အောင်ဝေး - ခွပ်ဒေါင်းအိုကြီးတစ်ကောင်ရဲ့ ရင်ကွဲနာကျတေး
အောင်ဝေး - ခွပ်ဒေါင်းအိုကြီးတစ်ကောင်ရဲ့ ရင်ကွဲနာကျတေး
(မိုးမခ) နိုဝင်ဘာ ၃၀ ၊ ၂၀၂၃
ကျနော့်မှာ အနွယ်တော်ချစ်စိတ် ရှိသည်။ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ အလယ်လောက်တုန်းက မြိတ်ကျွန်းစု၊ ဗိုလ်ချိုကျွန်း၊ မကြုံဂလက်ရွာမှာ ကျင်းပတဲ့ ဆလုံရိုးရာပွဲတော်မှာ ရဲဘော်ညိုမြင့်နှင့် တွေ့ဆုံခဲ့ရသည်။ သူသည် ကျနော့်သူငယ်ချင်း ငြိမ်းအေးအိမ်၊ နေမျိုးဇော်၊ ကဗျာဆရာမ မအိတို့နှင့်အတူ ဗကပတောပြန်တစ်ဦး။
ကျနော်က ကိုညိုမြင့်ကို ကျနော်တို့ အနွယ်တော်တွေ ယခုလို မမျှော်လင့်ဘဲ တွေ့ဆုံရသည့်အတွက်ဝမ်းသာကြည်နူးမိကြောင်း ပြောပြခဲ့သည်။ ကျနော်လည်း နရသိန်ပြန် ဗကပ (ဗကပနရသိန်ပြန်) တစ်ယောက်ပဲ မဟုတ်လား။
မနေ့တစ်နေ့က ကျနော်တို့ ချစ်ခင်လေးစား အားကျ အတုယူရတဲ့ ကျွန်းပြန်ကြီး အစ်ကိုတော်ရဲဘော်ဖိုးသံချောင်းက ကွယ်လွန်သွားတာ မကြာသေးတဲ့ သူ့ရဲ့ ညီငယ် စာရေးဆရာ ညီပုလေးအကြောင်း facebook မှာလွမ်းစာ ရေးတင်လိုက်သည်။
ကျနော် ဖတ်ပြီး သူတို့ ညီအစ်ကို နှစ်ယောက်ကို လွမ်းမိသွားသည်။ ကိုဖိုးသံ[အစ်ကိုကြီးကလောင်နာမည်က ဖိုးသံ(လူထု) ဖြစ်ပါသည်]က တရုတ်ပြည် ရွှေလီမှာ နေသည်။ ကျနော်က အမေရိက မဲဇာမှာ။ ကျနော် လွမ်းစိတ်နဲ့ သူ့ post အောက်မှာ comment ဝင်ရေးလိုက်သည်။
"မသေခင် ကျနော်တို့အနွယ်တော်တွေ ပြန်ဆုံချင်ပါသေးတယ် အစ်ကိုကြီးရေ"
ကျနော် အနွယ်တော်ချစ်စိတ် ကြီးပါတယ်ဗျာ။
ကျနော် ၁၉၇၄-၇၅-၇၆ ကျောင်းသားမျိုးဆက်။ ဒီကနေ့ ကျနော့် နိုင်ငံရေး၊ ကျနော့် စာပေ အနုပညာသည် ကျောင်းသားတိုက်ပွဲကြားက ပေါက်ဖွားဆင်းသက်လာတာ ဖြစ်ပါသည်။ ကျနော်တို့ မျိုးဆက်ခေတ်၊ တစ်နည်း မဆလခေတ်မှာ ကျောင်းသားသမဂ္ဂ မရှိပါ။ ရှိလို့လည်း မရပါ။ ဖွဲ့စည်းဖို့လည်း မလွယ်ကူပါ။
ကျနော်တို့မှာ ကျောင်းသားဖြစ်ပေမဲ့ ကျောင်းသားသမဂ္ဂ မရှိ။ ဗကသ မရှိ။ တကသ မရှိ။
အဲဒီတုန်းက ကျနော်တို့မှာ "ဗကပ"ပဲ ရှိပါသည်။ ဗကပ အတွေးအခေါ် (မတ်ဝါဒ၊ လက်ဝဲ)သည် ကျနော်တို့ကျောင်းသားတိုက်ပွဲ၏ အလုပ်လမ်းညွှန် ဖြစ်ပါသည်။
ကျနော်တို့သည် ဗကပ လိုလားသော လက်ဝဲကျောင်းသားများ ဖြစ်ကြပါသည်။
နေဝင်း-စန်းယု မဆလ စစ်အစိုးရ ဖြုတ်ချရေး အတွေးအခေါ်သည် လက်ယာဘက်က မလာပါ။ လက်ဝဲဘက်ကသာ လာပါသည်။
ဖဆပလခတ်ဦးက ၁၉၅၁ တွင် ကျောင်းသားအင်အားထု နှစ်ခြမ်းကွဲခဲ့သည်။ တစ်ခြမ်းမှာ ကျော်ငြိမ်း မယား ခင်နွဲ့ရီ ထဘီကို လျှော်ပေးတဲ့ DSO (Democratic Student's Organization) ဟု ခေါ်သည့် အစိုးရလက်ကိုင်တုတ် ဖောက်ပြန်သော ကျောင်းသားအုပ်စု ဖြစ်သည်။
အစိုးရကို ပြတ်ပြတ်သား တိုက်တဲ့ ကျောင်းသားအုပ်စုကို PSF(Progressive Student Force)လို့ခေါ်သည်။
၁၉၅၃ အောက်တိုဘာ ကျောင်းတစ်လပိတ်ရေး လှုပ်ရှားမှုအပြီးတွင် PSF ကို SUF(Students United Front) ဟု ပြောင်းလဲလိုက်ပြီး "တပ်ဦး"ဟူ၍ခေါ်တွင်ခဲ့ကြပါသည်။
ကျနော်တို့သည် ထိုတပ်ဦး၏ အစဥ်အလာကို လိုက်နာခဲ့ကြပါသည်။ ကျနော်တို့ခေတ်မှာလည်း မဆလ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေသော တိုးတက်သည့် ကျောင်းသားအင်အားစုရှိသလို၊ မဆလလက်ကိုင်တုတ် "လမ်းစဥ်လူငယ်"ဆိုသည့် ကျောင်းသားဖောက်ပြန်ရေးသမားများလည်း ရှိခဲ့ပါသည်။
ကျနော် ကျောင်းသားလှုပ်ရှားမှုထဲက လာပါသည်။ ကျနော့်မှာ ခွပ်ဒေါင်းစိတ်ဓာတ် အပြည့်ရှိပါသည်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ဖြုတ်ချရေး တိုက်ပွဲဝင် ကျောင်းသားများသည် ကျနော်(တို့)၏ အနွယ်တော်တွေပဲ ဖြစ်သည်။ ကျောင်းသားနိုင်ငံရေး တိုက်ပွဲထဲကနေ ကျနော် အကျဥ်းထောင်ထဲ ရောက်ခဲ့သည်။ အကျဥ်းထောင်က ပြန်လွတ်လာသည့်အခါ ကျနော်နိုင်ငံရေး(သမား) ကဗျာဆရာတစ်ယောက် ဖြစ်လာခဲ့သည်။ (NLD ခေတ်ဦးက ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေး၍ ကျနော် ဧရာဝတီတိုင်း စည်းရုံးတာဝန်ယူခဲ့ဖူးပါသည်။)
၁၉၉၁ ကျနော် အကျဥ်းထောင်က တတိယအကြိမ်မြောက်အဖြစ် ပြန်လည် လွတ်မြောက်လာသည့်အခါ၊ ကျနော့်မိခင်တပ်ရင်း (Mother unit) ဖြစ်သည့် စာပေလောကအတွင်းသို့ အပြီးပြန်လည်ဝင်ရောက်လာခဲ့ပါသည်။
မညာတမ်း ဝန်ခံရလျှင် ထိုအချိန်အထိ ကျနော် မတ်ဝါဒကို ယုံကြည်သက်ဝင်လေ့လာနေဆဲ၊ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကို လွမ်းနေဆဲ ဖြစ်ပါသည်။ (၁၉၈၇ လောက်က မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ ဗဟိုဌာနချုပ်၏ လျှို့ဝှက်အစီရင်ခံစာတစ်စောင်တွင် ကျနော့်ကို "တောမျှော်"ကဗျာဆရာဂိုဏ်းတွင် ထည့်သွင်းဖော်ပြထားခဲ့ပါသည်)
ကျနော်သည် အနွယ်တော်ချစ်စိတ်ရှိသော ကဗျာဆရာတစ်ယောက် ဖြစ်ပါသည်။
ကျနော့်အနွယ်တော် ကျောင်းသားမျိုးဆက်အသီးသီးကို ကျနော် ချစ်သည်။
ကျနော်က ကျနော် ချစ်ကြောင်းကို ကဗျာနှင့် ဖော်ပြတတ်သည်။
"အောင်ကျော်ရေ...
မင်း သေရတာ၊ တို့ဖြေသာတယ်
မင်းမှာနယ်ချဲ့လက်ချက်မို့။
(ဆဲဗင်းဂျူလိုင်ကဗျာတစ်ပုဒ်မှ)
၁၉၃၈
အောင်ကျော်ကစ၊ ကျခဲ့တဲ့သွေး
နီနီစွေးဟေ့
အရေးတော်ပုံအောင်ခဲ့သည်။
၁၉၈၈
ဖုန်းမော်ကစ၊ ကျခဲ့တဲ့သွေး
နီနီစွေးဟေ့
အရေးတော်ပုံအောင်ရမည်။
ဖုန်းမော်ရေ...
မင်းသေရတာ၊ တို့မဖြေသာဘူး
မင်းမှာမဆလလက်ချက်မို့ဟေ့"
၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ရန်ကုန်မှာ သြဂုတ်လ (၃၁) ရက်နေ့စွဲနဲ့ အောင်ဝေး ရေးခဲ့တဲ့ "ဗမာတစ်ပြည်လုံးနီ" ကဗျာထဲကပါ။
၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ကျောင်းသားတွေ အဓိကဦးဆောင်တဲ့အတွက် ကျောင်းသားတော်လှန်ရေး။
ဒီတော်လှန်ရေးကြီးထဲမှာ ကျနော် ၁၉၈၈ မင်းကိုနိုင်(+) ဗကသ (ဗကသများအဖွဲ့ချုပ်)နှင့်အတူလက်တွဲ အလုပ်လုပ်ခဲ့ပါသည်။
ဒီလိုပါပဲ။ ၂၀၀၇ မှာရွှေဝါရောင်တော်လှန်ရေးကြီးပေါ်ပေါက်လာသည်။
ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတွေ အဓိကဦးဆောင်သည့်အတွက် သံဃတော်လှန်ရေး။ ဒီတော်လှန်ရေးအတွင်းမှာလည်း ကျနော် ၂၀၀၇ ကျော်ကိုကို (+) ဗကသ (ဗကသများအဖွဲ့ချုပ်)နှင့်အတူလက်တွဲ၍ အလုပ်လုပ်ခဲ့ပါသည်။
၂၀၁၅ မင်းသွေးသစ်(+)ဗကသ(ဗကသများအဖွဲ့ချုပ်) ခေတ်မှာတော့ ကျနော်က တိုင်းပြည်ကထွက်ပြေးသည့် ပြည်ပြေးတစ်ယောက် ဖြစ်နေပေပြီ။
သိန်းစိန် အရပ်သားစစ်အစိုးရလက်ထက် ကျောင်းသားတွေ ဦးဆောင်သည့် ဒီမိုကရေစီပညာရေးသပိတ် (မန္တလေး- ရန်ကုန်)ခရီးရှည်ချီတက်ပွဲကို ကျနော် အဝေးက ကဗျာတွေ ရေးပြီး အားပေးထောက်ခံခဲ့သည်။
"ဘော...အိုရဲသွေး
အမေကမွေး ထောင်ကကျွေး
လာမဲ့ဘေး ပြေးတွေ့
တို့ကျောင်းသားတွေညီရဲ့လားဟေ့
ညီတယ်ဟေ့ ညီတယ်ဟေ့
ချီလေတဲ့ ချီလေ
(ကန်မြဲကိုအေးကျော်ရေ...)
ကျုပ်မောင်တွေ တောင်သာကိုကျော်ခဲ့ပေါ့
တောင်သာကို ဆရာဂျမ်း(ဦးတင်မိုး)
စောင့်သဗျား
နပျင်း(နွားပျင်း)တောင်ကြားဆိုတဲ့
ဟောဒီ သူရဲကောင်းတောင်ကြားကို
နောင်များဖြင့် မောင်သွားရင်
မရှောင်မရှား ဒေါင်းများမသွေမဖောက်
ကျောင်းသားခြေထောက်နဲ့
နင်းလျှောက်ခဲ့တဲ့ကတ္တရာလမ်း
မင်း အရင်အလေးပြုပြီးမှဖြတ်သန်းရ
တော့မယ်
ငါ့ညီ ကြည်ဇော်အေးရဲ့
ရွှေပြည်တော်မျှော်တိုင်းမဝေးပြီလ
ရေကန်သာကြာတိုင်းအေးရမပေါ့
တို့ကဗျာသမိုင်း မကွေးရအောင်
ဟေး...ရဲခေါင်တွေ လာချေပေါ့
ဝဲလောင်မှာ ဝဲလောင်မှာ
ဗိုလ်ရာညွန့်ကကြိုသတဲ့
လက်မရွံ့အသက်စွန့်ကောင်တွေကိုလေ
အောင်ပါစေအောင်ပါစေသပြေပန်းတွေနဲ့
နောင်တာရှည်မသွေတမ်းပေါ့
လမ်းဆက်လျှောက်မယ် လမ်းဆက်လျှောက်မယ်
ပုပ္ပါး
ကျောက်ပန်းတောင်း
ရေနံချောင်း
အို...ဒေါင်းနေချောင်းမှာ
ဒေါင်းတွေပေါင်းဆုံကြမတဲ့
ကောင်းကျိုးအထွေထွေရယ်နဲ့ချွန်စေမြစေစော
ဒေါင်းအိုးဝေရယ်လို့တွန်စေကစေသောဟဲ့
ဟော...ပခုက္ကူစစ်ကူသံရွမ်းပြန်ပေါ့
ခေတ်ကတွန်းဆော်နေမှတော့
မြစ်ဝကျွန်းပေါ်ရဲဘော်တွေကလည်း
တိုက်ပွဲခေါ်သံပေးပြီပေါ့
သြော်...အောင်မှိုင်းဆန်းတို့
နန္ဒာစစ်အောင်တို့ရေ...
နေပြည်တော်မှာဆွေးနွေးတာလည်း
ဆွေးနွေးပေါ့ကွာ
သွေးတော့အေးမသွားကြနဲ့
ဆွေးနွေးရုံနဲ့တော့
သွေးကြွေးမကုန်နိုင်ဘူးကွ
အရေးတော်ပုံ
ယုံကြည်ရင်ရဲရဲဖြတ်
ရန် ငါမပြတ်လို့
သံဃာလည်းအသတ်ခံရပြီးပြီ
(ရဲဘော်ကြီးမင်းသွေးသစ်တို့
ရဲဘော်လေးမပိုပိုတို့ရေ...)
အပစ်ရပ်လို့လည်း
အပြတ်ရစ်ခံကြရပြီ
တို့တော်လှန်ရေးခရီး
အရေးကြီးပြီပေါ့
သွေးစည်းကြ သွေးနီးကြ
အဝေးအနီးကရဲဘော်အပေါင်း
ခွပ်ဒေါင်းတွေညီညာလှမ်းကြတော့
(ပြည်သူတွေညီညာဝန်းကြတော့)
အောင်ပွဲသို့ချီရာ
မန္တလာ- ဒဂုံ
ကန္တာရဂုံ
ဟောဒီခေတ်သစ်စုံမြိုင်တောလားခရီး
ကြမ်းမှာ
မညည်းစတမ်း
အပြီးလှမ်းကြဖို့
ညီညွတ်ရေးစည်းကမ်းတွေ
တစ်နည်းတစ်လမ်းတိုးတိုးပြီး
(မျိုးတေဇာမောင်ရေ...)
မုဆိုးချုံကလည်း လချောင်းတည်း
(နွယ်ဦးလှိုင်ရေ...)
သီးမျိုးခိုင်ညှာလည်း လပြွတ်တည်း
(ညီလေးစံညိမ်းဦးရေ...)
ဘီလူးသွားကိုလည်း လဖြဲတည်း"
ဒါဟာ ၂၀၁၅ ဇန်နဝါရီ (၁၉) ရက်နေ့ကနေ (၂၈) ရက်နေ့အထိ ဆယ်ရက်တိုင်တိုင်ရေးခဲ့ရတဲ့ "ရန်ကုန်ချီ ကျောင်းသားသပိတ်တပ်ကြီး ဘွဲ့ မော်ဒန်လေးချိုးကြီး" ထဲက နောက်ဆုံးအချိုး(စတုတ္ထအချိုး)ကို ထုတ်နုတ်ပြလိုက်တာပါ။
သပိတ်မှောက်ကျောင်းသားတွေကို ကျနော် ချစ်ကြောင်းပြလိုက်တာပါ။
နွေဦးတော်လှန်ရေးကြီးအတွင်းမှာ ကျနော့်ကို သတင်းဌာနတစ်ခုက အင်တာဗျူးလုပ်ပါသည်။
"ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ဘက်မှာ ဆရာ ရပ်တည်ခဲ့တာ ဘာစေ့ဆော်မှုကြောင့်ပါလဲ"တဲ့။
ကျနော့်အဖြေက တစ်ခွန်းတည်းပါ။
"ခွပ်ဒေါင်းစိတ်ဓာတ်ကြောင့်ပါပဲ"လို့။
ကျနော့်မှာ ခွပ်ဒေါင်းစိတ်ဓာတ် (မတ်ဝါဒနဲ့ယှဥ်ပြီး) အပြည့်အသိပ် ရှိပါသည်။
(ခုတော့ ဒီခွပ်ဒေါင်းကြီးက အိုပါပြီ။ ရှေ့လာမဲ့ ၂၀၂၄ ဇူလိုင်မှာ အောင်ဝေး ၇၀ ပြည့်မယ်။ ဆဲဗင်းဂျူလိုင် မမေ့နိုင်က ၆၂ နှစ်ပြည့်မယ်) ယခုတိုင် ခွပ်ဒေါင်းစိတ်ဓာတ်နှင့် ကျနော် ကဗျာစပ်ပါသည်။
ယခုတိုင် ခွပ်ဒေါင်းစိတ်ဓာတ်နှင့် အနာဂတ်ကို ကျနော် ချီတက်နေပါသည်။
စကားတံ အတော်ရှည်လျားခဲ့ပါပြီ။
ကျနော် နိဂုံးချုပ်ပါတော့မည်။
၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံသည် ကျောင်းသားတော်လှန်ရေး ဖြစ်ပါသည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးသည် သံဃတော်လှန်ရေး ဖြစ်ပါသည်။
ယနေ့ ၂၀၂၁ နွေဦးတော်လှန်ရေးသည် လူထုတော်လှန်ရေး (ပြည်သူ့တော်လှန်ရေး) ဖြစ်ပါသည်။
"ယနေ့ ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တော်လှန်ရေး မဟုတ်ဘူး။ ပြည်သူ့တော်လှန်ရေး ဖြစ်တယ်။ ဒီပြည်သူ့တော်လှန်ရေးမှာ မိမိတို့ပါတီအနေနဲ့ ပြည်သူနဲ့အတူ ပါဝင်ထမ်းရွက်နေကြတာ ဖြစ်တယ်"
(မန်းဂျော်နီ၊ သဘာပတိအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီ ၃၄ နှစ်ပြည့်မိန့်ခွန်း ၂၀၂၂ မှ)
နွေဦးတော်လှန်ရေးသည် NLD တော်လှန်ရေး မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် တော်လှန်ရေး မဟုတ်ပါ။
ယနေ့ တော်လှန်ရေးသည် လူထုတော်လှန်ရေးသာ ဖြစ်ပါသည်။
ကျောင်းတော်က ရန်စများ(ရှိခဲ့လျှင်လည်း) ကျောင်းတော်မှာပဲ ထားရစ်ခဲ့ကြပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ No Vote လို့ အော်ခဲ့ကြတာကိုလည်း ၂၀၂၀ မှာပဲ ထားရစ်လှည့်ကြပါ။
၂၀၀၈ ခြေ/ဥ မရှိတော့တဲ့အတွက် ၂၀၀၈ ခြေ/ဥ အောက်က အဆောင်အယောင်တွေ (CRPH, NUCC, NUG, CDM များလည်း ပါသည်)လည်း မရှိတော့ဘူးဟု ဆိုလျှင်ဖြင့် အို...အမောင်တို့ရဲ့၊ ကျောင်းသားသမိုင်း ရိုင်းချေရော့မယ်။
၂၀၀၈ ခြေ/ဥကို ဖျက်သိမ်းလိုက်တယ်။
ပယ်ဖျက်လိုက်တယ် ဆိုတာ နောင်အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးမှာ ဒီလို စစ်တပ်က တိုင်းပြည်နဲ့ လူထုကို ဖိနှိပ်ဖို့ ခွင့်ပြုထားတဲ့ ခြေ/ဥမျိုး ဘယ်တော့မှ ပေါ်ထွန်းမလာစေရဘူး ဆိုတဲ့လူထု ပိုင်းဖြတ်မှုနဲ့ မြေမြှုပ်ပစ်လိုက်တာပါ။ စစ်ဖိနပ်အောက်က ရုန်းကန်ခဲ့ရတဲ့ လူထုရဲ့ နာကျင်ကြေကွဲမှုတွေ၊ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ ဘဝတွေ အသက်တွေ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးသမိုင်းတွေ ရာဇဝင်တွေကို မြေမြှုပ်သင်္ဂြိုဟ်ပစ်ရမှာ မဟုတ်ဘူး။ လုံးလုံးမဟုတ်ဘူး အမောင်တို့ရဲ့။
အမောင်တို့ဟာ နှစ်ခါ မှားခဲ့ပြီ။ ၂၀၂၀ မှာ တစ်ခါ မှားတယ်။ အခု ၂၀၂၃ မှာ တစ်ခါ မှားပြန်ပြီ။
တိုက်ပွဲကို ရှင်းရှင်းလင်းလင်း ကြည့်ကြပါ။ တစ်နိုင်ငံလုံး တော်လှန်နေတာ၊ စစ်တိုက်နေတာ NLD အာဏာပြန်ရဖို့ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အာဏာပြန်ရဖို့ မဟုတ်ဘူး။ ဒီနေ့တော်လှန်ရေးဟာ စစ်တပ်က မတရားလုယူသွားတဲ့ လူထုအာဏာကို လူထုက ပြန်ရဖို့ တိုက်နေတဲ့တိုက်ပွဲဖြစ်တယ်ဆိုတာကို နိုင်ငံတကာအမြင်နဲ့၊ အနုပဋိလောမအမြင်နဲ့၊ အနည်းဆုံးတော့ အကောင်းမြင်စိတ်ကလေးနဲ့ ကြည့်ကြပါဦးတော့လား။
NUG သည် တော်လှန်ရေးအစိုးရသာ ဖြစ်ပါသည်။ ကြားကာလ (စစ်တိုက်နေသောကာလ)အစိုးရသာ ဖြစ်ပါသည်။ NUG သည် အသွင်ကူးပြောင်းရေးကာလ (စစ်နိုင်ပြီးကာလ)အစိုးရ မဟုတ်ပါ။
ထို့ပြင်လည်း NUG သည် NLD မဟုတ်ပါ။ NLD ကို လင်လုဘက်ဟု မြင်နေကြသူများ ရပ်တန်းက ရပ်ကြပါ။
ဘုံရန်သူကိုသာ မျက်ခြည်မပြတ်စောင့်ကြည့်ကြပါ။ ကျယ်ပြန့်စွာ မဟာမိတ်ပြုရေးအမြင်ကို ကိုင်စွဲကြပါ။ သဘောထားကြီးကြပါ။
အောင်ဝေးဟာ ခွပ်ဒေါင်းအိုကြီးပါ။
အဲဒီ ခွပ်ဒေါင်းအိုကြီးရဲ့ ကြားကာလ(စစ်ကာလ) သဘောထားကတော့—
တစ်- စစ်အနိုင်တိုက်ရေး၊
နှစ်- လူထုအာဏာ လူထုပြန်သိမ်းပိုက်ရေး။
ဒါပါပဲ။ ။
အောင်ဝေး
(နိုဝင်ဘာ ၂၉၊ ၂၀၂၃)