Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၅ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၅ )

(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၂၃

27/11/23

Diary in the darkness


ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး တလပြည့်နေ့ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကို အဆင့်မြှင့်မယ်၊ လို့ မြောက်ပိုင်းတော်လှန်ရေးညီနောင်သုံးဖွဲက ကြေညာထားတဲ့နေ့လည်း ဖြစ်တယ်။ လူတိုင်းလိုလို စိတ်လှုပ်ရှားနေကြတယ်။ ဘာတွေဖြစ်လာမလဲလို့ စောင့်ကြည့်နေကြတယ်။ ည တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ဘူး။ FB ကို ခဏခဏဖွင့်ကြည့်မိတယ်။ 

မနေ့က မြောက်ဒဂုံ ၄၀ ဈေးကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးသွားတဲ့ ဓာတ်ပုံတွေ တင်ထားတာတွေ့ရတယ်။ မျက်မြင်ကြုံတွေ့ရတဲ့ ရပ်ကွက်ထဲက အမျိုးသမီးတစ်ယောက် ပြောပြတာက မနက်စောစော ဈေးဝယ် လူငယ်တစ်ယောက်က ကန်စွမ်းရွက်တစည်းကို လက်ကကိုင်ရင်း စစ်ကောင်စီကြောင့် လူထု ဒုက္ခရောက်နေတဲ့အကြောင်းတွေ လမ်းလယ်ကောင်မှာ ဟောပြောတယ်။ ဈေးဝယ်တွေက သူ ပြောတာကို လက်ခုပ်တီး ထောက်ခံကြတယ်။ အဲဒါကြောင့် စစ်တပ်က မကြာခင်ရောက်လာပြီး ဈေးတခုလုံးကို ဖျက်ဆီးသွားတာလို့ ပြောပါတယ်။ 

လောက်ကိုင်မှာ ပိတ်မိနေတဲ့ သူငယ်ချင်းသမီးလေးလဲ ဒီမနက် ဆိုင်ကယ် အသစ်တစ်စီးဝယ်ပြီး သူ့သူငယ်ချင်းနဲ့အတူ လောက်ကိုင်က ထွက်ခဲ့ပြီလို့ သိရတယ်။ စစ်ကောင်စီတပ်က ဗမာတွေကို ထွက်ခွင့်ပြုပေမယ့် ကိုးကန့်နဲ့ တရုတ်တွေကို ထွက်ခွင့်မပြုဘူးလို့ ပြောပါတယ်။ စစ်ကောင်စီက လောက်ကိုင်မြို့ထဲ ကျန်သူတွေကို လူသားဒိုင်းလုပ်မှာကို စိုးရိမ်နေကြတယ်။ ထွက်ပြေးလာသူတွေထဲမှာ စစ်ကောင်စီတပ်သားတချို့ အရပ်ဝတ်နဲ့ ထွက်ပြေးလာတာ သတိထားမိတယ်လို့ စစ်ရှောင်တစ်ယောက်နဲ့ မြန်မာနောင်းသတင်းဌာန အင်တာဗျူးမှာ ရေးထားတာ ဖတ်လိုက်ရတယ်။ အခြေအနေတွေ ရှုပ်ထွေးနေပုံရတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ညီနောင်သုံးဖွဲ့က ပြည်သူအားလုံး လောက်ကိုင်ကို စွန့်ခွာပြီး ဘေးလွတ်ရာသွားဖို့ ကြေညာထားတာလို့ သိရတယ်။ 

ကျနော့်အမျိုးသမီး အဒေါ်ကတော့ ငါးခြောက်အထုပ်ကလေးတွေ ဝယ်ထားဖို့ လှမ်းဖုန်းဆက်တယ်။ ဆွေမျိုးတွေ၊ မိတ်ဆွေတွေဆီကလည်း ဘာတွေ ဝယ်ထား၊ ဘာတွေလုပ်ထား၊ မစိုးရိမ်နဲ့ ဆိုပြီး စိုးရိမ်တကြီး ဖုန်းတွေ ဆက်ကြတာ တနေကုန်ပါပဲ။ 

လမ်းမကြီတွေပေါ်မှာ လူသွားလူလာ ကြဲသွားတယ်။ ဘတ်(စ)ကားတွေလည်း နည်းသွားတယ်။ စစ်စိမ်းရောင် ဟိုင်းလက်ကားတွေလဲ သုံးလေးစီး တစ်သုတ် ကင်းလှည့်နေကြတယ်။ သံချပ်ကာ ကားတွေမြို့ထဲမှာ ကင်းလှည့်နေပုံတွေ FB မှာ တွေ့ရတယ်။ 

မြို့သိမ်းတိုက်ပွဲ ဆိုတဲ့ အသံတွေ နေရာတကာမှာ ကြားနေရတယ်။ 

အပေါ်ပိုင်းဗလာ၊ အောက်ပိုင်း လန်ကွတ်တီနဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ကို တော်လှန်ရေးတပ်သားတွေက  ကြိုးတုပ်ပြီး လမ်းလျှောက်ခိုင်းနေတဲ့ပုံကို FB မှာ တွေ့ရတယ်။ စစ်ကောင်စီတပ်သားဟာ မအေ ့့့ မင်းအောင်လှိုင်၊ မင်းအောင်လှိုင် မအေ ့့့ လို့ အော်ပြီးလမ်းလျှောက်နေရတာ တွေ့ရပါတယ်။ အောက်မှာရေးထားတဲ့မှတ်ချက်တွေမှာတော့ ကျေနပ်အားရကြောင်း ရေးထားတာ အများအပြားတွေ့ရတယ်။ တချို့ကတော့ အဖမ်းခံရတဲ့ စစ်ကောင်စီတပ်သားတွေကို သုံ့ပန်းကျင့်ဝတ်နဲ့အညီ ဆက်ဆံသင့်ကြောင်း အကြံပြုကြတယ်။ 

မူဆယ်-တရုတ် မြန်မာဂိတ် (ကျင်စန်းကျော့ဂိတ်)ကို ညီနောင်သုံးဖွဲ့ သိမ်းလိုက်ပြီဆိုတဲ့ သတင်းတွေနဲ့အတူ ဂိတ်ဝင်မုခ်ဦးမှာ တော်လှန်ရေးအလံ လွှင့်ထားတဲ့ ပုံတွေ FB မှာတင်ထားတာ တွေ့ရတယ်။ မူဆယ်အဝင် ၁၀၅ မိုင်တဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရတယ်။ မူဆယ် ကုန်သွယ်ရေး ကားဂိတ်ဝင်းအတွင်း လက်နက်ကြီးကျလို့ ကားတွေ မီးလောင်နေ တဲ့ ဗီဒီယိုဖိုင်တွေကို တွေ့ရတယ်။ ကားအစီး တစ်ရာကျော် မီးလောင်ပျက်စီးသွားတယ်လို့ သိရတယ်။ 

စစ်ကောင်စီစခန်းပေါင်း ၁၇၆ ခုနဲ့ လက်နက်အမြောက်အမြားကို တော်လှန်ရေးတပ်တွေက သိမ်းမိတယ်လို့ သတင်းတွေမှာ ဖတ်ရတယ်။ စစ်ကောင်စီတပ်ဟာ မြောက်ပိုင်းကို ပြန်လည်သိမ်းယူနိုင်ဖို့ ခက်ခဲသွားပါပြီ။ 

နောင်ချို၊ ကျောက်မဲ၊ မတ္တရာ၊ မိုးကုတ် တဝိုက်မှာလည်း စစ်ကောင်စီတပ်တွေ အလူးအလဲခံနေရပြီး သုံ့ပန်း ၁၁ ယောက်ကိုမိထားလို့ တော်လှန်ရေးလိုလားတဲ့ မီဒီယာတွေကဆိုပါတယ်။ 

အလားတူ စစ်ကောင်စီ စစ်ရှုံးနေတဲ့ သတင်းတွေကို ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေဘက်ကလည်း ဆက်တိုက်တက်နေပါတယ်။ စစ်ကောင်စီဘက်ကလဲ တော်လှန်ရေးတပ်သားတွေကို ပြန်လည်ခုခံဖို့ ဒရုန်းတပ်ကို တိုးချဲ့ပြင်ဆင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ 

တရုတ်နိုင်ငံကတော့ အပစ်ရပ်ဖို့ တိုက်တွန်းနေပါတယ်။ 

နွေဦးတော်လှန်ရေးအတွင်း တော်လှန်တပ်သား ၄၂၀၂ ယောက် ကျဆုံးပြီး ၂၅၄၆၃ ယောက် အဖမ်းခံထားရတယ်လို့ AAPP က စာရင်းထုတ်ပြန်ပါတယ်။ ဒေါက်တာဇော်ဝေစိုးကတော့ ဒဏ်ရာရသူ၊ ကျဆုံးသူ တော်လှန်ရေးသမားတွေ နောင်ရေးအတွက် ဥပဒေပြုကာ ဂုဏ်ပြုသွားမယ်လို့ အင်တာဗျူးတခုမှာ ဆိုထားပါတယ်။ 

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ခံစစ်နဲ့ စခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ ခုဆို မြို့သိမ်းသိမ်းတိုက်ပွဲထိုးစစ်တွေ အဆင့်ကို ရောက်နေပါပြီ။ ဒီအောင်မြင်မှု လှိုင်းဟာ သံတမန်စစ်မျက်နှာအထိ အရှိန်ပြင်းပြင်းရိုက်ခတ်ပြီး တော်လှန်ရေး ဒီလှိုင်း နောက်တလှိုင်းအဖြစ် ဦးတည်နေတာ မြင်ရပါတယ်။ 

ရန်သူ ဟန်ချက်ပျက်နေချိန်မှာ ကိုယ်ဘက်က ထိုးစစ်တွေ ဆက်တိုက် လာတော့မယ်လို့ မျှော်လင့်ရင်း ဆန်အိုးထဲက လက်ကျန်ဆန်ကိုခြစ်ကုတ် ကော်ခပ်နေမိပါတယ်။

အန်ကယ် တူမီး

၂၇ ၁၁ ၂၃




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar