ကိုသန်းလွင် - ပေါပေါဝယ်၍ လွယ်လွယ်စွန့်သော ပစ္စည်း
ကိုသန်းလွင် - ပေါပေါဝယ်၍ လွယ်လွယ်စွန့်သော ပစ္စည်း
(မိုးမခ) နိုဝင်ဘာ ၂၇ ၊ ၂၀၂၃
( ၁ )
လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်က ကျွန်တော်သည် မီးဖိုချောင်သုံး ကာဗွန်စတီး ဓားတစ်ချောင်းကို ဝယ်ခဲ့ပါသည်။ ထိုဓားကို ယခုတိုင် သုံးနေရဆဲ ဖြစ်ပါသည်။ ကျွန်တော့်နောက် သုံးကြမည့်သူများကိုလည်း အဆက်ဆက် လွှဲပြောင်းပေးသွားနိုင်ပါသည်။ ထိုဓားသည် သံချေးမတက်သည့်တိုင် ခရမ်းချဉ်သီးကိုပင် လှီးမရတော့သည့် စတိန်းလက်(စ) စတီးဓားနှင့်စာလျှင် လွန်စွာ အသုံးဝင်နေပါသည်။
ဈေးချိုချိုပေးရသော ပစ္စည်းများ ဖြစ်ကတတ်ဆန်းလုပ်ထားသော ပစ္စည်းများသည် ကျွန်တော်တို့ကို သော်လည်းကောင်း ကမ္ဘာကြီးကိုသော်လည်းကောင်း အကျိုးမပေးပါ။
( ၂ )
၁၉၉၀ ပြည့်နှစ်ခန့်ကစ၍ ကျွန်တော်တို့သည် ကမ္ဘာကြီးအတွင်းမှ ထွက်သော တွင်းထွက်ပစ္စည်းများကို အသုံးပြုခဲ့ကြသည်မှာ အလေးချိန် ဘီလီယံချီ၍ ကုန်ခဲ့ပါပြီ။ ၎င်းတို့သည် လွယ်လွယ်ရသည့် ပစ္စည်းများကို ခပ်လွယ်လွယ် လူသုံးပစ္စည်းများဖြစ်အောင် ပြောင်းလဲခဲ့ကြပြီး ထိုအတိုင်း ဆက်သုံးနိုင်ကြလိမ့်မည်ဟု ထင်ခဲ့ကြပါသည်။ တခါတရံ ယနေ့သုံး မနက်ဖြန် ပစ် သဘောမျိုးပင် ဖြစ်ခဲ့ပါသည်။
တန်ဖိုးရှိသော တွင်းထွက်ပစ္စည်းများကို တွင်းပုံစံ (Pit Mining) နည်းဖြင့် ထုတ်ယူခဲ့ကြရပြီး လူ့အသုံးအဆောင်ဖြစ်အောင် ပြောင်းလဲခဲ့ကြရပါသည်။ ရော်ဘာပင်မှ ရော်ဘာပစ္စည်းများကို ထုတ်ယူပြီး လူတို့ ဖက်ရှင်အဖြစ် အသုံးပြုသော ပစ္စည်းများ၏ ဘေးထွက်အဖြစ် ထွက်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့မှာ တကမ္ဘာလုံးဆိုလျှင် ၅ ပုံ ၁ ပုံအထိ ရှိနိုင်ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကိုကြည့်လျှင် ကုန်ပစ္စည်းများ ထွက်လာ၍ လူတို့ကို အကျိုးပြုနိုင်သလို စက်ရုံများ၏ လက်ရှိအခြေအနေကို စံချိန်ထိုး၍ ကြည့်ရှုနိုင်ပါသည်။ လူမှုရေးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်ခြင်း ကိစ္စရပ်များကြောင့် အချို့နေရာများတွင် ဆင်းရဲခြင်းနှင့် လုံးပန်းနေရပါသည်။ အနောက်ဥရောပနှင့် အမေရိကန်တို့၏ ပစ္စည်းလိုအပ်ချက်များကြောင့် တရုတ်ပြည်တွင် မသန့်မရှင်းဖြစ်ရသော လေထုညစ်ညမ်းမှုဖြစ်ကာ သေဆုံးရမှုများမှာ လူဦးရေ တစ်သိန်းကျော်အထိ ရှိနိုင်သည်ဟု ခန့်မှန်းကြပါသည်။
လူအများစုမှ အသုံးပြုရန်မသင့်သော (Junk) ပစ္စည်းများကို ဝယ်ယူသုံးစွဲနေရပါသည်။ လူတို့၏ ရည်မှန်းချက်မှာ ပစ္စည်းတစ်ခုကို ပြင်ဆင်ရန်ထက် အသစ်ဖြင့် အစားထိုး၍ သုံးစွဲရန်ကိုသာ အာရုံစိုက်နေကြပါသည်။ အဘယ်ကြောင့်ဆိုသော် ဈေးသက်သာခြင်း၊ လွယ်ကူခြင်းတို့ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်သူထက် တစ်ခုပြီးတစ်ခု ဝယ်ယူ စားသုံးသူများအဖြစ်နှင့်သာ လူ့အဖွဲ့အစည်းကို တည်ဆောက်ထားပါသည်။
ဤပစ္စည်းအမှတ်တံဆိပ်နှင့် ထိုပစ္စည်း ထုတ်လုပ်သူတို့ကိုသာ အပြစ်တင်ရန် ရှိပါသည်။ သူတို့သည် သူတို့ပစ္စည်း အရောင်းရတွင်ကျယ်ရေးကိုသာ ဦးစားပေးလာကြပါသည်။ ဘက်ထရီများ၊ မီးလုံးများ၊ အဝတ်လျှော်စက်များ၊ တီဗွီများကို အသုံးပြုရသော သက်တမ်းရှည်ရေးကို ဦးစားပေးဆောင်ရွက်လေ့မရှိကြပါ။ သူတို့၏ သက်တမ်းကုန်၍ အသစ်ပြန်လည်ဝယ်ယူစေရန်ကိုသာ အာရုံစိုက်လာကြပါသည်။ ပစ္စည်းများ ထုတ်လုပ်ရာတွင် အရည်အသွေးကို ဦးစားမပေးကြတော့ပါ။ လုပ်ထားသော လေဘယ် (Label) က မည်သို့ပင်ဆိုစေကာမူ သုံးသောပစ္စည်းများမှာ ပို၍ပို၍သာ အရည်အသွေး ညံ့ဖျင်းလာပါသည်။ ပစ္စည်းတစ်ခုကို တသက်တာလုံး သုံးရမည့်အစား မကြာမီမှာပင် လွှင့်ပစ်လိုက်ကြရပြီး ထိုပစ္စည်းများမှာ (Land Fill) လမ်းဘေးအမှိုက်ပုံထဲသို့ ရောက်သွားပါတော့သည်။
ထိုဖြစ်ရပ်မှာ ယေဘုဘျအားဖြင့် ဝင်ငွေနည်းသော စားသုံးသူများအတွက်သာ ဖြစ်နေပါသည်။ ငွေကြေးတတ်နိုင်သူ၊ ချမ်းသာသူများက ပစ္စည်း၏အလှအပ ကြံ့ခိုင်မှုများကို ကြည့်၍ ဈေးဝယ်လေ့ရှိပါသည်။ တယ်ရီပရစ်ချပ် (Terry Pratchett) ရေးသော Men Of Arm စာအုပ်တွင် ဖော်ပြထားသည်မှာ ဖိနပ်ကောင်းကောင်းတစ်ရန်ကို ဒေါ်လာငွေ ၅၀ ပေး၍ဝယ်လိုက်သည်။ ဖိနပ်မှာ ချုပ်ပုံဒီဇိုင်းကောင်းမွန်မှုကြောင့် ဆယ်နှစ်ကြာအောင် သုံးရသည်။ ဆင်းရဲသူတစ်ယောက်မှာ ငွေကြေးမတတ်နိုင်သောကြောင့် ၁၀ ဒေါ်လာတန် ဖိနပ်တစ်ရန်ကိုသာ ဝယ်၍ စီးနိုင်သည်။ သူသည် တစ်နှစ် တစ်ရန်နှုန်းဖြင့် ပြောင်းလဲစီးခဲ့ရာ ဖိနပ်ဖိုးမှာ ဒေါ်လာ တစ်ရာသာ ကုန်သွားတော့သည်။ ဖိနပ်ကောင်းကို မစီးလိုက်ရ။ သူ၏ Boot Theory မှာ ပိုက်ဆံမရှိ၍ ဈေးချိုသည်ကို လိုက်ရာမှ အဆုံးတွင် ပိုက်ဆံကုန်ရပြီး ပစ္စည်းကောင်းမသုံးရသည့် အဖြစ်ကို ပြောပြနေသည်။
တောင်တက်ပစ္စည်းများကို ရောင်းသူ တစ်ဦးကလည်း သူ၏အတွေ့အကြုံကို ပြောပြဖူးသည်။ ကျောက်တောင်ထဲသို့ စိုက်သွင်းရသော ဆူးများ၊ တောင်တက်ကြိုးကို ဆွဲချည်ရသော ကွင်းများ၊ တောင်တက်ရာတွင် အသုံးပြုသော ကြိုးများကို ရောင်းချရာတွင် အရည်အသွေးကောင်းမွန်ရကြောင်း။ အကယ်၍ ပိုက်ဆံကို ငဲ့ကာ အရည်အသွေးမမီသော ပစ္စည်းများကို သုံးမိပါက တောင်တက်သူ၏ အသက်အန္တာရာယ်ကို ထိခိုက်နိုင်ပုံကို ပြောပြခဲ့သည်။ လူ့အသက်နှင့်ရင်းသော ပစ္စည်းများမှာ အရည်အသွေး ကောင်းမွန်ရပါသည်။ သုံးသော သံထည်ပစ္စည်းများမှာ တွင်းထွက်ပစ္စည်းများထဲမှ အရည်အသွေးကောင်းသော ပစ္စည်းများကို ရွေးချယ်ရပါသည်။ သုံးသောအဆင့်တိုင်းတွင် ပစ္စည်းကောင်းများ အခိုင်မာဆုံးပစ္စည်းများ ဖြစ်ဖို့ လိုပါသည်။
ထို့ကြောင့် တောင်တက်ပစ္စည်းများတွင် ‘Patagonia’ အမှတ်တံဆိပ်မှာ နာမည်ကြီးခဲ့ပြီး ရောင်းချသော ပစ္စည်းများမှာ ၁၉၇၀၊ ၈၀ ပြည့်နှစ်များတွင် တီထွင်၍ အဆင့်ဆင့် အရည်အသွေးကောင်းသည်ထက် ကောင်းအောင်ပြုလုပ်ခဲ့သော ပစ္စည်းများ ဖြစ်ကြပါသည်။
အရည်အသွေးကို အဓိကထား၍ပစ္စည်းများကို ထုတ်လုပ်သောအခါ တန်ဖိုးလည်းကြီးရပါသည်။ ထိုအခါထွက်ကုန်ပစ္စည်းများမှာ အများကမဝယ်နိုင်ကြတော့ဘဲဖြစ်သွားရပါသည်။ သို့သော်ပစ္စည်းတစ်ခုကို ဝယ်ပြီးလျှင် ဆယ်နှစ်ကြာအောင် သုံးရမည်ဆိုပါက ဝယ်ကြပါသည်။ ထိုသို့ နှစ်ရှည်ခံခြင်းကြောင့် ‘ Second hand Market ’ ခေါ် ပစ္စည်းအဟောင်းရောင်းသည့် ဈေးကွက်များလည်း ပေါ်လာရပါသည်။ ပစ္စည်းတခုသည် ဆယ်နှစ်ကြာသည်အထိ အသစ်သဖွယ် အသုံးပြု၍ ရနိုင်မည်ကို သိနေပါလျှင် စားသုံးသူက ဝယ်ရန် ဝန်မလေးပါ။
အရည်အသွေးရှိသော ပစ္စည်းများကို ရောင်းချရခြင်းသည် အလွန်ကောင်းသောဈေးကွက် ဖြစ်ပါသည်။ အပြင်လောက၌ ဈေးကွက်သည် စီးပွားရေးကပ်ဆိုက်၍ ပျက်စီးနေပြီး အရောင်းအဝယ်မဖြစ်ကြသည့်တိုင် အရည်အသွေးကောင်းသောပစ္စည်းများ ဈေးကွက်မှာ ရှိမြဲရှိနေပါသည်။ စားသုံးသူတို့က ပစ္စည်းတစ်ခုကို ဝယ်သွားပြီးလျှင် ပစ္စည်းအချင်းချင်း နှိုင်းယှဉ်ကြည့်၍ မည်သည့်ပစ္စည်းက ပိုကောင်းသည်၊ နှစ်ရှည်ခံသည်ကို အမြဲကြည့်လေ့ရှိကြပါသည်။
( ၃ )
စစ်ကြီးပြီးစက ဂျပန်နိုင်ငံသည် ဈေးချိုသောပစ္စည်းများ ထုတ်လုပ်သည့်နိုင်ငံ ဖြစ်ခဲ့ပါသည်။ ယနေ့ခေတ် တရုတ်ပြည်ထွက်ပစ္စည်းများကို ဈေးချိုပြီး ခဏသာ သုံးစွဲကာ လွှင့်ပစ်ရလေ့ရှိပါသည်။ ထို့နောက် ၁၉၅၀ ပြည့်နှစ် ရောက်လာပြီး ဒေါက်တာ ဒီမင်း (Dr. Edward Deming) က ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့ပါသည်။ သူသည် စာရင်းအင်းဆိုင်ရာ ပရော်ဖက်ဆာ နှင့် စာရေးဆရာ၊ ဖီလိုဆိုဖာတစ်ဦး ဖြစ်သည် ဂျပန်လူမျိုးတို့မှာ တစ်ဦးကောင်း တစ်ယောက်ကောင်း မဟုတ်ဘဲ လူ့အဖွဲ့အစည်းတခုလုံးက စည်းကမ်းကို ညီညာဖျဖျ လိုက်နာလေ့ရှိသော လူမျိုး ဖြစ်ပါသည်။ ကား မရှိသော်လည်း မီးမစိမ်းပါက လမ်းကို ဖြတ်မကူးပါ။ ကား၊ ရထားများပေါ်တွင် ဖုန်းပြောသူ မရှိ၊ စည်းကမ်းကို လိုက်နာကြပါသည်။
ဒေါက်တာ ဒီမင်းက ဂျပန်တို့ကို သင်ကြားပြသရာတွင် ပစ္စည်းများ ထုတ်လုပ်ရာ၌ တသမတ်တည်း စဉ်ဆက်မပြတ် ထုတ်လုပ်ခြင်း (consistency)၊ အမြဲတစေ ထုတ်လုပ်မှုကို တိုးတက်စေရေး (continuous development)၊ နှင့် အရေးကြီးသော ကုန်ကြမ်းရှာဖွေရာတွင် ကောင်းမွန်ခိုင်ခံ့သောပစ္စည်းများကို အသုံးပြုရမည်ဟု သွန်သင်ခဲ့သည်။
သူက အချက် ၁၄ ချက်ပါသော (Deming’s 14 points) စီမံခန့်ခွဲရေးဆိုင်ရာဥပဒေများကို ချမှတ်ခဲ့သည်။ ထို ၁၄ ချက်မှာ အမြဲတမ်း ရည်ရွယ်ချက်ကို မပြောင်းလဲဘဲ ထားရှိရန်၊ အချင်းချင်း စည်းလုံးညီညွတ်ရေးအတွက် လမ်းဖွင့်ထားရန်၊ အရည်အသွေးကောင်းမွန်ရေးအတွက် အမြဲစစ်ဆေးနေရသော စနစ်တို့ကို စွန့်လွှတ်ရန်တို့ ပါဝင်ပါသည်။ သူ၏နည်းများမှာ သူ့ဇာတိဖြစ်သော အမေရိကန်နိုင်ငံတွင် အသုံးမဝင်ဘဲ ဂျပန်လူမျိုးတို့၏ လူ့အဖွဲ့အစည်း တည်ဆောက်ပုံနှင့် အသုံးတည့်နေပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအပြီး ဂျပန်နိုင်ငံ၏ ထုတ်လုပ်ရေးလုပ်ငန်းများမှာ တဟုန်ထိုး တိုးတက်လာခဲ့ပြီး ဂျပန်လုပ်ပစ္စည်းများမှာ အဆင့်အတန်းမြင့်မား၍ ကြာရှည်အသုံးခံသည်ဟု ကျော်ကြားလာခဲ့သည်။ မည်သည့် နေရာ၌မဆို ဂျပန်တို့၏ ပစ္စည်းများသည် ရောင်းပန်းလှ၍ အရည်အသွေး အဆင့်မီခဲ့သည်။ ဂျပန် အင်ဂျင်နီယာ ယူနီယံ JUSE Japanese Union of Science and Engineering က နှစ်စဉ် The Deming Price ကို ဂျပန်နိုင်ငံ ထုတ်လုပ်ရေးလောကမှ ထူးချွန်သူများကို ချီးမြှင့်ခဲ့ပါသည်။
ကိုသန်းလွင်
Ref: The Global high Stakes of Low quality materials, By Yvon Chouinard N.Y. Times November 24 2023.0
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar