Breaking News

လှကျော်ဇော - ဗမာပြည်ကြီးရဲ့ အနာဂတ်ပုံရိပ်


လှကျော်ဇော - ဗမာပြည်ကြီးရဲ့ အနာဂတ်ပုံရိပ်

(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၂၃


ယာယီသမ္မတ ဆိုတဲ့ တံဆိပ်ကြီးကပ်ပေးပြီး သူခိုးသေဖော်အညှိခံထားရတဲ့ (စစ်ဗိုလ်ချုပ်ဟောင်း) ဦးမြင့်ဆွေက (သူတို့စစ်အုပ်စုရဲ့ မရိုးနိုင်တဲ့ အကြောင်းပြချက်ကြီးလည်း ဖြစ်တဲ့) 'တိုင်းပြည်ကြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားနိုင်တယ်'လို့ အခုနောက်ဆုံး ကျင်းပသွားတဲ့ ကာလုံ အစည်းအဝေးမှာကယောင်ကတမ်း ပြောလာတာ တွေ့ရပါတယ်။

တကယ်တော့ တိုင်းပြည်ကြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်ပြီး စည်းလုံးညီညွတ်ရေး ပြိုကွဲနေတာ ကြာလှပါပြီ။ တိုင်းပြည်ကြီး ပြိုကွဲမှာစိုးလို့ဆိုပြီး ဗမာ့တပ်မတော်ကြီးက ၀င်ကယ်ခဲ့ရတယ်ဆိုတာကလည်း အကြိမ်ရေ မနည်းတော့ပါဘူး။ တခါ ဝင်ကယ်ရင် စစ်ဗိုလ်ချုပ်သူဌေးကြီး  မျိုးဆက်တဆက် ပေါ်လာလိုက်၊တိုင်းပြည်ကြီးက ဆင်းရဲတွင်း တချီ ကျသွားလိုက်နဲ့၊ နောက်ဆုံးကမ္ဘာ့အလယ် အရှက်တကွဲ အကျိုးနည်း ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံအဖြစ် ဒေဝါလီခံလိုက်ရပါတော့တယ်။ စစ်ဗိုလ်ချုပ်ကြီးများကတော့ ဆွေစဉ်မျိုးဆက် စားမကုန်အောင် ချမ်းသာသွားကြပါတယ်။

တိုင်းပြည်ကြီးကို အခုလိုဖြစ်အောင် လုပ်ခဲ့တဲ့ တကယ့် တရားခံအစစ်ဟာ ဘယ်သူလဲ။

အခုတော့ ပြည်သူတွေအမြင်မှာ ရှင်းသွားပါပြီ။

အခုနောက်ဆုံး ပေါ်လာတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူတွေက သင်ခန်းစာနှစ်ရပ်ကို ကောင်းကောင်းဆုပ်ကိုင်ထားကြပါတယ်။

၁။ ဗမာပြည်ရဲ့ လက်ရှိ ခံစားနေရတဲ့ ဒုက္ခအဖုံဖုံဟာ စစ်အာဏာရှင်စနစ်မှာ မြစ်ဖျားခံတယ်။ ဒီစစ်အုပ်စု ရှိနေသရွေ့ ဗမာပြည်ကြီး မငြိမ်းချမ်းနိုင်ဘူး။ မဖွံ့ဖြိုး မတိုးတက်နိုင်ဘူး။ ဒါ့ကြောင့် 'ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်' ရမယ်။

၂။ ဒီစစ်အာဏာရှင်ကို တိုက်တဲ့အခါ တဦးကောင်း တယောက်ကောင်း တဖွဲ့ကောင်းနဲ့ မရနိုင်ဘူး။ စစ်အာဏာရှင်ကို မကြိုက်တဲ့၊ လက်မခံနိုင်တဲ့ လူတွေအားလုံး (လူမျိုးမရွေး၊ ဘာသာမရွေး-အတွေးအခေါ်  အယူအဆ မရွေး-ဒေသမရွေး။) အကုန်စုပေါင်းပါဝင်ပြီး ဟန်ချက်ညီစွာ တိုက်မှရမယ် ဆိုတာပါ။

တကယ်တော့ ဒါတွေဟာ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့က စခဲ့တဲ့ စစ်အာဏာရှင်စနစ် တိုက်ပွဲစဉ်ကြီးအတွင်း သဏ္ဌာန်အမျိုးမျိုးနဲ့ တိုက်ပွဲများ အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့ပြီး အကြိမ်ကြိမ် ရှုံးနိမ့်မှုများကနေ ပြည်သူများက ရရှိလိုက်တဲ့ နိဂုံးချုပ်ချက်များပါ။

ဒါကြောင့် ဒီရရှိချက် သင်ခန်းစာတွေကို စွဲကိုင်ပြီး အခုတဆင့်တက် ဆင်နွှဲလိုက်ကြတဲ့ (၁၀၂၇) စစ်ဆင်ရေးနဲ့ တပြိုင်နက် ဒေသအသီးသီးရဲ့ စစ်ဆင်ရေးကြီးအတွင်းမှာ ထွက်ပေါ်လာတဲ့ အောင်ပွဲသတင်းများကို တွေ့ရ ကြားရတဲ့အခါ၊ ဒီတချီပွဲကတော့ ဗမာတပြည်လုံးအနှစ်(၆၀)ကျော်ဆင်နွှဲခဲ့တဲ့ စစ်အာဏာရှင်စနစ် တိုက်ပွဲကြီးကတော့ အောင်ပွဲရောင်ခြည်သန်းလာပြီးလို့ ပြောနိုင်လာပါပြီ။

နိုဝင်ဘာ ၂၇ ရက်နေ့က သတင်းကွန်ရက်အမျိုးမျိုးကနေ တက်လာတဲ့ သတင်းတွေ၊ သတင်းဓာတ်ပုံတွေ၊ ဗွီဒီယိုအခွေလေးတွေကို ကြည့် ဗမာပြည်ကြီးရဲ့ ရှေ့အနာဂတ် ပုံရိပ်တွေ ထွက်လာပြီလို့ သီကြူးနိုင်ပါတော့တယ်။




အဲဒါကတော့ စစ်ဆင်ရေးများအတွင်း လောက်ကိုင်မှာ ပိတ်မိနေတဲ့ ဗမာပြည်အရပ်ရပ်က (ညီနောင်တပ်ဖွဲ့များက စစ်ဆင်ရေး ရပ်ပေးထားလို့) အဲဒီမှာ လာအလုပ်လုပ်နေတဲ့ ပြည်သူများ နေရင်းပြန်ကြရာမှာ လမ်းတလျှောက် လုံခြုံရေးယူပေးတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ ၀နယ်၊ မိုင်းလားဒေသ စတာတွေ ဖြတ်တော့ ဒေသခံများက စစ်ဘေးရှောင်များကို အစားအသောက် အ၀တ်အစားတွေ ပေးလှူရုံမက တချို့ဒေသများကဆို ခြေကျင်လျှောက် ပြန်လာရသူများကို ကားတွေနဲ့တောင် လိုက်ပို့ပေးသတဲ့။

ဒါ့အပြင် အဲဒီဒေသတွေမှာ စစ်ဘေးရှောင်ပြည်သူများကို ထောက်ပံ့ရန် ဆိုပြီး အလှူခံရာမှာ အသက် (၇-၈) နှစ် ကလေးလေးတွေကအစ သူတို့မုန့်ဖိုးလေးတွေ ပေးလှူနေတဲ့ပုံများလည်း တင်ပေးထားတာ တွေ့ရပါတယ်။

ကျွန်မတို့ ဗမာပြည်ကြီးက တိုင်းရင်းသား ပြည်သူတွေ ရင်းနှီးချစ်ကြည်နေကြပုံများ။

သေချာတာကတော့ ဒင်းတို့ စစ်ဗိုလ်ချုပ်တွေ မရှိတော့ရင် 'သွေးခွဲမယ့်သူများလည်း မရှိတော့၊ ဗမာပြည်ကြီးရဲ့ စီးပွားရေးကိုလည်း မောင်ပိုင်စီးထားမယ့်သူများလည်း မရှိတော့တဲ့အတွက်' အေးအတူ-ပူအမျှ ဗမာပြည်သူတွေအားလုံး (အခုလို) စိတ်ချမ်းသာ ပျော်ရွှင်စွာနေရတော့ မယ်' ဆိုတဲ့ နိမိတ်ပုံပါပဲ။ ဘယ်လိုလုပ် အစိတ်စိတ်အမြွှာမြွှာကွဲနိုင်မှာလဲ။

ကဲ... ကျွန်မတို့အားလုံး တညီတညွ့တ်တည်း ဗမာပြည်ကြီးကို နည်းလမ်းပေါင်းစုံနဲ့ ဒုက္ခဆင်းရဲတွေ ပေးခဲ့တဲ့ ဒီစစ်အာဏာရှင် စနစ်ကြီးကို ဝိုင်းဖြိုဖျက်ကြပါစို့။

ဗမာပြည်ကြီးရဲ့ အနာဂတ်ပုံရိပ်ကို မြင်နေရပါပြီ။

ဒီအတွက် ခရီးလမ်းတလျှောက် အမျိုးစုံ စွန့်လွှတ်ခဲ့ကြတဲ့၊ စွန့်လွှတ်နေကြဆဲ၊ ပြည်သူ့သူရဲကောင်းအပေါင်းအား အလေးအနက် ဦးညွတ်အလေးပြုလျှက်။

                           



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar