Breaking News

လင်းလက်နွေဦး - ဂစ်တာလွမ်းချင်း

ဂစ်တာလွမ်းချင်း
လင်းလက်နွေဦး
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၂၃

ကျ‌နော်က ၁၉၈၀ ခုနှစ်မွေးဆိုတော့၊ ကျနော့်အရွယ်ဝန်းကျင်တွေနဲ့ ကျနော့်ထက်ကြီးတဲ့သူတွေ ကတော့ မှတ်မိမှာပါ။ အဲဒီဝန်းကျင်တုန်းက ‘ဂစ်တာ’ဆိုတဲ့ တူရိယာလှိုင်း ကောင်းကောင်းရိုက်ခက်နေချိန်။ ကျနော်မွေးလာချိန်မှာ အဲလိုဂစ်တာကြီး တဒေါင်ဒေါင်ခေါက်တဲ့ ဝမ်းကွဲအစ်ကိုတွေကြား၊ ဆံပင်ဂုတ်ထောက်နဲ့ ကက်ဆက်အကျယ်ကြီးဖွင့်တတ်တဲ့ အစ်ကိုတွေ... ‘ညတုန်းကတွေ့ရတဲ့ ကောင်မလေး တယောက်’ ပျောက်သွားတာ ဆက်မရှာတော့ဘဲ ကိုသိန်းနိုင်နဲ့ မပုလဲတို့ဟာ နယ်စပ်တနေရာကို ‌ရောက်သွားပေါ့။ လူမှန်း မသိတသိအချိန်‌ ရောက်တော့လည်း ဒီဂစ်တာတွေက လက်တကမ်းပါပဲ။ သူတို့တတွေ ဂစ်တာတီးတာ နားထောင်တယ်၊ လူလဲပေမယ့် အလဲမရတဲ့ဂစ်တာလေး၊ ဘယ်အချိန် ထိခွင့်ကိုင်ခွင့်ရမလဲပေါ့။ ဂစ်တာ တီးတတ်တဲ့လူတွေက တယောက်တမျိုး တီးခတ်သွားကြ၊ သီဆိုအော်ဟစ်သွားကြ၊ ကျနော်ဟာ အတန်းထဲမှာ ဒုတိယသီချင်းအရဆုံးလူ ဖြစ်ခဲ့ပါတယ်။ ပထမကတော့ ကိုယ်ပိုင်ကက်ဆက် ရှိတဲ့ သူငယ်ချင်းတယောက်ပါ။

မှတ်မှတ်ရရ အစိုးရဝန်ထမ်းဘဝနဲ့ ရှမ်း/တောင်ဘက် တာဝန်ထမ်းဆောင်နေတုန်းက ဆိုင်ရှင်အစ်မ ကြီးတယောက်ပြောတာ အမှတ်ရသေးတယ် ‘ဆရာက ဘာပြောပြော သီချင်းထဆိုတော့တာပဲနော်’တဲ့။ သူတို့ ပြောသမျှထဲက စကားလုံးတွေပါတဲ့သီချင်းတွေ ထ ထ ဆိုပြနေတာကိုး။ ဥပမာပေါ့၊ ‘ဆရာ အိမ် မလွမ်းဘူး လား’ မေးလာရင်...’၊ ‘ရထားဥဩသံလေးများကြားရင် အိမ်ပြန်ချင်တဲ့စိတ်က တားမရဘူး...’လို့ ကောက်ဆို ပြလိုက်တာပဲ။ အမြဲတမ်းအဲလို ဖြစ်ဖြစ်သွားတော့ ရွာခံတွေက ပြောပြီပေါ့။ သူတို့လည်း သိပါတယ်၊ ကျနော်က ဂစ်တာရူးဆိုတာ။ သူတို့ရွာကို ဝင်လာတုန်းက ဂစ်တာကြီးပိုက်ပြီး ဝင်လာတာလေ။ သူတို့ရွာရဲ့ တယောက် တည်းသော တက္ကသိုလ်ကျောင်းသားတောင် ကျနော့်ဆီ တဒေါင်ဒေါင် လာခေါက်နေတာကိုး။

ဂစ်တာကို ခုံမင်တယ်။ သီချင်းတွေကို စွဲလန်းတယ်။ ရွာမှာ ဂစ်တာပိုင်တဲ့အိမ်က နှစ်အိမ်မပြည့်ပါဘူး။ ဒါကြောင့် ကျနော့်အစ်ကိုတွေအိမ်မှာ အမြဲလူစည်တယ်။ ဂစ်တာလာတီးတဲ့ အဲလူပျိုတွေကြားမှာ အငယ်ဆုံး ဝါသနာရှင်လေးအဖြစ်နဲ့ ဟိုလူက တစ်ကွက်သင်၊ ဒီလူက တစ်ကွက်သင်၊ လက်ခတ်တွေကလည်း မျိုးစုံပေါ့ ဗျာ၊ သူတို့ သန်သလို တွယ်နေကြတာ။ ဒီသီချင်းကို ဒီလို တီး၊ ဒါက ဒီလိုကိုင်နဲ့ပေါ့၊ ကျနော်ဟာ အတန်းထဲမှာ ပထမဆုံးဂစ်တာတီးတတ်တဲ့လူ ဖြစ်လာပါတယ်။ ‌‌‌ရောင်းကော့ဒ်နဲ့ တီးလို့ရတဲ့ သီချင်းတွေပေါ့။ အဲတုန်းကဆို ရင်... ချစ်နေမယ်တို့ ကောင်မလေးတို့ ပိုင်စိုးမှုဧကရီတို့ပေါ့ဗျာ။ ‘မင်း ဘယ်လမ်းသွားသွား မင်းနောက်က လိုက် လို့နေမယ်...’ဆိုတာလေ၊ ဆိုဖူးတယ် မဟုတ်လား။ ငယ်ချစ်ဆိုတာ ‘လက်ဖက်ရည်’လို့ ‌‌ရေးခဲ့ဖူးတယ်၊ ခုမှ ပြန် စဉ်းစားမိတယ်၊ အဲဒီစာကို ပြန်ပြင်ရတော့မယ်၊ တကယ့်ငယ်ချစ်က ‘ဂစ်တာ’။

၈၀ ခုနှစ်ဖွားတွေနဲ့အတူ ဂစ်တာကို ခုံမင်လာခဲ့ရာကနေ ၉၈ခုမှာ ဆယ်တန်းအောင်တော့ တက္ကသိုလ်တွေဘာတွေရောက်တော့မှ တခြားတူရိယာတွေကို တွေ့လာတယ်။ မသင်ပါဘူး၊ ကိုယ့်မှာ ဂစ်တာ ရှိနေတာပဲ။ ဆယ်တန်းအောင်တော့ ဂုဏ်ပြုခံရတဲ့အနေနဲ့ အိမ်က ဂစ်တာဝယ်ပေးတယ်။ အဲဒီဂစ်တာကို သူငယ်ချင်းတယောက်နဲ့အတူ မန္တလေးမြို့ပေါ်ထိတက်ပြီး ဦးဘချစ်တူရိယာဆိုင်ကနေ ဝယ်လာခဲ့တာ။ ဂစ်တာကြိုးတောင် ‘တင်-အောင် တင်-အောင်’လောက်နဲ့သာ ညှိတဲ့ကလေးနှစ်ယောက်၊ ဖလက်တံကော့နေလို့ ကီးမိအောင် အတင်းဖိရတဲ့ ရွာဘုံဂစ်တာအိုကြီးကိုသာ တီးခဲ့ရတဲ့ ကလေးတွေ၊ အဲဆိုင်‌‌‌‌ရှေ့ သစ်ပင်ရိပ်မှာ တယောက်တလှည့် တီးခဲ့ကြတယ်။ ဘယ်သူ့မှ ဂရုမစိုက်ဘဲပေါ့။ အဲဒီခေတ်က ခေတ်စားဆုံး စစ်ကိုင်းအိုးလေး၊ တက္ကသိုလ်တက်လည်း ပါ၊ အလုပ်ဝင်တော့လည်း ပါ... အမြဲတမ်းအဖော်လေး။

အနာဂတ်တွေ မျှော်လင့်ချက်တွေအားလုံး ရိုက်ချိုးခံခဲ့ရတဲ့ အာဏာသိမ်းမှုကြီးကြောင့် မိသားစုနဲ့အတူ ရွာပြန်လာခဲ့တယ်။ မိသားစုဦး‌‌ရေထဲမှာ အဲဒီဂစ်တာလေးလည်း ပါတယ်။ ပျော်လို့ပဲဖြစ်ဖြစ်၊ အထက်က ဖိဟောက်လို့ စိတ်ညစ်လို့ပဲ ဖြစ်ဖြစ်၊ ခဏတာ လွမ်းရတဲ့အခါပဲဖြစ်ဖြစ်... နေ့တိုင်းလိုလို ကောက်တီးမိတဲ့ကောင်လေး။  စွန့်လွှတ်ခဲ့တဲ့ တာဝန်၊ ဝတ္တရားတွေနဲ့အတူ ဝင်ငွေလမ်းကြောင်းတွေပါ စွန့်လွှတ်ခဲ့ရတယ်။ စွန့်လွှတ်ခဲ့ရရုံလားဆိုတော့၊ စွန့်စားခဲ့ရတာတွေလည်း အများကြီး။ ဘာတဲ့ဆို ပြေးရပုန်းရ၊ ရှောင်တိမ်းရ။ အာဏာရူးဆိုတာ ခွေးရူးလိုပဲ၊ အာဏာထိပါးမယ့်အရိပ်အခြေရှိရင် ကြီးသော၊ ငယ်သော၊ ကျားသော၊ မသော စဉ်းစားနေတာ မဟုတ်ဘူးလေ။

‘စီဒီအမ်တွေဖမ်းနေတယ်ဟေ့’ လို့ ကြားရင် ပြေးလိုက်ရ။ ဘယ်ရွာက ဘယ်သူ့ကိုတော့ ဖမ်းသွားပြီ၊ စစ်ကြော‌‌‌ ရေးမှာ ဆုံးသွားပြီ၊ ထောင်ဘယ်နှနှစ်ကျသွားပြီဆိုရင် ‘ဟာ... သူနဲ့ ငါ သိတယ်ဟ၊ တနယ်ထဲ တာဝန် ကျခဲ့တာဟ၊ ငါ့သူငယ်ချင်းဟ’ဆိုပြီး ဂျက်စီဂျိမ်းရတာပဲ။ ရွာ‌ရောက်ရောက်ချင်း ဘာမှမလုပ်ရဲသေးဘူး။ အခြေအနေစောင့်ကြည့်နေရတယ်။ ရွာကလူတွေ ဘယ်လိုတုံ့ပြန်မလဲပေါ့။ တချို့က မေးထူးခေါ်ပြော၊ တချို့က ဝမ်းသာအဲလဲဆိုပေမယ့် ဒလန်ပေါတဲ့ရွာလို့ နာမည်ဆိုးရှိနေတာကိုး။ လအတော်ကြာတော့၊ လက်ရှိ ငွေကလေးက တော် တော်ပါးလိုက်လာတယ်။ ဒါနဲ့ ဆိုင်ခန်းငှားပြီး ဈေးရောင်းကြည့်တော့တယ်။

တနေ့က မုံရွာဘက်က သူငယ်ချင်းက ဖုန်းဆက်လာတယ်။ အတန်းဖော်တွေထဲမှာ မိုက်မိုက်မဲမဲ ‘စီ’ လုပ်တဲ့သူက လက်ချိုးရေလို့ ရတယ်။ ဒီတော့ ဒီကောင်ကြီးက မိုတီယူတာထင်ပါရဲ့၊ ဖုန်း ခဏ ခဏဆက် တယ်။ ကျနော့်ကို ဘာတွေလုပ်နေလဲမေးတော့ ‘ဈေး‌ရောင်းနေတယ်’လို့ ဖြေလိုက်တဲ့အခါ အတော်အံ့အားသင့်သွားတယ်။ လူထဲသူထဲ ဈေးရောင်းရဲတယ်ပေါ့။ နောက်ပြီး စကစကို ပုန်ကန်ပြီး အေးအေးဆေးဆေး ဈေးရောင်းနေတယ်ပေါ့။ တကယ်က မအေးဆေးပါဘူး... အများကြီးပဲ။ တနေ့ကပါပဲ၊ မိဘတွေလက်ထက်ကတည်းက ဈေး‌‌ရောင်းလာတဲ့ စီဒီအမ်ကျောင်းဆရာမတို့အိမ် စခတွေ ဝင်ဖမ်းတယ်၊ ဆရာမရယ်၊ ညီမတစ်ယောက်ရယ်၊ တခြားညီမတယောက်ရဲ့ခင်ပွန်း စီကျောင်းဆရာတစ်ယောက်ရယ် ပါသွား တယ်။ စီတာရယ်၊ ထောက်ပို့တာရယ်ကြောင့် ထင်ပါရဲ့။ အဖမ်းခံရသူတွေ စစ်ကြောရေးမှာ (၂)ရက်လောက် ကြာတော့ သူ့အိမ်မှာ ကျန်ခဲ့တဲ့ ညီမ၊ စီဒီအမ် ကျောင်းဆရာမဆီ ဖုန်းလာတယ်။ ‘ခင်ဗျားတို့က ဘယ်သူ့ အားကိုးနဲ့ စီဒီအမ်လုပ်နေကြတာလဲ’တဲ့။ ‘ခင်ဗျားတို့က ထောင်ထဲမှာ နေ ထောင်ထဲမှာပဲ သေသင့်တဲ့လူတွေ’ ဘာညာနဲ့လို့ လှမ်းငေါက်သတဲ့။ မြို့နယ်စခတွေလေ...။

ရွာမှာ အမြဲဂစ်တာတီးနေတဲ့အသိတယောက်တွေ့တယ်။ ကျနော့်ကို ဂစ်တာမတီးတော့ဘူးလားတဲ့။ သူကတော့ ပျော်လည်း တီး၊ မပျော်လည်း တီးဖြစ်နေတယ်တဲ့။ ကျနော်၊ ကမ်းလာတဲ့ သူ့ဂစ်တာကို လှမ်းယူလိုက်တယ်။ ကျနော် သိပ်ခုံမင်တဲ့ ဂစ်တာလေး။ ဖလက်တံပေါ် လက်တင်လိုက်တာနဲ့ သီချင်းတွေ တပုဒ်ပြီး တပုဒ်ထွက်လာမယ်လို့ ထင်ခဲ့တယ်။ အယ်ဇိုင်းမားအဖိုးကြီးက သူ့အဖွားကြီး နာမည်မေ့နေသလိုမျိုး။ သံစဉ်တွေ ခြောက်သွေ့လွင့်ပျယ်။

‘ ငါ့မှာလည်း ဂစ်တာတလက်ရှိတယ်...မတီးဖြစ်တာ အတော်ကြာပါပြီကွာ’ လို့ ပြောပြီး သူ့လက်ထဲ ပြန်ထည့်ပေးလိုက်တယ်။ တီးဖူးချင်တဲ့ နိုင်ငံ ခြားအိုးလေးပေါ့။

လင်းလက်နွေဦး
၁၇.၁၁.၂၀၁၃ ညနေ ၂ နာရီ ၄၉ မိနစ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar