မာတီနာ - မျှော်လင့်ခြင်းဆောင်းရာသီ
မျှော်လင့်ခြင်းဆောင်းရာသီ
မာတီနာ
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၂၃
နံနက်ခင်းတိုက်ခတ်သောလေပြေနှင့်အတူ မြူမှုန်အချို့ဝေ့ဝဲလာသည်။ ဆောင်းဝင်စပြုပြီ။ ရွာမှာဆိုရင့်မှည့်စပြုသည့် ကောက်နှံတို့ရနံ့ဖြင့် မွှေးပျံ့နေရော့မည်။ တမျှော်တခေါ်လယ်ကွင်းပြင်တွင် ရွှေရောင်လွှမ်းစပြုရော့မည်။ အဝါရောင်ပန်းနှမ်းခင်းများ၊ မုန်ညင်းခင်းများတွင် ပျားတွေဝဲပျံနေတော့မည်။ ချောင်းစပ်ရှိခြုံများ၊ သစ်ပင်များတွင် ပျားအုံတွေခဲနေတော့မည်။ ပြီးတော့ ကောက်ညှင်းတွေပေါ်ရော့မည်။ ခေါဆီ။
ခေါဆီစားချင်သည်။ ခြေခင်းလက်ခင်းမသာလှသောအခြေအနေကြောင့် လယ်တွေကောင်းပါ့မလား။
သတင်းတွေက အမျိုးမျိုး။ အားတက်စရာသတင်းတွေရှိသော်လည်းဒေသ ခံဆွေမျိုးမိတ်သင်္ဂဟများအတွက် စိတ်ပူသည်။ အသက်ဘေးကြောင့် ဟိုဘက်ပြေးလိုက်၊ ဒီဘက်ပြေးလိုက်နှင့် ဗျာများနေကြတော့မည်။ ကောက်ညှင်းမှ စိုက်နိုင်ကြပါရဲ့လား။ ခေါဆီမှထောင်းနိုင်ကြပါ့မလား။
တင်တင်က ကောလင်းနယ် ဇာတိဖြစ်သည်။ သျှောင်နောက် ဆံထုံးပါကာ ရန်ကုန်မှာနေတာ ကြာပြီ။ တန်ဆောင်မုန်းဆိုရင် ကထိန်ပွဲဘာညာအကြောင်းပြကာ ရွာသို့ တခါတခေါက် ပြန်စမြဲ။ ဆွေမျိုးများ၊ ငယ် ပေါင်း ကြီးဖော်များနှင့်ဆုံတွေ့ခိုက် မုန်ညင်းပေါင်း စားကြ၊ ခေါဆီထောင်းစားကြနှင့်။ ရွာကပြန်လာလျှင် မုန် ညင်းမျိုးစုံ၊ ပဲစိမ်းတောင့်၊ ခေါဆီ၊ ပေါင်းတင်း၊ ငါးချဉ်၊ ငါးဆားနယ်တို့ကို ခြင်းကြီးခြင်းငယ်အပြည့်နှင့် သယ်လာမြဲ။
အရင်တုန်းကတော့ ရွာမှာအမေတို့ ရှိနေတာကြောင့် အချိန်အခါလိုက် ရာသီစာတွေမပြတ်တမ်း စားရသည်။ ခုလိုဆောင်းကာလမျိုးဝယ် ကောလင်းဈေးထဲတွင် မုန်ညင်းတွေပေါရော့မည်။ မုန်ညင်းကိုရန်ကုန်မှာဝယ်စားလို့ရပေမဲ့ လတ်ဆတ်မှုနှင့် အရသာကမတူ။ လတ်ဆတ်သောဟင်းသီး ဟင်းရွက်တို့ဖြင့် နံနက်စောစောကိုလှုပ်နှိုးလေ့ရှိသောဈေးတန်းသည် ယခင်ကလို မစည်ပင်နိုင်တော့ပြီ။ အမေတို့သည်လည်း သူ့လိုပဲ ရွာကို၊ ရွာ၏အနံ့ အသက်ကို၊ ရွာ၏ရာသီဥတုကို၊ ရွာ၏အစားအစားတို့ကို အတူတူ လွမ်းနေရပြီ။ ဘာလိုလိုနှင့် အမေတို့ ရွာကိုစွန့်ခွာ၍ ရန်ကုန်ရောက်ခဲ့သည်မှာ နှစ်နှစ်ပြည့်ပြီပဲ။ ကောလင်းနှင့် ကန့်ဘလူအကြားရှိရွာတိုင်းလိုလို ပြာကျခဲ့ရသည်ဖြစ်ရာ တင်တင်တို့ ဇာတိရွာသည်လည်း မကျန်။ ခေါဆီထောင်းပေးမည့်အကိုဖြစ်သူလည်း ကျဆုံးသွားခဲ့ပြီ။
ခုတော့ ဘုန်းကြီးတွေပင် ကျောင်းမှာမထိုင်နိုင်။ ပြေးလွှားရင်း ခေတ္တခိုအောင်းသောအမိုးအကာသည်သာ ကျောင်းသင်္ခန်းဖြစ်ကြရသည့် အခြေအနေ။ ကထိန်ပွဲ၊ ကထိန်သင်္ကန်းအသာထားလို့ လဲဖယ်စရာသင်္ကန်းတစုံလောက်ကိုကျစ်ကျစ်ပါအောင် ထုတ်ထားရသည်။ ကြုံရာတဲကကပ်သောဆွမ်းကို စားကြရသည်။ စစ်မီးက ဘုန်းကြီးရဟန်း၊ ကျောင်းသင်္ခန်းရယ်လို့ မရှောင်။ အရာရာကို ဝါးမြိုချေဖျက်ခဲ့သည်။ ချေဖျက်နေဆဲ။ နောက်ထပ်ချေဖျက်မည့် အရိပ်အယောင်များ ထင်ရှားနေဆဲ။
ရန်ကုန်သည် ခြောက်သွေ့ခြင်းအားဖြင့် ဆောင်း၏သရုပ်ကိုဖော်လေသည်။ သစ်ပင်တချို့ ရွက်ဟောင်းတွေ ခါချစပြုပြီ။ လမ်းပေါ်မှာရွက်ကြွေတို့ ဟိုဟိုသည်သည် လွင့်မြောကြပြီ။ တမ်းတမိသောခေါဆီကို ကိုယ့်ဘာသာကိုယ် လုပ်စားမည်ဟုစိတ်ကူးကာ ရပ်ကွက်ထဲရှိဆန်ဆိုင်မှ ကောက်ညှင်းဆန်တပြည် ဝယ်လိုက်သည်။ ရန်ကုန်မှ ကောက်ညှင်းဆန် သည် ကောလင်းကခေါဆီထောင်းသည့်ကောက်ညှင်းဆန်နှင့် မတူ။ ကောလင်းက ကောက်ညှင်းဆန်က လုံးလုံးပုပု၊ ဒီက ကောက်ညှင်းဆန်က သေးသေးရှည်ရှည်ကလေးတွေ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရှိတာနှင့်ပဲရအောင်လုပ်ရပေမည်။
ရွာကလယ်တွေက ကောက်ကြီးစပါးစိုက်တာများသည်။ ကောက်ညှင်းတွေမှည့်ပြီဆိုလျှင် စပါးတွေက မရိပ်ရသေး။ သည်တော့ ကောက်ညှင်းစိုက်သောလယ်ကို လှည်းဝင်၍မရသောကြောင့် ကောက်လှိုင်းတွေကိုကန်သင်းရိုးအတိုင်းထမ်းပြီး ထုတ်ရသည်။ တလင်းကိုရောက်မှ ရိုက်ခြွေရသည်။ ရလာသည့် ကောက်ညှင်းစပါးတို့ကိုဖွပ်လိုက်လျှင် ကောက်ညှင်းဆန်ရပြီ။
တင်တင်သည် ကောက်ညှင်းဆန်ကိုရေစိမ်ထားလိုက်ပြီး နောက်နေ့ ခေါဆီထောင်းရာတွင်လိုအပ်မည့် ပစ္စည်းများကိုပြင်ဆင်သည်။ လျှော်ဖွပ်ထားသောပီနန်အိပ်ကြီး နှစ်လုံး၊ စကော တချပ်။ ပြီးတော့ တူကြီးတချောင်း။ ရွာမှာကတော့ သစ်သားတင်းပုတ်နှင့်သော်လည်းကောင်း ပုဆိန်အနှောင့်နှင့်သော်လည်းကောင်း ထုထောင်းကြသည်။ အခုတော့ ထုစရာ တူပဲရှိသည်။
တူကိုသန့်ရှင်းအောင် ဆေးကြောရင်း အကို့ကို သတိရမိသည်။ ရွာမှာဆိုရင်တော့ လူပျိုကာလသားများက အပျိုရှိသည့်အိမ်ကိုသွားရောက် ခေါဆီကူထောင်းပေးရင်း ပိုးပန်းကြသည်။ အခုတော့ အကိုသည် ကောင်းကင်ယံက ဘယ်ကြယ်ပွင့်ကိုများပိုးပန်းရင်း ခေါဆီထောင်းနေလေမလဲ။ တိုက်တန်းများကြားမှ မြင်ရသောကောင်းကင်ကျဉ်းကျဉ်းကိုမော့ကြည့်မိ သည်။ ကြယ်တွေစုံတဲ့ ညကျရင်တော့ ကောင်းကင်မှာအကို့ကိုတွေ့လိုတွေ့ငြား ရှာကြည့်ဦးမည်။
ခေါဆီထောင်းရန် ပြင်ဆင်စရာရှိသည်တို့ကိုပြင်ဆင်ပြီးနောက် မနက်ကဝယ်ထားသည့် မုန်ညင်းနှစ်စည်းကိုယူကာ သင်သည်။ မုန်ညင်းချဉ်တည်မည်။ အလျဉ်ရှိသည်မို့ ဒီနေ့အချဉ်တည်ထားလျှင် နောက်နေ့ နေခင်းလောက်ဆို ချဉ်နေလောက်ပြီ။ ခေါဆီနှင့် မုန်ညင်းချဉ်က လိုက်ဖက်လှသည်။
ခေါဆီပြားများကိုကတ်ကြေးဖြင့် ညှပ်၊ ရေနွေးပွက်ပွက်ဆူတွင်ဖျောလိုက်သောအခါ ပျော့ပြောင်းနူးညံ့သောခေါဆီဖတ်များရသည်။ ထိုခေါဆီများကို မုန်ညင်းချဉ်၊ ပဲမှုန့်အကျက်၊ ဆီချက်တို့ထည့်ကာ သုပ်၍စားရသည်။ ငယ်စဉ်ကကျောင်းမှာရောင်းသည့် ခေါဆီသုပ်ကိုမြင်ယောင်ကာသွား ရည်များပင် ယိုလာသည်။ ခုတော့ ကျောင်းလည်း မဖွင့်နိုင်။ စစ်တပ်ကတပ်စွဲထားသည် တဲ့။
တင်တင်သည် ကြမ်းပြင်တွင် ဖျာတချပ်ခင်းလိုက်သည်။ ဖျာပေါ်တွင် စကောတချပ်ကို ချသည်။ စကောပေါ်တွင် ပီနန်အိပ်ခွံတခုကိုသေချာစွာဖြန့်ခင်းလိုက်သည်။ ပီနံအိပ်ပေါ်တွင် ဆီရွှဲရွှဲသုတ်လိမ်းလိုက်သည်။ယိုးဒယားမှ ဝင်သည်ဆိုသော ဟင်းသီးဟင်းရွက်ဆီသည် ရွာကထွက်သောမြေပဲဆီလို မမွှေးချေ။ ဆီသုတ်ပြီးနောက် ဆားအနည်းငယ် ဖြူးလိုက်သည်။ ဆီအနည်းငယ်ကို ပန်းကန်လုံးတခုတွင်ထည့်၍ ဘေးတွင် အဆင်သင့်ချထားလိုက်သည်။ ခေါဆီပြားသောအခါ ဆီဖြင့်ကိုင်ရမည်လေ။ ထို့နောက် ပေါင်းအိုးထဲမှ ကောက်ညှင်းပေါင်းများကို ယောင်းမကြီးနှင့်ကော်၍ကော်၍ ပီနန်အိပ်ပေါ်တွင် ပုံလိုက်သည်။ မီးဖိုပေါ်မှ လော လောလတ်လတ်ချလာခြင်းဖြစ်၍ ကောင်းညှင်းပေါင်းများမှာ အငွေ့ဖြူဖြူများတထောင်းထောင်း ထနေလေသည်။ အိနေအောင်ပေါင်းထားသောကောက်ညှင်းနံ့သည် အခန်းလုံးကို ပျံ့နှံ့မွှေးကြိုင်သွားလေသည်။
ကောက်ညှင်းများပုံပြီးသောအခါ ပီနန်အိပ်ဖြင့်ပင် လုံအောင်ထုတ်ပိုး၍ အဆင်သင့်ရှိနေသောတူကြီးဖြင့် ထုနှက်ရလေသည်။ နေရာရွှေ့လိုက်၊ ထုလိုက်ဖြင့် အချက်ပေါင်းများစွာ။ အကို့ကိုနှိပ်စက်သတ်ဖြတ်ခဲ့သောစစ်မိစ္ဆာများကိုမြင်ယောင်၍ ထုသည်။ မီးလောင်သွားသောအိမ်နေရာကိုမြင်ယောင်၍ ထုသည်။ မီးလောင်ပြင်မှသည် ဖုန်းဆိုးမြေအဖြစ်သို့ ပြောင်းလဲစပြုနေသောရွာကိုမြင်ယောင်၍ ထုသည်။ ဟိုဟိုသည်သည် ပြေးလွှားနေရရှာသည့် ဆွေမျိုးမိသင်္ဂဟများကိုမြင်ယောင်၍ ထုသည်။ ရထားမသွားတော့သည့် ဘူတာရုံကလေးကိုမြင်ယောင်၍ ထုသည်။ မြို့ရွာများအပေါ်သို့ပစ်လိုက်သည့် လက်နက်ကြီးများပမာ၊ ရဟတ်ယာဉ်ပေါ်မှာပစ်လိုက်သော ကျည်ဆံတောင့်များပမာ၊ လေယာဉ်ပေါ်မှကျဲချသော ဗုံးများပမာ၊ တင်တင်သည် ကောက်ညှင်းကို အဆက်မပြတ်ထုထောင်းလေသည်။
တင်တင့်မျက်နှာတွင် သီးနေသော ချွေးစက်များသည် ရန်ကုန်ဆောင်း၏ အပူရှိန်ကြောင့်လား၊ ခေါဆီဘဝသို့ ပြောင်းလေသည့် ကောက်ညှင်း၏ အပူကြောင့်လား၊ ပင်ပန်းကြီးစွာထုထောင်းလိုက်ရသည့်လှုပ်ရှားမှုကြောင့်လား မခွဲခြားနိုင်ပြီ။ တင်တင့်မျက်ဝန်းတွင် သီသောမျက်ရည်စသည် တငွေ့ ငွေ့လောင်မြိုက်ဆဲ မီးဖိုကထွက်လာသည့် မီးခိုးငွေ့ကြောင့်လား၊ အိမ်တိုင်ပင်မကျန်ရစ်လောက်အောင် လောင်ကျွမ်းသွားသော မီးလောင်ပြင်မှမီးခိုးငွေ့ကြောင့်လား ဆိုတာ တင်တင်ကိုယ်တိုင်သာ သိနိုင်ပေမည်။
အိမ်တိုင်များကိုမီးလောင်ကျွမ်းပြီး ကျန်နေသောမီးကျီးခဲများတွင် ခေါဆီကင်စားလိုက်ရရင် ကောင်းလိုက်မှာဟု ရယ်သွမ်းသွေးသောမိတ်ဆွေများ ၏အသံကိုကြားယောင်ကာ တင်တင်သည် ခေါဆီပြားများကို မီးသွေးမီးဖိုတွင်ကင်သည်။
သတင်းဖတ်ဦးမှဟုသတိပေါ်ကာ Facebook ကိုဖွင့်သည်။ ကောလင်းမြို့ကို သိမ်းနိုင်ပြီ…။
အထက်မြန်မာနိုင်ငံမီးရထားလမ်းရှိအချက်အချာဖြစ်သောကောလင်းမြို့ကို သိမ်းလိုက်နိုင်ပြီဆိုတော့ ဝမ်းသာမိသည်။ ကောလင်းမြို့ကိုသိမ်းနိုင်ပြီဟူသောသတင်းကိုဖတ်၍ ခေါဆီကို ကိုက်ဝါးလိုက်သည်။ မြို့သိမ်းနိုင်ပြီဆိုသော်လည်း အန္တရာယ်ကကင်းသည်မဟုတ်သေး၍ စိတ်ပူသည်။
ဝါးလိုက်သောခေါဆီသည် ကောင်းစွာမညက်။ တင်တင်၏ စိတ်တွင်ကားငါတို့ အိမ်ပြန်ရတော့မှာ၊ အိမ်ပြန်ရောက်မှ ခေါဆီကိုတဝကြီးစားပစ်လိုက်ဦးမှာဟု ကြိမ်းဝါးနေတော့သည်။ စိုးရိမ်စိတ်ကတော့ မပျယ်။ စေးစေးပိုင်ပိုင်ခေါဆီကိုဝါးရင်း တင်တင်ပြုံးသည်။ ခေါဆီ၏အရသာသည် ဆိမ့်လှပေသည်တကား။
မာတီနာ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar