စစ်ရေး နဲ့ နိုင်ငံရေး ရှေ့ကြိုတင်ပြင်ဆင်ခြင်း၊ နိုင်ငံရေးအရ ရိုးသားမှု
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၇ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၃
စစ်ရေး နဲ့ နိုင်ငံရေး ရှေ့ကြိုတင်ပြင်ဆင်ခြင်း၊ နိုင်ငံရေးအရ ရိုးသားမှု
အောက်တိုဘာလကုန်မှာ မြန်မာနိုင်ငံအနှံ့အပြား စစ်ရေးလှုပ်ရှားမှုတွေ လှုပ်လှုပ်ရှားရှားဖြစ်လာခြင်းနဲ့အတူ စစ်ရေးအရ အခွင့်အရေးရှိတာတွေကို မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပြီး လှမ်းယူဆုပ်ကိုင်ဖို့ ကြိုးစားကြသလို နိုင်ငံရေးအရ ကြိုတင်လုပ်ဆောင်မှု၊ တနည်းအားဖြင့် လက်ဦးမှုတွေလည်း ရယူဖို့ လုပ်ဆောင်လာကြတာ တွေ့လာနေရပါတယ်။
အောက်တိုဘာ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေးက မြောက်ပိုင်း ညီနောင် လက်နက်ကိုင် ၃ ဖွဲ့အပြင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ကို တိုက်ဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ သတိပေးလိုက်သလို ရှိတာတွေ့ရပါတယ်။ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ကတော့ တရုတ်နိုင်ငံရဲ့ အွန်လိုင်းငွေလိမ်လည်တဲ့ ဂိုဏ်းတွေအပေါ် တရုတ်အစိုးရက ဖြိုခွဲလိုတဲ့ အကြောင်းရင်းကို အမြတ်ထုတ်ပြီး စစ်ရေးအရ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ကြိုးစားခဲ့သလို ဒီစစ်ဆင်ရေးမှာ တရုတ်အစိုးရ အနေနဲ့ ဘယ်လောက်ထိ မီးစိမ်းပြခဲ့သလဲ လက်ပါဝင်ခဲ့သလဲဆိုတာတော့ ခုအချိန်မှာ အထောက်အထားရဖို့ သက်သေပြနိုင်ဖို့ မဖြစ်နိုင်ပဲ မှန်းဆမှုအနေနဲ့သာရှိမယ့် သဘောလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံထံက မြောက်ပိုင်းညီနောင် လက်နက်ကိုင် ၃ ဖွဲ့အနေနဲ့ လက်နက်နဲ့ စစ်ရေးနည်းပညာတွေ အတိုင်းအတာတခုထိရရှိတာ ဖြစ်ကောင်းဖြစ်နိုင်ပြီး တရုတ်အနေနဲ့တော့ နယ်စပ်တလျှောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့အပေါ် ပိုပြီးသြဇာညောင်းလာနိုင်သလို၊ နေပြည်တော်က စစ်ကောင်စီ ခေါင်းဆောင်တွေကိုလည်း သင်ခန်းစာ တခုပေးနိုင်ခဲ့တဲ့ အနေအထားမျိုးလို့ ခန့်မှန်းကြည့်နိုင်ပါတယ်။
အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နဲ့ PDF အဖွဲ့တွေအဖို့တော့ အခုစစ်ဆင်ရေးက ရှမ်းမြောက်က စစ်ကောင်စီတပ်တွေကို တနေရာကနေ အခြားတနေရာကို ကြီးကြီးမားမား မကူနိုင်အောင် နေရာဖြန့်ကျက် တိုက်ခိုက်တာ၊ မြို့တွေကို သိမ်းယူဖို့အထိ ခြိမ်းခြောက်နိုင်တာတွေ အခုလို ရှမ်းမြောက် တိုက်ပွဲတွေနဲ့ စစ်ကောင်စီ လက်မလည်နိုင်ချိန်၊ တချို့သော တပ်ရင်းတွေ တပ်ရင်းအလိုက် လက်နက်ချရလောက်အောင် အသာစီးရချိန်မှာ မြန်မာနိုင်ငံရဲ့ အခြားသော နယ်မြေတွေမှာလည်း လက်နက်ကိုင် တိုက်ပွဲဖေါ်ဆောင်ဖို့ အခွင့်အလမ်းဆိုတာကို အချက်ပြလိုက်သလို ဖြစ်စေခဲ့ပြီး စစ်ကိုင်းတိုင်း မြောက်ပိုင်း ကချင်ပြည်နယ်အစပ်မှာ၊ ကရင်နီဒေသမှာ ချင်းပြည်နယ်မှာတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပြီးနောက်ဆုံး ရခိုင်ပြည်နယ် အထိဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ မြေပြင်တပ်ဖွဲ့တွေကို တနေရာနဲ့တနေရာ တဒေသကနေ အခြားဒေသတခုကို များများ စားစား အကူအညီမပေးနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာဟာ ၁၀၂၇ စစ်ဆင်ရေး ရလဒ်အပေါ်မူတည်ပြီး ဆုံးဖြတ်ကြတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။
ဒီလို စစ်ရေး တိုက်ခိုက်မှုတွေက အဆုံးအဖြတ်တိုက်ပွဲလား ၊ စစ်ကောင်စီကို အလဲထိုးမဲ့ တိုက်ပွဲတွေလား ဆိုတာတော့ ပြောဖို့စောသေးတဲ့ အနေအထားဖြစ်ပါတယ်။ စိတ်ဓါတ်တက်ကြွအောင် ပြောဆိုကြရေးသားကြတာမျိုးတွေ ရှိကောင်းရှိပေမယ့် ဒီစစ်ပွဲဟာ နောက်ဆုံး အရှုံးအနိုင်အဆုံးအဖြတ် ပေးမယ့်စစ်ပွဲလို့တော့ တထစ်ချ မပြောနိုင်သေးတဲ့ အနေအထားလို့ မှန်းဆကြည့်မိပါတယ်။ အဆင့်တဆင့် စစ်ရေး ချိန်ခွင်လျှာ အပြောင်းအလဲတခုဆိုတာတော့ အငြင်းပွားဖွယ်မရှိတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ စစ်ကောင်စီ အနေနဲ့ သူ့ရဲ့ တပ်တွေ နေရာချထားမှု၊ ဘယ်နေရာက အဓိကလဲ ဘယ်နေရာက သာမညလဲ၊ ဘယ်နေရာကို အကျမခံဘူးလဲ ဘယ်နေရာတော့ လက်ရှိ အခြေအနေမှာဆုတ်ခွာမလဲဆိုတာတွေ ရွေးချယ်နေရဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။
ဒီလို အနေအထားမှာ စစ်ကောင်စီ ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေဘက်မှာ ဘာတွေ အသစ်ဖြစ်ပေါ်လာလဲ။ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာသလဲ ဆိုတာလည်း သုံးသပ်ကြည့်ဖို့ လိုအပ်ပါတယ်။ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ၊ နိုင်ငံရေးအရ သဘောတူညီမှု အသစ်တွေ၊ ကတိကဝတ်တွေ ဘယ်လောက်ထိ ပြောင်းလဲ ဖြစ်ပေါ်လာသလဲ။ ပြောင်းလဲသွားတဲ့ အခြေအနေအပေါ်မူတည်ပြီး မြန်မြန်ဆန်ဆန် ဆုံးဖြတ်ကာ အခွင့်အလမ်းကို လှမ်းယူဆုပ်ကိုင်နိုင်ကြဖို့ လုပ်နိုင်ကြသလား ဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စု နဲ့ပတ်သက်တဲ့ မူဝါဒလို့ဆိုရင် NUCC ရဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ကို အကောင်အထည် ဖေါ်တာ ဘယ်အခြေအနေမျိုးရောက်နေပြီလဲ၊ ဒီဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်နဲ့ ပတ်သက်လို့ လက်ခံထားပြီး အဖွဲ့တွေ လက်မခံသေးတဲ့ အဖွဲ့တွေဆက်လက် ဆွေးနွေးညှိနှိုင်းကြမယ့် အပိုင်းတွေဘယ်လို ရှိနေသလဲ စတာတွေက မေးခွန်းထုတ်စရာ ရှိလာတယ်လို့ ထင်မြင်မိပါတယ်။
သို့သော် ယခုရက်ပိုင်း အခြေအနေအပြောင်းအလဲတွေနောက် တွေ့ရတဲ့ လှုပ်ရှားမှုတခုကတော့ ကရင်နီပြည်နယ် နဲ့ တိုင်းဒေသကြီး ၃ ခုက ကြားကာလ လွှတ်တော်တွေ ဖွဲ့စည်းကြောင်း ကြေညာချက်ပဲ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့ သတင်းတွေမှာ ကရင်နီ (ကယား) ပြည်နယ် ကြားကာလ လွှတ်တော်ဖွဲ့စည်းကြောင်းကို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KICC က ကြေညာလိုက်တာတွေ့ရှိရပါတယ်။ ၂၀၂၀ ခနှစ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ အပေါ်အခြေခံပြီးဖွဲ့စည်းတာလို့လည်း ပါရှိပြီး ဥက္ကဌ ကNLD ပါတီက အနိုင်ရတဲ့ ဦးဌေးအောင် ဖြစ်ပြီး စစ်ကောင်စီနဲ့ မပူးပေါင်းတဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၅ ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး အုပ်ချုပ်ရေး တရားစီရင်ရေးတွေကို စောင့်ကြည့် ထိန်းသိမ်းဆောင်ရွက်သွားမယ်လို့ ကြေညာထားတာ တွေ့ရပါတယ်။
တပြိုင်နက်ထဲဆိုသလို ခုရက်ပိုင်းမှာပဲ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာလည်း ကြားကာလ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကြမ်းပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး ဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်တာကို ကြိုဆိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာ ၁၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်တရပ် ထုတ်ပြန်ကာ ကြိုဆိုခဲ့ပါတယ်။
အဆိုပါ တိုင်းဒေသကြီး လွှတ်တော် ၃ ခုက လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တွေက လွှတ်တော်ခေါ်ယူကာ အခုလို ကြားကာလဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကြမ်းပေါ်ပေါက်ရေး အတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒီကာလမှာ နိုင်ငံရေးအရ ကြိုတင်ပြင်ဆင်ရေး သဘောတူညီမှု ရယူရေး၊ စည်းရုံးရေးအရ ပိုမိုကျစ်လစ်တဲ့ ဆွေးနွေးမှုတွေနဲ့ ကြေလည်တဲ့ သဘောတူညီမှုတွေ ရယူဖို့အရေးကြီးတာ အမှန်ပဲဖြစ်ပါတယ်။ အထက်က ကြေညာချက်တွေ ထွက်ပေါ်လာပြီးနောက် တနင်္သာရီတိုင်း မြိတ်ခရိုင်နဲ့ ထားဝယ်ခရိုင်က နိုင်ငံရေးအင်အားစု၊ နိုင်ငံရေး ဦးဆောင်မှု ကော်မတီတို့က အထက်က တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီရဲ့ အတည်ပြုမှုဟာ ၄င်းတို့ရဲ့ သဘောတူညီမှု မပါရှိကြောင်း ထုတ်ပြန်ချက်တွေ ထုတ်ပြီးအသိပေးကြေညာခဲ့ကြတာတွေ့ရပါတယ်။
ဒီလို ထုတ်ပြန်ချက်တွေ ထွက်လာတာကို ကြည့်ရင် အထက်က တနင်္သာရီတိုင်း တိုင်းဒေသကြီး CRPH ဟာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပေါ်ထွက်လာတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ အခန်းကဏ္ဍကို ဖယ်ထားသလားဆိုတဲ့ မေးခွန်းရှိလာတဲ့ သဘောလည်း ဖြစ်ပါတယ်။
အခုလို စစ်ရေးအရ၊ နိုင်ငံရေးအရ အရေးကြီးတဲ့ကာလမှာ စည်းရုံးရေး၊ ကြေလည်တဲ့ သဘောတူညီမှု၊ နိုင်ငံရေးအရ ရိုးသားမှုတွေက မရှိမဖြစ်လိုအပ်မှာ ဖြစ်ပြီး နိုင်ငံရေးအရ လက်ဦးမှု ရယူတာမျိုး အထင်လွဲမှားခြင်း မခံရဖို့ အရေးကြီးကြောင်း ထပ်မံနှိုးဆော်လိုက်ရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar