Breaking News

ပြည်မက လောက်ကိုင်မှာ အလုပ်သွားရောက်လုပ်ကိုင်သူတွေ သောင်းချီထွက်ခွာ၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ တိုက်ပွဲဖြစ်နေ

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၆ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၂၃


ပြည်မက လောက်ကိုင်မှာ အလုပ်သွားရောက်လုပ်ကိုင်သူတွေ သောင်းချီထွက်ခွာ၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ တိုက်ပွဲဖြစ်နေ 

၁၀၂၇ စစ်ဆင်ရေး စတင်ပြီး မကြာခင်မှာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရဲ့ အဓိက မြို့ဖြစ်တဲ့ လောက်ကိုင်မှာ ပြည်မက သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့သူတွေ သောင်းနဲ့ သိန်းနဲ့ချီ ပိတ်မိနေကြပြီး မတန်တဆမြင့်တက်လာတဲ့ စားသောက်ကုန် စျေးနှုန်းတွေ နဲ့ စစ်ဘေးအန္တရာယ်ကျရောက်နိုင်ခြေ အကြား ကောင်းမွန်တဲ့ ရွေးချယ်စရာ မရှိတဲ့အခြေအနေမျိုး၊ အသက်အန္တရာယ်ဘေး နီးကပ်စွာကျရောက်ချိန်မှာ စားသောက်ဖို့ ရိက္ခာမရှိတဲ့ အခြေအနေမျိုး နှစ်ထပ်ကွမ်းရင်ဆိုင်ကြရတဲ့ အနေအထားဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်စပ်မြို့၊ ကာစီနို ကစားဝိုင်း၊ နယ်စပ်ကုန်သွယ်ရေး နဲ့ အခြားသော တရားမဝင်လုပ်ငန်းတွေ အခြေစိုက်ရာ လောက်ကိုင်မြို့ဟာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ရွာတွေမြို့တွေက လူငယ်၊ လူလတ်ပိုင်းတွေအဖို့ ကိုယ့်ဒေသထက် လစာပိုကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းရှိတဲ့ နေရာတခု သဖွယ်ဖြစ်ခဲ့တာ ဆယ်စုနှစ်နဲ့ချီ ရှိခဲ့ပါပြီ။ အလုပ်အကိုင် အခွင့်အလမ်းရှိတဲ့ ပြည်မမှာထက် ဝင်ငွေကောင်းတဲ့ လောက်ကိုင်လိုနေရာမျိုးကို လူ သောင်းနဲ့ သိန်းနဲ့ချီ သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြသူတွေ အခုလို ရုတ်တရက် စစ်ပွဲဖြစ်ပွားလာတဲ့အခါ နေရပ်ပြန်ဖို့ ခက်ခဲတဲ့ အဖြစ်နဲ့ ကြုံကြရတာ ဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး စတင်ခါစရက်ပိုင်း အရေအတွက်တချို့ လောက်ကိုင်ကနေ ထွက်ခွာနိုင်ခဲ့ကြပေမယ့် အများအပြား ကျန်ရှိနေပြီးနောက်ပိုင်း အဝင်အထွက် ဂိတ်တွေကို ကိုးကန့်က စစ်ကောင်စီ ဘက်ကရော ၊ လောက်ကိုင်ကို ပိတ်ဆို့ဖို့ ပြင်ဆင်နေတဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA အဖွဲ့ကပါ ပိတ်ထားတာကြောင့် နေရပ်မပြန်နိုင်ပဲ အဆမတန် ကုန်စျေးနှုန်းတွေအကြား နေထိုင်နေကြရပြီး မြို့ထဲက ထွက်ခွင့်ရဖို့ စောင့်ဆိုင်းနေကြရာမှာ ယမန်နေ့က စတင်ပြီး ဖွင့်ပေးလိုက်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ ထောင်သောင်းနဲ့ချီတဲ့ လူတွေ ဆိုင်ကယ်တွေ နဲ့ တန်းစီနေတဲ့ မြင်ကွင်းတွေ သတင်းတွေထဲ မြင်တွေ့ကြရတာဖြစ်ပါတယ်။ သီတင်းပတ်နဲ့ချီ ပိတ်ဆို့ထားရာမှာ နေရပ်ပြန်မယ့် ရွှေ့ပြောင်း အလုပ်သမားတွေပါ ထွက်ခွာခွင့်မပေးခဲ့ရာက အခုရက်ပိုင်းမှာ ထွက်ခွာခွင့်ပေးခြင်းဟာ လောက်ကိုင်မြို့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ကြောင့် စစ်ဘေးရှောင်သူတွေကို ထွက်ခွာခွင့်ပြုလိုက်တာလားလို့လည်း စဥ်းစားစရာ ရှိတာဖြစ်ပါတယ်။ 

ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA အနေနဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသထဲက ချင်းရွှေဟော်၊ ကွမ်းလုံ၊ မူဆယ်မြို့နယ်ထဲက ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင်တို့ကို သိမ်းယူထားပေမယ့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသရဲ့ မြို့တော်ဖြစ်တဲ့ လောက်ကိုင်မြို့ကို ကို မသိမ်းယူနိုင်သေးတာကြောင့် ၄င်းတို့ရဲ့ ရည်မှန်းချက် ပြည့်မြောက်ခြင်း မရှိသေးဘူးလို့ဆိုနိုင်ပါတယ်။ ဒါကြောင့် MNDAA အနေနဲ့ ၄င်းတို့ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ လောက်ကိုင်မြို့ ကို သိမ်းယူဖို့လုပ်ဆောင်မယ်ဆိုတာ ထင်ရှားနေပြီး လောက်ကိုင်မြို့က သူတွေအနေနဲ့ မြို့ကို သိမ်းယူဖို့တိုက်ခိုက်တဲ့ စစ်ပွဲတွေ ဘယ်လိုပုံ ဖြစ်ပွားလာမလဲ ဆိုတာ လောလောဆယ်မှာ မှန်းဆဖို့ ခက်ခဲပါတယ်။ မကြာသေးခင်ရက်ပိုင်းက လောက်ကိုင် မြို့အထွက်အနီးမှာ စစ်ဘေးကြောင့် တိမ်းရှောင်မယ့် ကားတစီးကို လက်နက်ကြီးကျည် ထိမှန်ပြီး အနည်းဆုံး ၆ ဦး သေဆုံးခဲ့ရသလို၊ အဆိုပါ ဖြစ်ရပ်မတိုင်ခင်ကလည်း တန်းစီပြီးထွက်ခွာဖို့ကြိုးစားနေကြတဲ့ စစ်ဘေးရှောင်တွေ အပေါ် လက်နက်ကြီးကျည် ကျရောက်ပြီး စစ်ဘေးရှောင်သူ အချို့ အသက်ဆုံးရှုံးခဲ့ကြရတာ ဖြစ်ပါတယ်။ 

ဒီနေ့ အဖို့ တင်ပြမယ့် အခြားသတင်းအကြောင်းအရာ တခုက အထက်က ဖြစ်ရပ်နဲ့ ဆက်စပ်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ မူဆယ်မြို့နယ်က ၁၀၅မိုင် ကုန်သွယ်ရေးဇုန်မှာ နိုဝင်ဘာ ၂၆ ရက်နေ့ ညပိုင်းက စတင်ပြီး မြောက်ပိုင်း လက်နက်ကိုင် ညီနောင် ၃ဖွဲ့ နဲ့ စစ်ကောင်စီ တပ်တွေအကြားတိုက်ပွဲ ဖြစ်ပွားနေတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး တလတင်းတင်းပြည့်ချိန်မှာ စစ်ဆင်ရေး အရှိန်ကို နောက်တဆင့်မြှင့်မယ်လို့ မြောက်ပိုင်း ၃ ဖွဲ့က ခုရက်ပိုင်းအတွင်း ကြေညာထားပြီး ဘယ်လိုဘယ်ပုံ အရှိန်မြှင့်မယ်ဆိုတာတော့ အသေးစိတ် ပြောဆိုခြင်းမရှိပါဘူး။ သို့ပေမယ့် မှန်းဆကြည့်ရင် MNDAA အနေနဲ့ ကိုးကန့်ဒေသက ကျန်ရှိနေသေးတဲ့ မြို့၊ အချက်အချာ စစ်စခန်းတွေကို သိမ်းယူဖို့ ကြိုးစားမယ့် သဘောမျိုးနဲ့ TNLA အနေနဲ့တော့ လက်ရှိ တိုက်ခိုက်သိမ်းယူထားတဲ့ နမ့်ခန်းမြို့နဲ့ လားရှိုးဧရိယာတဝိုက်က စစ်ကောင်စီ ရဲ့ မိုင်းကျက် စစ်စခန်း စတာတွေ အပြင် အခြားသော ဒေသတွေကိုပါ တိုက်ခိုက်ဖို့ ရည်ရွယ်ထားသလားလို့ မှန်းဆကြည့်ရပါတယ်။ TNLA အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေများလာတာနဲ့အတူ နယ်မြေစိုးမိုးမှုပိုမိုရလာတာတွေက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို စိုးရိမ်မှုတွေ ရှိစေနိုင်တဲ့ အလားအလာလည်း ရှိနေတာဖြစ်ပါတယ်။ အထူးသဖြင့် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ထိတွေ့မှု သို့မဟုတ် နယ်မြေဆိုင်ရာ အငြင်းပွားမှုတွေ ပေါ်ပေါက်ကောင်း ပေါ်ပေါက်နိုင်တာလည်း ဖြစ်ပါတယ်။ မကြာသေးခင်က မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်က သာဓက တခုသဖွယ်လည်း ဖြစ်ပါတယ်။ TNLA က အဆိုပါ ကျေးရွာက နယ်မြေမှူး၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းရုံးရေးမှူး ဖြစ်သူ စိုင်းမောင်အွန်ကို ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်အပေါ် အမှီပြုပြီး SSPP/SSA  က သွားရောက်ဖြေရှင်းရာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး SSPP/SSA  က အဖွဲ့ဝင်အချို့ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့အကြားက ဆက်ဆံရေးကို ထင်ဟပ်ပြသလိုလည်း ဖြစ်ပါတယ်။ မကြာသေးတဲ့ ၂၀၁၇-၁၈ ခုနှစ်တွေတုန်းက  ရှမ်းမြောက်ဒေသမှာ ရှမ်းလက်နက်ကိုင် အဖွဲ့ကြီး ၂ ဖွဲ့အနက်က တဖွဲ့ဖြစ်တဲ့ RCSS နဲ့ TNLA အကြား ပွတ်တိုက်မှုတွေ ထိတွေ့တိုက်ပွဲတွေ ရှိနဲ့တာလည်း ဖြစ်ပတယ်။ 

အခု ၁၀၂၇ တလပြည့် ၁၁၂၇ ရက်နောက်ပိုင်းမှာ ရှမ်းမြောက်မှာ စစ်ပွဲတွေ အရှိန်မြင့်လာနိုင်တာက အသေအချာဖြစ်ပြီး တရုတ်မြန်မာကုန်သွယ်ရေး လမ်းကြောင်းလည်း ဆက်လက် ပိတ်ဆို့ခံထားရဆဲ ဖြစ်ပြီး မကြာခင် လပိုင်းအတွင်း ရှမ်းမြောက်ဒေသရဲ့ လက်နက်ကိုင်အဖွဲ့တွေ စိုးမိုးထိန်းချုပ်နယ်မြေ မြေပုံ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar