Breaking News

မင်းငြိမ်းအေး - သက်သေခံကဗျာ(* ကိုလူအိမ်သို့)

ကဗျာဆရာလူအိမ် (Photo- Credit(
သက်သေခံကဗျာ
မင်းငြိမ်းအေး
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၂၃

နာဆာက
စုံစမ်းထောက်လှမ်းလို့မရတဲ့အရာဟာ
ကဗျာဖြစ်တယ်
လွန်းပျံယဉ်လို
ဂြုလ်တုလို
ပန်းကန်ပြားပျံလို
ပုံစံအမျိုးမျိုးနဲ့
ကဗျာပတ်လမ်းမှာ
ကမ္ဘာကြေလည်း
ကဗျာမကြေတဲ့စိတ်နဲ့
ရှင်သန်လှည့်ပတ်ကြတယ် ။
တရားတော်အတိုင်း
ဗောဓိပင်နဲ့ရွှေပုလ္လင်ကို
တွေ့ခဲ့တယ် ။
တရားတော်အတိုင်း
ဒေဝဒတ်ကိုဖျောင်းဖျတယ် ။
ကဗျာက
မြောက်ဝန်ရိုးစွန်းလို
သံလိုက်ဓါတ်လဲရှိသလို
တစ်နေ့ချင်းမျှင်းသတ်တဲ့
အဆိပ်လည်းဖြစ်တယ် ။
ကဗျာဆရာဟာ
ဆေးရည်မစိမ်ပဲ
သူ့ကဗျာကို
မပုတ်သိုးအောင်ထားနိုင်တယ် ။
ကဗျာဆရာရဲ့အလိုက
လူသေရင်၊ခုနှစ်ရက်ထားလို့ရတယ်
ကဗျာသေရင်နေ့ချင်းချရမယ် ။
ကဗျာဟာ
သိပ္ပံနည်းကျတဲ့
ဝိဇ္ဇာအတတ်ဖြစ်တယ်
ကမ္ဘာပြုမိုးလည်းဖြစ်တယ်
ကမ္ဘာဖျက်လက်နက်ဆန်းလည်းဖြစ်တယ်။
ကဗျာရေးတိုင်းလည်း
ကဗျာဆရာမဖြစ်အောင်
ပိတ်ပင်တားဆီးထားတယ်
လိုအပ်လာရင်
ကဗျာအာဏာပါတိမောက်လည်းပြနိုင်တယ်။
ကဗျာဟာ
ငြိမ်းချမ်းရေးလိုလားပေမယ့်
ကမ္ဘာကအကြိမ်ကြိမ်ပယ်ချခဲ့တဲ့
နိုင်ငံရေးကျမ်းတစ်စောင်ဖြစ်တယ် ။
ဒီကဗျာမှာ
ကဗျာဆရာကိုဝှက်ထားတယ်
ကဗျာပတ်လမ်းမှာ
ကမ္ဘာရဲ့မြေသားထုအောက်မှာပေါ့ ။

(* ကိုလူအိမ်သို့)
 ** ကဗျာဆရာလူအိမ်သည် ၁၉၈၈ အရေးတော်ပုံအလွန်ကာလတွင် တောခိုကျောင်းသားတဦးဖြစ်သည်။ တော်လှန်ရေးနယ်မြေတွင် ညီနိုင်ကလောင်ဖြင့် ကဗျာများရေးသားခဲ့သည်။  
၂၀၁၈ ခု နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ ဦး‌ေနှာက်နှင့် အာရုံကြောကုသဆောင်တွင် ကုသခံနေဆဲ ကွယ်လွန်ခဲ့သည်။ (မိုးမခ)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar