Breaking News

သီအိုဇော် - အင်ဒို လက်လျှော့ နေလေတော့


သီအိုဇော် - အင်ဒို လက်လျှော့ နေလေတော့

(မိုးမခ) နိုဝင်ဘာ ၂၈ ၊ ၂၀၂၃


အင်ဒိုနီးရှားနိုင်ငံရဲ့ အာဆီယံဥက္ကဌသက်တမ်း ကုန်လုကုန်ခါနီး အချိန်မှာ ထွက်ပေါ်လာခဲ့တဲ့ ထုတ်ပြန်ချက်တခုက ထင်မှတ်မထားတဲ့ ဂယက်တခု ရိုက်ခတ်စေခဲ့ပါတယ်။ 

တကယ်က မလိုလားအပ်တဲ့ ဂယက်လို့ ဆိုပြီးတောင် အခုလို တော်လှန်ရေး ရေချိန်မြင့်တက်နေချိန်ကာလမှာ သုံးစွဲသင့်တာပါ။ သက်ဆိုင်သူ အသီးသီးဘက်က ပြန်ဖြေကြားချက်တွေကိုလည်း မြင်ကြကြားကြပြီးတဲ့နောက်မှာ တက်ရောက်ခြင်း၊ မတက်ရောက်ခြင်း၊ တွေ့ဆုံခြင်း၊ မတွေ့ဆုံခြင်းတို့က ပဟေဋိ ဆက်ဖြစ်စရာ မဟုတ်တော့ဘူးလို့ ထင်မိပါတယ်။

အားလုံးရဲ့ ပြောကြားချက်တွေအရ နောက်ဆုံး မှတ်ချက်ချနိုင်တာက ဒီအစုအဖွဲ့တွေ အချင်းချင်း မတွေ့ခဲ့ကြဘူး ဆိုတာကိုပါ။ ဒီတော့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အတိုင်းပဲလို့သာ ဆိုရပါလိမ့်မယ်။ တကယ်တော့ အင်ဒိုနီးရှားရဲ့ ထုတ်ပြန်ချက်မှာလည်း ဆိုင်ရာအစုအဖွဲ့တွေနဲ့ သီးခြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ပဲ ပါဝင်ခဲ့တာပါ။

ဒီကိစ္စက ဒီနေရာမှာပဲ ရပ်မသွားသေးပဲ သက်ဆိုင်သူ အစုအဖွဲ့အားလုံးပါဝင်လာနိုင်ခြေရှိတဲ့ နိုင်ငံရေးစားပွဲဝိုင်း ဖြစ်ပေါ်လာဖို့ အလားအလာကောင်းတွေ ရှိတယ်ဆိုတဲ့ ထုတ်ပြန်ချက်ထဲက မှတ်ချက်က သို့လော သို့လော ထပ် ဖြစ်စေပြန်ပါတယ်။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဘယ်လောက်ပဲ ကြီးမားတဲ့ စစ်ပွဲတွေ ပဋိပက္ခတွေဖြစ်ဖြစ် နောက်ဆုံးမှာ မျက်နှာစုံညီ ဖြေရှင်းခဲ့ကြရတာက ငြင်းမရတဲ့ သမိုင်းဖြစ်ရပ်တွေပါ။ ဒါပေမဲ့ ဒီထုတ်ပြန်ချက် ဖတ်ပြီး စိုးရိမ်စိတ် မဖြစ်ခဲ့မိတာက NUG ဘက်က ပြည်သူ့အသံ နားထောင်တဲ့၊ ပြည်သူ့ဆန္ဒအလေးထားတဲ့ ပြည်သူ့အစိုးရ ဆိုသလိုမျိုး အစဉ်အဆက် ပြောဆိုထားတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

အခုလည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး အပါအဝင် နစ်နာခဲ့ရသူများ တရားမျှတမှု ပြန်လည်ရရှိစေရေးအတွက် ကျူးလွန်ခဲ့သူများဘက်က တာဝန်ယူ၊ တာဝန်ခံမှုတွေ ရှိစေရမယ့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အပြည့်အဝ ကျင့်သုံးနိုင်ရေး စတဲ့အချက်တွေအတွက် အာမခံချက်မရှိပဲ၊ မဟာမိတ်တော်လှန်အင်အားစုတွေရဲ့ ဆန္ဒမပါရှိပဲ ဘယ်ဆွေးနွေးမှုများကိုမှ ပြုလုပ်မှာ မဟုတ်ဘူးလို့ထပ်ပြောထားတာ တွေ့ရပါတယ်။

ဒါကြောင့် ဒီနေ့ ဒီအချိန်လို ကာလမျိုးမှာ ၂၀၀၈ ခြေဥကို အသေဖက်တွယ်ပြီး မြန်မာ့နိုင်ငံရေးထဲ မရမက ဆက်ခြေရှုပ်ချင်နေသေးတဲ့ စကစနဲ့ စကားပြောဖို့ဆိုတာက ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ပဲရိုးရိုးလေး မြင်မိပါတယ်။

ဘာကြောင့် အင်ဒိုနီးရှားဘက်က အဲဒီလို သိပ်ကိုအကောင်းမြင် မျှော်လင့်ထားသလဲ ဆိုတာကတော့ သူတို့ကိုယ်တိုင်ပဲ ဖြေဆိုရပါလိမ့်မယ်။ တကယ်တော့ ပကတိအနေအထားကို ကျော်လွန်ပြီး ပိုပိုသာသာ တွက်ဆထားတဲ့ သံတမန်ဆန်ဆန် ကြေညာချက်သာ ဖြစ်ပါလိမ့်မယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ဆောင်ရွက်မှုတွေက သူ့အရှေ့က ဘရူနိုင်း၊ ကမ္ဘောဒီးယားတို့ထက် ပိုထင်သာမြင်သာရှိတာ တွေ့ရသလို အင်အားကြီး အာဆီယံနိုင်ငံ အနေနဲ့ သူ့အရှိန်အဝါသုံးပြီးကြိုးစားအားထုတ်တာကို အသိအမှတ်ပြုကြရမှာပါ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အခြေအနေမှန်ကို သဘောပေါက်ပြီး စိတ်လျှော့လာခဲ့တဲ့ပုံကိုလည်း တွေ့ရပါတယ်။

ဒီလိုပြောရတဲ့ အကြောင်းရှိပါတယ်။ 

ဒီထုတ်ပြန်ချက်ထဲမှာ အာဆီယံ အထူးသံတမန်ရုံးက အင်ဒိုနီးရှားသံအမတ် ကြီး’ ဆွာဂျရာ (Ambassador Ngurah Swajaya)ဆိုတဲ့ အမည်ကို တွေ့မိကြပါလိမ့်မယ်။ သူဟာ ဝန်ထမ်းသက် ၃၀ နှစ်ကျော်ရှိတဲ့ ဝါရင့်သံတမန်တဦးပါ၊ စင်ကာပူနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး (၂၀၂၀-၂၀၂၂) ဖြစ်ခဲ့သလိုအာဆီယံရေးရာကိစ္စတွေမှာလည်း အတွေ့အကြုံရှိသူတဦး ဖြစ်ပါတယ်။

သူက အထူးသံတမန်ရုံးကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။ သူဟာ NUG နဲ့သာမက အခြားအလွှာစုံက နွေဦးတော်လှန်ရေး အင်အားစုများစွာနဲ့လည်း တွေ့ဆုံဖို့ စီစဥ်ခဲ့ဖူးသူပါ။ ဘယ်လောက်စုံလင်အောင် ကြိုးစားထားသလဲ ဆိုတာ မြင်အောင်ထုတ်နုတ်ပြရရင် KNDF, BPLA, အထွေထွေသပိတ် ကော်မတီ (GSC), စစ်ကိုင်းဖိုရမ် စတာတွေလည်းပါပြီး ဒီစာရင်းကိုကြည့်ရင်ပဲ အတော်လေးခြုံငုံ စဉ်းစားလို့ရနိုင်အောင် သူ အားစိုက်ထားတာကို တွေ့ ရမှာ ဖြစ်ပါတယ်။

ဒီလိုပါပဲ ၂၀၂၃ ခုနှစ် ပထမ ၆ လပိုင်းထဲမှာတင် နေပြည်တော်နဲ့ ဆက်သွယ်မှု ၇၅ ခုကျော်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလောက်ဆိုရင် မြန်မာ့အရေးကိစ္စ ထဲထဲဝင်ဝင် အားထုတ်ဆောင်ရွက်နေသူမှန်း သိသာပါလိမ့်မယ်။ အင်ဒိုနီးရှား ဘက်ကလည်း လုပ်နိုင်ကိုင်နိုင်မယ်လို့ မျှော်လင့်ထားလို့ သူ့ကိုတာဝန်ပေးခဲ့တာ ဖြစ်မှာပါ။

ဒီနေရာမှာ အရေးကြီးတဲ့အချက်တခုကို ဖော်ပြလိုပါတယ်။ 

‘ဆွာဂျရာ’လိုပုဂ္ဂိုလ်တဦးကို အာဆီယံဥက္ကဋ္ဌသက်တမ်း မပြီးဆုံးသေးခင်မှာပဲ အရေးကြီးတဲ့ သံတမန်ရာထူးတခုကို ခန့်အပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က သူ့ရဲ့ ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ သံအမတ်ခန့်အပ်လွှာကို ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့က ‘ဖက်ဒရယ် ပဲလေစ့်’ မှာ တရားဝင် ပေးအပ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဘက်က ဇွန်လ ၂၆ ရက်နေ့ကတည်းက သမ္မတနန်းတော်မှာ ကျမ်းသစ္စာကျိန်ဆို ခန့်အပ်ခဲ့တာပါ။ အခု နိုဝင်ဘာလ (၂၀-၂၂)ရက် တွေ့ဆုံပွဲမှာ သူက ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးတာဝန် တဖက်နဲ့ စီစဉ်တာလို့ ပြောနိုင်ပါတယ်။

မြန်မာ့အရေးအတွက် စွမ်းဆောင်နိုင်မယ့်သူဆိုပြီး နှစ်စမှာ ခန့်ထားခဲ့သူဟာ နှစ်လည်မှာ တခြားအရေးပါတဲ့ နေရာကိုရောက်သွားတာ၊ နောက်ပြီး သူ့နေရာကို ဖိဖိစီးစီး အချိန်ပြည့် တာဝန်ယူလုပ်နိုင်မယ့်သူတဦး အသစ် ထပ်မခန့်တာတို့ဟာ အင်ဒိုနီးရှားအနေနဲ့ မြန့်မာ့အရေး တိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ လမ်းသိပ်မရှိဘူးလို့ တွက်ချက်လိုက်တဲ့ပုံလို့ပဲ ယူဆရပါတယ်။အာဆီယံဥက္ကဌ သက်တမ်းမကုန်မီ အသာမှေးပြီး လုပ်ရမယ့်ဟာလေးတွေကိုသာ ဆက်လုပ်နေဖို့ပဲ နောက်ပိုင်းမှာ စဉ်းစားပုံ ပြောင်းသွားခဲ့တဲ့ပုံပါ။

ဒါ့ကြောင့် အင်ဒိုနီးရှားနိုင်ငံလုပ်ရပ်တွေက အရာမထင်ခဲ့ပါဘူးလို့ ပြောမယ့်အစား ရက်စွဲအတိအကျမပါတဲ့ တွေ့ဆုံပွဲ ဆိုတာကို ရွေးချယ်လို့ သံတမန်သုံး စကားလုံးလှလှတွေ သုံးပြီးအကောင်းပိုမြင်ပေးထားလိုက်တဲ့ ဒီ ထုတ်ပြန်ချက်အပေါ်  စိုးရိမ်စိတ်ရှိစရာ မလိုဘူးလို့ပဲ ပြောချင်ပါတယ်။

သက်တမ်းလည်းကုန် စိတ်လည်းလျော့သွားတဲ့ အနေအထားလို့ မြင်မိတဲ့အခိုက် ကျိတ်ပြီး သဘောကျနေမိတဲ့ တခြားအကြောင်းလည်း ရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ တွေ့ဆုံဆွေးနွေးရေး၊ ပြန်လည်ရင်ကြားစေ့ရေး ဘာခေါင်းစဉ်ပဲတပ်တပ် အင်ဒိုနီးရှား ဦးစီးဦးရွက် လုပ်နေတဲ့ အချိန် သူ ခင်းကောင်းခင်းလာမယ့် လမ်းကြောင်းကို လန့်နေမိတဲ့အတွက်ပါ။

ဘာအတွက်လဲ ဆိုရရင် အင်ဒိုနီးရှားနိုင်ငံကိုယ်နှိုက်က အာဏာရှင် ဆူဟာတို လက်အောက်ကိုဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်းရှိခဲ့လို့ပါ။ ထပ်ရှင်းရရင် အာဏာရှင်ခေတ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းခဲ့ကြပေမယ့် လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ အရှေ့တီမော ကျူးကျော်မှုနဲ့ ဆက်စပ်တဲ့ စစ်ရာဇဝတ်မှု အစရှိတာတွေအတွက် ဆူဟာတိုအပေါ်တရားစွဲဆို အပြစ်ပေးနိုင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။

သိန်းဂဏန်း ကြီးကြီးမားမား အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပေမယ့် သူ့ကို အကျင့်ပျက် လာဘ်စားမှုနဲ့ပဲ စွဲချက် တင်နိုင်ခဲ့ကြတာပါ။ နစ်နာခဲ့သူများဘက်က ဥပဒေကြောင်းအရ ဆောင်ရွက်ပေးနိုင်ဖို့နိုင်ငံရေးစိတ်ဆန္ဒ နည်းပါးခဲ့တဲ့အတွက်လို့လည်း ဆိုကြပါတယ်။

ဒီလို စံနမူနာမျိုးကို ပြပြီး အင်ဒိုနီးရှားပုံစံ ကျေရာကျေကြောင်း ပြေရာပြေကြောင်း ရင်ကြားစေ့နိုင်ဖို့တွန်းအားပေးလိုက်မှာကို စိုးနေမိတာပါ။ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ပြောရင်လည်း ပြောခဲ့ကြမယ် ထင်ပါတယ်။ မြန်မာပြည်သူများအနေနဲ့တော့ လုံးဝလက်မခံနိုင်တဲ့လမ်းကြောင်းပါ။

ဒါ့ကြောင့် မူငါးချက်လည်း မဖြစ်မြောက် ဘာအဖြေမှလည်းမရဘဲ အင်ဒိုနီးရှား အာဆီယံဥက္ကဋ္ဌ သက်တမ်းကုန်သွားမှာကို ထူးထူးထွေထွေ တွေးမနေချင်တော့ပါဘူး။ ပြည်သူလက်မခံနိုင်တာကို တွန်းတွန်းတိုက်တိုက် မလုပ်တော့ဘဲ စိတ်လျော့လက်လျော့ ဖြစ်သွားတယ်ဆိုရင်လည်းအကောင်းဘက်ကမြင်ပြီး ကျေနပ်နိုင်ပါတယ်။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar