Breaking News

စစ်ပွဲတွေ ပိုမိုကျယ်ပြန့်လာပြီး ဒုတိယအဆင့် အရှိန်မြှင့်တိုက်ခိုက်လာတဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ဒုတိယအဆင့် စစ်ဆင်ရေးနဲ့ ရှေ့အလားအလာ

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၇ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၂၃


စစ်ပွဲတွေ ပိုမိုကျယ်ပြန့်လာပြီး ဒုတိယအဆင့် အရှိန်မြှင့်တိုက်ခိုက်လာတဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ဒုတိယအဆင့် စစ်ဆင်ရေးနဲ့ ရှေ့အလားအလာ 

နေ့စဥ် သတင်းတွေကို ကြည့်လိုက်တဲ့အခါ လက်နက်ကြီး ထိမှန်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ ပစ်ခတ်ခံရမှုတွေကြောင့် အရပ်သားဘယ်နှဦး သေဆုံးသွားတယ်ဆိုတဲ့ သတင်း၊ စစ်ဘေးရှောင် ဘယ်ရွေ့ဘယ်မျှ ဘယ်ဒေသကနေ ဘယ်ဒေသကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ သတင်း၊ စစ်ကောင်စီ ရဲ့ ခြေကုပ်စခန်း၊ စစ်စခန်းသိမ်းလိုက်တယ်ဆိုတဲ့ သတင်း၊ စခန်းကိုသိမ်းယူပြီး ရရှိတဲ့ စစ်လက်နက် ခဲယမ်းတွေ အရေအတွက်၊ ရန်သူဘက်က သေဆုံးသူအရေအတွက်တွေ၊ စီးပွားရေးဇုန်၊ နယ်စပ်ကုန်သွယ်ရေး ဇုန်လမ်းကြောင်း တလျှောက်မှာရှိတဲ့ နေရာတွေမှာ တိုက်ပွဲဖြစ်နေလို့ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းနေပြီး ကုန်စျေးနှုန်းတွေ မြင့်တက်နေတဲ့ သတင်း ပိတ်ဆို့ခံထားရတဲ့ လောက်ကိုင်မြို့ထဲက နေရပ်ပြန်ကြဖို့ ကြိုးစားနေကြသူတွေ စတဲ့ သတင်းတွေက ယခုတလော နေ့စဥ် ဖော်ပြနေတဲ့ သတင်းအကြောင်းအရာ ခေါင်းစဥ်တွေ ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ 

သတင်းဖတ်ရှုသူက လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားခြင်း မရှိသေးတဲ့ မြန်မာနိုင်ငံရဲ့ တနေရာရာမှာ နေထိုင်သူဖြစ်ရင် ဒီတိုက်ပွဲဖြစ်ပွားရာ ဒေသက ပြည်သူတွေအတွက် စာနာမှု၊ ကိုယ်ချင်းစာတဲ့ ခံစားချက်မျိုး ခံစားမိကြပါလိမ့်မယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသမှာနေထိုင်နေသူတွေ အနေနဲ့ အခုလိုသတင်းမျိုး ဖတ်ရှုရတဲ့အခါ ကိုယ်တိုင်ခံစားကြုံတွေ့ နေရတဲ့ အဖြစ်အပျက်တွေ ဖြစ်တာမို့လို့ အပြင်က ဖြစ်ရပ်က သတင်းထဲကထက် ပိုမို စိုးရိမ်စရာ၊ ကြောက်လန့်စရာ၊ ခက်ခဲပင်ပန်းကြမ်းတမ်းတဲ့ အတွေ့အကြုံတွေဆိုတာ ခံစားမိပါလိမ့်မယ်။ အသက်ဘေး လွတ်ဖို့ တိမ်းရှောင်နေစဥ်မှာပဲ မိမိတို့ နေထိုင်တဲ့ အိမ်၊ ပိုင်ဆိုင်မှုတွေ၊ စိုက်ပျိုးရေး မွေးမြူရေး လုပ်သူတွေအနေနဲ့ ကိုယ့်လယ်၊ ကိုယ့်ယာ၊ မွေးထားတဲ့ တိရိစ္ဆာန် ဘာကိုမှ မယူဆောင်နိုင်ပဲ ထားခဲ့ရတဲ့ အနေအထားဟာ မကြုံဖူးသူအဖို့ ပြည့်ပြည့်ဝဝကိုယ်ချင်းစာဖို့ မလွယ်ပါဘူး။ 

အသက်မဆုံးရှုံးဖို့က အဓိကလို့ ဆိုကြပေမယ့်လည်း အသက်မဆုံးရှုံးခဲ့သည့်တိုင် အသက်ရှင်ဖို့ စားဖို့ရာ ငွေမရှိ၊ ဝယ်ဖို့ရာ မလွယ်ကူတဲ့ အခြေအနေမျိုးမှာ ရှင်ခြင်းဒုက္ခကလည်း သေဆုံးခြင်းနဲ့ မနှိုင်းယှဥ်နိုင်သည့်တိုင် အခက်ခဲဆုံးအခြေအနေလို့ ဆိုနိုင်ပါလိမ့်မယ်။ အသက်ဆုံးရှုံးတဲ့ အဖြစ်အပျက်တွေ၊ အသက်မဆုံးရှုံးပေမယ့်လည်း စားရမဲ့ သောက်ရမဲ့ အခြေအနေကြုံတွေ့နေရတဲ့ အခြေအနေမျိုးတွေက နေ့စဥ် သတင်းတွေထဲ တွေ့နေရ ကြားနေရတာပါ။ ရှမ်းမြောက်မှာ၊ ကရင်နီပြည်မှာ၊ ချင်းပြည်နယ်မှာ၊ ကချင်မှာ၊ စစ်ကိုင်းမှာ ကရင်ပြည်နယ်မှာ နေရာအနှံ့အပြား အထက်က အခြေအနေမျိုးတွေ ကြုံတွေ့နေကြရတာပါ။ ဒါကတော့ ဒီနေ့အခြေအနေအောက်မှာ ပြည်သူလူထုတွေ အနေနဲ့ စစ်ပွဲတွေ ဖြစ်ပွားလာတဲ့အခါ ကြုံတွေ့ရတဲ့ အနေအထားဖြစ်ပါတယ်။ 

တဖက်မှာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေ၊ လက်နက်ကိုင် အဖွဲ့တွေရဲ့ နိုင်ငံရေးအရ ဦးဆောင်သူတွေ၊ စစ်ရေးအရ ဦးဆောင်သူတွေက ဘယ်လို စဥ်းစားဆုံးဖြတ်နေကြပါသလဲ။ 

လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဆိုရာမှာတော့ ရှမ်းပြည်မြောက်ပိုင်း မှာ အခြေစိုက်တဲ့ ၂ ဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ထဲ ပါဝင်ထားတဲ့ ရခိုင်ပြည်နယ် အခြေစိုက်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။ ရှမ်းမြောက်က ခုစစ်ဆင်ရေးက မြန်မာနိုင်ငံတောင်ပိုင်း၊ အနောက်ပိုင်းနဲ့ မြောက်ပိုင်း တို့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အသိပေးမှုရှိကောင်း ရှိခဲ့ပါလိမ့်မယ်။ သို့ပေမယ့် အခြားအဖွဲ့တွေက ၄င်းတို့ အနေအထားနဲ့ ၄င်းတို့ ဆုံးဖြတ်ကာ ၁၀လပိုင်း ၂၇ ရက်နေ့မှာ တပြိုင်ထဲ တိုက်ခိုက်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ ရက်အနည်းငယ်အကြာ၊ သီတင်းပတ်အကြာမှာ စစ်ကောင်စီရဲ့ တုံ့ပြန်တိုက်ခိုက်နိုင်အားကို အကဲခတ်ပြီးနောက်မှာ အခြားနေရာတွေမှာ စစ်ကောင်စီ စခန်းတွေ၊ မြို့တွေကို တိုက်ခိုက်တာမျိုးတွေ ဖြစ်လာတာပါ။ 

စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တနိုင်ငံလုံး တပြိုင်နက်ထဲ တိုက်ခိုက်ဖို့ဆိုတဲ့ အချက်ကတော့ လက်ရှိအခင်းအကျင်းမှာ အကောင်အထည်ဖေါ်ဖို့ သဘောတူညီဖို့ မလွယ်ကူဘူးဆိုတာ ကောက်ချက်ချလို့ရပါတယ်။ ဒေသအလိုက် ပြည်နယ်အလိုက်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အလိုက် ၄င်းတို့ရည်မှန်းချက်နဲ့ ၄င်းတို့ရဲ့ အင်အား၊ အခြေအနေနဲ့ တိုက်ခိုက်ကြတာမျိုးလို့ ဆိုရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ရန်သူဖြစ်နေတာ အကျိုးစီးပွားတိုက်ရိုက် ဆန့်ကျင်နေတဲ့အချက်က ဘုံတူညီချက် ဖြစ်ပေမယ့်၊ စစ်ကောင်စီ ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့တွေအကြား အကျိုးစီးပွားဆန့်ကျင်ဘက်၊ ရည်မှန်းချက် ပန်းတိုင်ကွဲပြားမှုတွေ ရှိနေကြတာကိုလည်း မေ့မထားဖို့ လိုပါတယ်။ ဒီအချက်က တနိုင်ငံလုံး တပြိုင်နက်ထဲ စစ်ကောင်စီကို တိုက်ခိုက်ကြမယ်၊ ပြီးနောက် ဖက်ဒရယ် ဒီမိုကရေစီကို တည်ဆောက်ကြမယ်ဆိုတဲ့ ရှင်းလင်းတဲ့ ကောက်ချက်မျိုး ချဖို့ မဖြစ်နိုင်တဲ့ နောက်ကွယ်က အကြောင်းရင်းလည်း ဖြစ်ပါတယ်။ 

ဒီလို တူညီချက်တွေ၊ ကွဲလွဲချက်တွေ၊ အားသာချက်၊ အားနည်းချက်တွေကို စုစည်းပြီး နိုင်ငံရေး စစ်ရေး ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအချင်းချင်းအကြား၊ တိုင်းရင်းသားနဲ့ တိုင်းရင်းသားမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား  နိုင်ငံရေး ဘုံသဘောတူညီချက်၊ တန်းတူဆက်ဆံရေး၊ သဘောထား၊ ဘုံရည်မှန်းချက် စတာတွေ ဖေါ်ထုတ်နိုင်ဖို့ အကယ်၍ မရခဲ့ရင် ဘယ်အဆင့်ထိ သဘောတူနိုင်မလဲ စသဖြင့် လက်တွေ့ဖြစ်နိုင်တဲ့ အဆင့် လုပ်နိုင်တဲ့ လုပ်ငန်း၊ လုပ်ငန်းစဥ်တွေကို ဆွေးနွေး ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။ 

ဒါတွေက လက်ရှိ အခြေအနေကို လက်တွေ့ကျကျနဲ့ ဆန္ဒစွဲမပါအောင် ချဥ်းကပ် အကဲဖြတ်ကြည့်တာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးတွေ မရှိနိုင်သေးရင် လက်နက်ကိုင် တိုက်ပွဲတွေကို ဘယ်လို ဖော်ဆောင်ကြမလဲ၊ လူထုအနေနဲ့လည်း အခုလို အခြေအနေအောက်မှာ ရှင်သန်နေထိုင်နိုင်အောင် လုပ်ဆောင်ကြမလဲဆိုတာလည်း အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။ နိုင်ငံရေး အကျိုးအမြတ် စစ်ရေး အကျိုးအမြတ်လို့ဆိုရာမှာ လက်နက်ကိုင် အဖွဲ့၊ နိုင်ငံရေးအဖွဲ့အစည်း တွေရဲ့ ရပ်တည်ရေး ချည်းသက်သက် စဥ်းစားဆုံးဖြတ်ခြင်းထက် မိမိတို့ကို ထောက်ခံသူရော မထောက်ခံသူရော ပါဝင်နေတဲ့ ပြည်သူလူထုရဲ့  ရှင်သန်နေထိုင်ရေးကိုလည်း ထည့်သွင်းစဥ်းစားဖို့ အရေးကြီးတာ အမှန်ပဲ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar