ဆင်ရေးက မြောက်ပိုင်းနယ်မြေတွေ အားလုံး လွတ်မြောက်အောင်၊ ထိန်းချုပ်စိုးမိုးထားနိုင်အောင် ရည်ရွယ်ထားသလား။ ဘယ်သူတွေက နောက်ကွယ်က အားပေးအားမြှောက်ပြုသလဲ၊ သို့မဟုတ် ဒီ ၃ ဖွဲ့ကပဲ ၄င်းတို့ဘာသာ၄င်းတို့ ဆုံးဖြတ်ပြီး စတင်တိုက်ခိုက် ကြတာလား။ ဒီလက်နက်ကိုင် ၃ ဖွဲ့အနက် ဘယ်သူက အကျိုးစီးပွားအများဆုံး ရဖို့ ရည်မှန်းထားတာလဲ၊ သို့မဟုတ် ၃ ဖွဲ့လုံးရဲ့ အကျိုးစီးပွား ကိုယ်စီနဲ့ တိုက်ခိုက်ကြတာလား။ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ဒီ စစ်ဆင်ရေးကို ကြိုတင် သိရှိကြသလား၊ သို့မဟုတ် စစ်ဆင်ရေးစတင်ပြီးမှ ပူးပေါင်းပါဝင်ကြတာလား စတဲ့ မေးခွန်းတွေ အများအပြားထွက်ပေါ်လာတာ ဖြစ်ပြီး ဒီမေးခွန်းတွေကို ဘယ်သူမှတော့ အကုန်လုံးမှန်အောင် ဖြေဆိုနိုင်ဖို့ မလွယ်ကူပါဘူး။ ဒီဖြစ်စဥ်ထဲမှာ ကာကယံအဖွဲ့အစည်းတွေ အဖြစ်နဲ့ ပါဝင်နေတဲ့ အဖွဲ့က ခေါင်းဆောင်တွေ တာဝန်ယူထားသူတွေသာ အတော်များများ သိနိုင်မယ့် သဘောလည်း ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ဒီစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ကို ညီနောင် ၃ ဖွဲ့လို့ခေါ်တဲ့ မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့က ထုတ်ပြန်ရာမှာ ၁။ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ ၂။ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ ၃။ မိမိတို့ ဒေသကို မိမိတို့ ယခုထက်ပိုမို ထိန်းချုပ်နိုင်ရေး၊ ၄။ မိမိတို့ အဖွဲ့အစည်းများအပေါ် စစ်ကောင်စီမှ နေ့ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုအပေါ် ဟန့်တားမှု ရရှိနိုင်ရေး၊ ၅။ မြန်မာပြည်သူ တရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ၆။ လက်ရှိ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်း လောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ ၇။ အွန်လိုင်း ဂိမ်း (ကျဖျင့်) ကုမ္ပဏီများနှင့် အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်းနိုင်ရေး ဆိုပြီး ရည်ရွယ်ချက်အားဖြင့် ၇ ချက် ဖေါ်ပြကာ ထုတ်ပြန်ကြေညာ ထားပြီးဖြစ်လို့ ကြေညာချက်ထဲက အပြင် အခြားသော ဘယ်လိုရည်ရွယ်ချက်တွေ ရှိဦးမှာလဲလို့ စောဒက တက်ကောင်း တက်နိုင်ပါတယ်။
ဒီရည်ရွယ်ချက် ၇ ချက်အနက်မှာ မိမိတို့ဒေသ မိမိတို့ ယခုထက်ပိုမို ထိန်းချုပ်နိုင်ရေး ၊ မိမိကိုယ် မိမိ ခုခံကာကွယ်နိုင်ရေး စတာတွေက အဓိကကျတဲ့ လက်တွေ့ကျတဲ့ ရည်ရွယ်ချက်တွေ ဖြစ်ပြီး ကျန်အချက်အလက်တွေက နိုင်ငံရေးအရ စည်းရုံးရေးအရ ဝါဒဖြန့်ချိမှုအရ ထည့်သွင်းထားတာလို့ မှန်းဆရပါတယ်။
ဒီအဖွဲ့ ၃ ဖွဲ့ အနေနဲ့ မှာ ကိုးကန့်လက်နက်ကိုင် အဖွဲ့နဲ့ TNLA အဖွဲ့ ၂ ဖွဲ့က ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ အခြေစိုက်ကြတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ကြသလို လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့က အခြေခံနယ်မြေလည်း ရှိကြတာဖြစ်ပါတယ်။ တတိယ အဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်တော် အနေနဲ့က ရခိုင်ပြည်နယ်က ၄င်းတို့ရဲ့ အခြေစိုက်နယ်မြေဖြစ်ပြီး စတင် တည်ထောင်တဲ့ ဒေသဖြစ်တဲ့ ကချင်ပြည်နယ် လိုင်ဇာမှာတော့ ကေအိုင်အေရဲ့ အကူအညီ၊ သဘောတူညီမှုနဲ့ အေအေ အနေနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ရှိသလို၊ တိုင်းရင်းသား လက်နက်ကိုင် ဒေသအချို့မှာ မဟာမိတ်အနေနဲ့ အေအေရဲ့ လက်နက်ကိုင် အင်အားတချို့ ဖွဲ့စည်းကာ ပူးပေါင်းလှုပ်ရှားနေကြတာ ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးကို စတင်တိုက်ခိုက်ကြတဲ့ ညီနောင် လက်နက်ကိုင် ၃ ဖွဲ့ အနေနဲ့ ကေအိုင်အေ နဲ့ ဘယ်လောက် ထိ သဘောတူညီမှု သို့မဟုတ် အခုစစ်ဆင်ရေးကို ကေအိုင်အေရဲ့ အကျိုးစီးပွား နဲ့ ရည်ရွယ်ချက်ပါ ပါဝင်နေတာလားဆိုတဲ့ အချက်ကလည်း နိုင်ငံရေးလေ့လာသူတွေ အကြား သိရှိလိုတဲ့ မေးခွန်းတခု ဖြစ်နေတာပါ။ ကေအိုင်အေ အနေနဲ့ လိုင်ဇာ၊ ဖားကန့်၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ထိစပ်တဲ့ ဒေသတွေမှာ စစ်ကောင်စီနဲ့ ရင်ဆိုင်နေသလို စစ်ကောင်စီက မြစ်ကြီးနား ဗန်းမော်ကားလမ်း ၊ လိုင်ဇာအဝင် လမ်းကြောင်းတွေကို လွန်ခဲ့တဲ့ ၄/၅ လ ခန့်ကတည်းက တပ်တွေရွှေ့ပြီး တိုက်ပွဲတွေ ကြိုကြားကြိုကြား ဖြစ်လာတာကို အကဲခတ်ကြည့်ရင် ကေအိုင်အေက သူ့ရဲ့ ဌာနချုပ်နယ်မြေတွေကို ခြိမ်းခြောက်လာတဲ့ စစ်ကောင်စီကို နောက်တနေရာမှာ စစ်မျက်နှာ ဖွင့်လှုပ်ရှားစေခြင်းအားဖြင့် လိုင်ဇာ၊ ဗန်းမော် ဖားကန့် စတဲ့ ဒေသတွေကမှာ အသာစီးရအောင် တိုက်ဖို့ လွယ်ကူစေလိုတဲ့ ရည်မှန်းချက် ရှိသလားဆိုတာတည်း တွေးဆစရာ အချက်တချက် ဖြစ်ပါတယ်။
မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးကို ဘေးက စောင့်ကြည့်နေတဲ့ အဖွဲ့တွေအနက် ရှမ်းလက်နက်ကိုင် အဖွဲ့တွေ ပါဝင်နေတာ အသေအချာဖြစ်ပြီး အဲဒီအဖွဲ့တွေ အနေနဲ့ ဘယ်လို သဘောထားရှိလဲဆိုတာတော့ လူသိရှင်ကြား ထုတ်မပြောပေမယ့်လည်း နယ်မြေ စိုးမိုးမှုအရ၊ လူမျိုးစုနေထိုင်မှုအရ စိုးရိမ်မှုတချို့ ရှိကောင်းရှိနေမှာ အသေအချာဖြစ်ပါတယ်။ သို့မဟုတ် ဒီစစ်ဆင်ရေး မလုပ်ဆောင်မီကတည်းက ညီနောင် လက်နက်ကိုင် ၃ ဖွဲ့အနေနဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့တွေကို အသိပေး သဘောတူညီမှု ယူထားတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အခု စစ်ဆင်ရေးမှာ နယ်ချင်းထိစပ်နေတဲ့ ဝ ပြည်က အာဏာပိုင်တွေကတော့ ဒီပဋိပက္ခမှာ စစ်ကောင်စီဘက်ကရော၊ မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့ဘက်ကိုပါ ဘယ်ဘက်ကမှ ပါဝင်မှာ မဟုတ်ကြောင်း ၄င်းတို့ရဲ့ နယ်မြေပိုင်နက်ကို အသုံးပြုခွင့်ပေးမှာ မဟုတ်သလို ဝင်ရောက်လာတဲ့ ဘယ်အဖွဲ့မဆို ပြတ်ပြတ်သားသား တိုက်ထုတ်သွားမယ်လို့လည်း အသိပေးကြေညာ ထားပါတယ်။ ဝ ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့အနေနဲ့ ဒီလက်နက်ကိုင် စစ်ဆင်ရေးတွေမှာ ပေါ်ပေါ်ထင်ထင် မပါဝင်သော်လည်း မကင်းရာ မကင်းကြောင်း လက်နက် အကူအညီ စတာတွေ ရှိနိုင်သလားဆိုတဲ့ ယူဆမှုတွေလည်း ရှိနေပေမယ့် ဝ အဖွဲ့အနေနဲ့တော့ လူသိရှင်ကြား ဘာမှ အကူအညီပေးတာတွေ လုပ်ဆောင်မှာမဟုတ်တာ ရှင်းလင်းတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။
ရှင်းလင်းမြင်သာတဲ့ အချက်တချက်ကတော့ မန္တလေးတိုင်းကနေ ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်သန်းထားတဲ့ ကုန်သွယ်ရေး လမ်းကြောင်းကို အခု လက်နက်ကိုင် ၃ဖွဲ့က ခြိမ်းခြောက်နိုင်တဲ့ အချက်ဖြစ်ပါတယ်။ နယ်မြေအားဖြင့် ကျယ်ပြန့်ပြီး ပထဝီအနေအထားအရ သွားလာရေး ခက်ခဲတာ အချိန်တိုအတွင်း တနေရာနဲ့ တနေရာကို မြန်မြန်ဆန်ဆန် သွားလာနိုင်ခြင်းမရှိတာဟာ ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ ဝိသေသ အနေအထားဖြစ်ပြီး ဒီအချက်တွေက ညီနောင် လက်နက်ကိုင် ၃ ဖွဲ့ကို အားသာစေတာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ တရုတ်နဲ့ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဟာ အခွန်အကောက်အတွက်ရော အခြားသော အကြောင်းအချက်တွေအရပါ အရေးပါတဲ့ ဒေသဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ နယ်စပ်ဒေသတွေ အစွန်အဖျားတွေ၊ သွားလာရေး ခက်ခဲတဲ့၊ သယံဇာတ ကြီးကြီးမားမား မရှိတဲ့ ဒေသတွေကို လျစ်လျူရှုထားကောင်း လျစ်လျူရှုထားနိုင်ပေမယ့် အခုလို တရုတ်-မြန်မာ အခွန်အကောက်နဲ့ ၄င်းတို့အတွက်အရေးကြီးတဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကိုတော့ လက်လွတ်ခံဖို့ ဆန္ဒရှိမှာ မဟုတ်တာ သေချာပါတယ်။
ဒီအနေအထားမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်ကောင်စီ အကြား တဖက်ဖက်ကို အားသာအောင် ချိန်ခွင်လျှာ အပြောင်းအလဲဖြစ်စေနိုင်တဲ့ အခွင့်အလမ်းဟာ တရုတ်နိုင်ငံရဲ့ လက်ထဲမှာ ရှိတယ်လို့ ဆိုမယ်ဆို ဆိုနိုင်တာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ နယ်စပ်အားဖြင့် ဝင်ထွက်ခွင့်၊ နယ်စပ်ဒေသတွေနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ ရိက္ခာ၊ လက်နက်၊ အကူအညီ စတဲ့အချက်တွေက အဆုံးအဖြတ်ဖြစ်စေနိုင်တဲ့ အချက်တွေ ဖြစ်နေတာကြောင့် တရုတ်နိုင်ငံက အခုလက်နက်ကိုင် တိုက်ပွဲတွေကို စစ်ကောင်စီ နဲ့ အပေးအယူ လုပ်အသုံးချမလား သို့တည်းမဟုတ် လက်နက်ကိုင် အဖွဲ့တွေကို အသာရအောင် ကူညီမလားဆိုတာ မကြာခင် အဖြေပေါ်လာလိမ့်မယ်လို့ ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar