Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၂ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၂ )

(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၃

15/11/23

Diary in the darkness


လိုင်းပေါ်မှာ စစ်ကောင်စီတပ်တွေ လက်နက်ချတဲ့သတင်းတွေ အဆက်မပြတ် တက်လာတယ်။

လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ တပ်မ ၆၆ လက်အောက်ခံ  ခမရ ၄၂၅ နဲ့ ခမရ ၆ တပ်ရင်း ကို KNDF ဦဆောင်တဲ့ တော်လှန်ရေးတပ်က နိုဝင်ဘာ ၁၃၊ ၁၄ မှာ ဝင်တိုက်ခဲ့ပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေးရဲ့ ၁၁၁၁ စစ်ဆင်ရေးဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ထက်ဝက်ကျော် သေဆုံးခဲ့ပြီး ၃၂ ယောက်လက်နက်ချခဲ့ပါတယ်။ လွိုင်ကော်တက္ကသိုလ် ဆရာ ဆရာမ ၁၃၄ ယောက်၊ မိသားစုဝင် ၆၄ ယောက်ကို လူ့ဂုဏ်သိက္ခာနဲ့အညီ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကရင်ပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ပြည်ထဲရေးဌာနက ဗီဒီယိုမှတ်တမ်းနဲ့အတူ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ 

ဗီဒီယိုထဲမှာတော့ တော်လှန်ရေးတပ်သားတွေက ဆရာ၊ ဆရာမတွေကို အားပေးစကားပြောရင်း ကားပေါ်တင်ပေးနေတာကို တွေ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်ကြောင့် တော်လှန်ရေးတပ်သားတွေကို ပြည်သူလူထုက ပိုမိုယုံကြည်မှု ရသွားပါတယ်။ တနေ့ က စစ်ကောင်စီပြန်ကြားရေး ဇော်မဲလုံးရဲ့ ပြောစကားတွေဟာ လူထုရဲ့ လှောင်ပြောင်စရာ ဖြစ်ကုန်ပါတယ်။ သူ ပြောသလို တော်လှန်ရေးတပ်သားတွေဟာ အကြမ်းဖက်သမားတွေ မဟုတ်ဘူး ဆိုတာ လူထုက မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်။ တော်လှန်ရေးသမားတွေရဲ့ မှန်မှန်ကန်ကန် အောင်ပွဲခံမှု၊ ပြည်သူတွေနဲ့ လက်နက်ချလာတဲ့ တဖက် လက်နက်ကိုင်တွေကို သုံ့ပန်းကျင့်ဝတ်နဲ့အညီ ဆက်ဆံမှုတွေဟာ တော်လှန်ရေးကို ထောက်ခံမှု ပိုမိုမြင့်တက်စေခဲ့တယ်။ အခြားစစ်မြေပြင်မှာရှိတဲ့ စစ်ကောင်စီတပ်တွေလဲ အလံဖြူထောင်ဖို့ စိတ်အား ပိုမိုထက်သန်စေတယ်။ လူထုဟာ နွေဦးတော်လှန်ရေးတပ်တွေလို စည်းကမ်းရှိတဲ့ တပ်တော်တခုကို မျှော်လင့်နေတာ ကြာပါပြီ။ ခုလို မြင်တွေ့လိုက်ရတော့ ငါတို့ အားကိုးရမယ့် တပ်တော်ကြီး ပေါ်လာပြီဆိုပြီး အားတက်ကုန်ကြတယ်။ 

နယ်မြေဒေသ အသီးသီးမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ လက်နက်ချဖို့ အားတက်တရော ပြင်ဆင်နေကြပြီ ဆိုတဲ့ သတင်းတွေ ဆက်တိုက် တက်လာနေပါတယ်။

ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို ဂရုတစိုက် ဆေးကုသပေးရင်း မစိုးရိမ်ဖို့၊ လက်နက်ချစစ်သည်တွေရဲ့ သုံ့ပန်းအခွင့်အရေး အပြည့်အဝရမှာဖြစ်ကြောင်း KNDF စစ်ဦးစီးချုပ် မာဝီက ရင်ထဲက လာတဲ့ အသံနဲ့ပြောကြားနေတာ တွေ့မြင်ရတော့ လူထုကြီးက တော်လှန်ရေးတပ်သားတွေကို သပြေခက်နဲ့ကြိုဆိုဖို့ တက်ကြွနေကြပါတယ်။ 

ပဲခူးတိုင်း ရွှေကျင်မှာ ခမရ ၃၅၁ စခန်းတခုကို တော်လှန်ရေး တပ်သားတွေက တိုက်ခိုက်တဲ့အခါ မိနစ် ၂၀ အတွင်း စခန်းလုံးကျွတ် ထွက်ပြေး၊ လက်နက်အ‌မြောက်အမြား ချန်ခဲ့၊ ဓာတ်ပုံနဲ့အတူ သတင်းတက်လာ။

ရခိုင်မှာလည်း ရဲတွေက လက်နက်ချဖို့ အသင့်ဖြစ်နေပြီလို့ သတင်းတွေ တက်နေပါတယ်။ အန်းမြို့က စခန်းမှူးကို AA နဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်တပ်က ဖမ်းသွားတဲ့သတင်းလည်း တက်လာတယ်။ ရဲအရာရှိနှစ်ယောက်လည်း စစ်ကားပေါ်က ခုန်ဆင်းထွက်ပြေး လွတ်မြောက်သွားတယ်လို့သိရတယ်။

မန္တလေးနဲ့ ရန်ကုန်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ 

လားရှိုး ကျရင်တော့ မေမြို့နဲ့ မန္တလေးမှာရှိတဲ့ တပ်တွေ လက်နက်ချဖို့ အဆင်သင့်ပဲတဲ့။ ရန်ကုန်မှာလဲ ဒီရက်ပိုင်းအတွင်း ဗုံးတွေဆက်တိုက်ပေါက်။ ဘဏ်တွေမှာ လူတွေ တန်းစီ။ ဓာတ်ဆီဆိုင်တွေမှာလည်း ကားတန်းကြီးက တမျှော်တခေါ်။ ဓာတ်ဆီဈေးက ရေသန့်ဘူး တဘူးကို သုံးထောင်ရှိတယ်လို့ ဆိုက်တွဲ မောင်းသူက ပြောပါတယ်။

ကျနော်ကတော့ ဆေးတွေ တစ်လစာလောက် ဝယ်ထားတယ်။ သူငယ်ချင်းတစ်ယောက်က ဆန်ဝယ်ထားတာထက် ကောက်ညှင်းမုန့်ဆန်းကို ရေသန့်ဘူးတွေထဲထည့်ပြီး အသင့်ပြင်ထားဖို့အကြံပေးတယ်။ သရက်သီးသနပ်နဲ့ ငပိကြော်ကတော့ အမြဲအသင့်ပါပဲ။ အာဏာသိမ်းပြီးကတည်းက သူတို့ လာခေါ်ရင် အဆင်သင့် ဖြစ်အောင် ဆောင်ထားတာ။

ခေါင်းပေါ်တည့်တည့် ဗုံးကျရင်တော့လည်း ဘယ်တတ်နိုင်မလဲ။ 

ပြေးဖို့တော့ မစဉ်းစားတော့ပါဘူး။ ခြေထောက်ညောင်းတာပဲ အဖတ်တင်မယ်။ ပြေးစရာမြေမှမရှိတာ။ တောကြောင်တွေလာတော့လဲ ရှိတာတွေ အကုန်ယူသွားကြပေါ့။ ဒီလောက်တောင် ဆင်းရဲရမလား၊ ဘာမှလဲ မတွေ့ဘူး ဆိုပြီး သနားလို့ သူတို့က ပြန်ပေးရင်လဲ သာဓုခေါ်လိုက်ရုံပါပဲဗျာ။


အန်ကယ် တူမီး

၁၅ ၁၁ ၂၃


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar