ခွန်ကကြီး - မေတ္တာ ကရုဏာလိမ်လည်မှု
ခွန်ကကြီး - မေတ္တာ ကရုဏာလိမ်လည်မှု
(မိုးမခ) နိုဝင်ဘာ ၂၁ ၊ ၂၀၂၃
ဒီရက်ပိုင်းမှာ နာဂပူရ သာမဏေစာမေးပွဲက ပုံတွေ ရှမ်းတောင်မှာ အများကြီး တက်နေတယ်။ စိတ်ဝင်စားစရာကတော့ အောက်စဖို့ဒ်ဆရာတော်နဲ့ ဦးအောင်ခမ်းထီ တွေ့ကြတဲ့ပုံတွေ မဟားတရား တက်လာတာပေါ့လေ။ နောက်ထပ်ကတော့ အောက်စဖို့ဒ်ဆရာတော်နဲ့ နောင်တောင်းဘုန်းကြီး ဖက်လှဲတကင်း ဖြစ်နေတဲ့ပုံတွေပေါ့လေ။ ဒါက အမှတ်တမဲ့ကြည့်ရင်တော့ မှတ်တမ်းဓာတ်ပုံပါပဲ။ ဒါပေမဲ့လို့ ဒါက ရှမ်းပြည်နိုင်ငံရေး။ ရှမ်းနဲ့ ပအိုဝ်းကြားက ခေါင်းဆောင်ပိုင်းထိတွေ့ကြတဲ့ သဘောတရားပါ။ ဒါကို ပေါ့ပေါ့ဆဆသဘာထားလို့ မရပါဘူး။
မင်းအောင်လှိုင်က ရှမ်းပြည်လာတဲ့အခါကျရင် ဦးအောင်ခမ်းထီကို တွေ့တဲ့အခေါက် ရှိတယ်။ ရှမ်းတွေကို မတွေ့ဘူး။ ရှမ်းတွေကို တွေ့တဲ့အခေါက်ကျရင်လည်း ဦးအောင်ခမ်းထီကို မတွေ့ဘူး။ ဒါက စစ်တပ်က လုပ်နေကျ နိုင်ငံရေးပုံစံတခု။ PNO နဲ့ စစ်တပ်နဲ့ မူးယစ်ဆေးပြားကိစ္စနဲ့ပတ်သက်ပြီး ငြိကြတဲ့အချိန် မင်းအောင်လှိုင်က အင်းလေးဖောင်တော်ဦးဘုရားပွဲလာတဲ့အခေါက်မှာ ဦးအောင်ခမ်းထီနဲ့ မတွေ့ဘူး။ အောက်စဖို့ဒ်ဆရာတော်ကို သွားတွေ့တယ်။ ဒါဟာ ရှမ်းနဲ့ပအိုဝ်းကြားမှာ သူမွှေတဲ့အချက်တချက်ပဲ။ ဒါကို ရှမ်းလည်း သိတယ်၊ ပအိုဝ်းလည်း သိတယ်။
အဲဒီအချိန်မှာ နာဂပူရသာမဏေစာမေးပွဲဆိုတာ ရှမ်းတောင်ပအိုဝ်းတွေ လုပ်တာ။ အဲဒီပအိုဝ်းတွေ လုပ်တဲ့ပွဲမှာ ဦးအောင်ခမ်းထီ လာတဲ့အချိန်မှာ အောက်စဖို့ဒ်ဆရာတော်လည်း ရောက်လာတယ်။ သူတို့ချင်း တွေ့ကြ၊ ဆုံကြ၊ စကားပြောကြပေါ့လေ။ နောက်တခါ ပအိုဝ်း community ရဲ့ ခေါင်းဆောင်က နောင်တောင်းဘုန်းကြီး။ နောင်တောင်းဘုန်းကြီးနဲ့လည်း သူတို့သဘောချင်း နှောကြတာပေါ့လေ။ ဒါက ရှမ်းပြည်နိုင်ငံရေးအတွက် ကောင်းတဲ့လက္ခဏာတွေပဲ။ တချိန် ရှမ်းပြည်ကို အတူတကွ ပြန်လည်တည့်မတ်ထူထောင်ကြမယ့်ပုဂ္ဂိုလ်တွေဘဲ။ သူတို့ချင်းရင်းနှီးတာဟာ သိပ်လိုလားပါတယ်။ ပအိုဝ်းတွေက ပါဠိစာပေပညာရေးပိုင်းမှာ ရှေ့ရောက်လာတယ်လို့ ပြောရမယ်။ ရှမ်းကတော့ ဦးနေဝင်းလက်ထက်ကတည်းက ရှမ်းဘာသာနဲ့ ဖြေခွင့်ပိတ်ခံရလိုက်တော့ ဘာသာရေးစာပေပိုင်း ကျဆင်းလာတယ်လို့ ဆိုနိုင်တယ်။ အောက်စဖို့စ်ဆရာတော် ပြန်ရောက်လာတော့ ရှမ်းဘာသာရေး လောကတခုလုံးကို လောကီရေးကဲတဲ့ ပြဋ္ာန်းစာရေးသား သင်ကြားစေနိုင်တယ်။ ဒါဟာ တချိန်မှာ ရှမ်းနဲ့ပအိုဝ်းကို ပုံဖော်မယ့်ဟာလို့ ဆိုနိုင်ပါတယ်။ ပအိုဝ်းကတော့ လောကီပညာရေးကို အစိုးရကျောင်းသက်သက် မှီထားပါတယ်။ ပအိုဝ်းကလေးတွေကို တနိုင်ငံလုံးက ဘကကျောင်း သီလရှင်ကျောင်းပို့တယ်။ ကိုယ်တိုင်လဲ ဘကကျောင်းထောင်တယ်။ သီးခြားဖော်ဆောင်တာမရှိပါဘူး။ ခုတော့ နောင်တောင်းဟာ ကောလိပ်ထောင်ထားပါတယ်။
ဒီစာမေးပွဲအကြောင်းပြုပြီး ရှမ်းတောင်ဆရာတော်ကြီးတွေနဲ့ တနိုင်ငံလုံးက စာဖြေသံဃာတော်တွေ၊ သီလရှင်ဆရာလေးတွေပုံတွေ ဝေဆာနေချိန်မှာဘဲ ရှမ်းတောင်နဲ့ ကပ်ရက် ကရင်နီမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ အထူးသဖြင့်တော့ လွိုင်ကော်ပေါ့။ လွိုင်ကော်ကို ဝင်တိုက်နေတယ်။ အဲအချိန်မှာ လွိုင်ကော်တမြို့လုံးစစ်ရှောင် ထွက်လာကြတယ်။ မိုးဗြဲတို့၊ လွိုင်ကော်တို့က အကုန်ထွက်လာရတယ်။အဲဒီလူတွေက တခြားထွက်စရာမရှိဘူးလေ။ ရှမ်းတောင်ပဲ ထွက်လာရတာပေါ့။ အဲအချိန်မှာ စကစကလည်း ကြပ်တယ်လေ။ တောင်ကြီးတို့၊ ဟိုပုံးတို့၊ ဆီဆိုင်တို့ ပအိုဝ်းနယ်၊ ရှမ်းနယ်တွေကို သူကလည်း ကြပ်တယ်။ ဘာကြပ်လဲဆိုတော့ စစ်ရှောင်တွေကို လက်မခံရဘူး။ စစ်ရှောင်တွေကို လက်ခံရင် အရေးယူမယ်ပေါ့။
အဲဒါကို ပအိုဝ်းခေါင်းဆောင် နောင်တောင်းဘုန်းကြီးနဲ့ ရှမ်းခေါင်းဆောင် အောက်စဖို့ဒ်ဆရာတော်တို့ဟာ ဥပေက္ခာပြုကြတယ်။ အဲလိုပဲ ဦးအောင်ခမ်းထီကလည်းပဲ ကိုယ်နဲ့ကပ်လျက်၊ ကိုယ့်ရဲ့ နိုင်ငံရေးကျေးဇူးမကင်းတဲ့ ကရင်နီလူမျိုးတွေ ဒုက္ခရောက်နေတာကို ဥပေက္ခာပြုပြီးတော့ မသိကျိုးကျွံပြုတယ်ပေါ့လေ။ ပြုဆို သူကတော့ PNOကို ကရင်နီတွေကို စစ်တပ်နဲ့ ပေါင်းတိုက်နေတာကိုး။ သူတို့က တိုင်းပြည်မှာ ဘာမှမဖြစ်သလိုမျိုး နေကြတယ်ပေါ့။ ကျန်တဲ့ဘုန်းကြီးတွေရောပေါ့။ တိုင်းပြည်မှာ ဘာမှမဖြစ်သလိုနေကြပုံချင်းတော့ တူကြပါတယ်။ ရဋ္ဌဂုရုဆိုတဲ့တိုင်းပြည်ရဲ့ဆရာဘွဲ့ခံထားတဲ့ဆရာတော်ကြီးတွေကလဲ သူတို့တာဝန်ကို မသိကျိုးကျွံပြုထားကြတာပါဘဲ။
အဲမှာ သိပ်ထူးဆန်းတဲ့ ကိစ္စက ဘာလဲဆိုလို့ရှိရင် ဦးအောင်ခမ်းထီက ဘုန်းကြီးလူထွက်ပေါ့နော်။ အောက်စဖို့ဒ်ဆရာတော်တို့၊ နောင်တောင်းဆရာတော်တို့ဆိုတာ ဘုန်းကြီးတွေပေါ့။ ဒီပုဂ္ဂိုလ်တွေဆိုတာက မေတ္တာ၊ ကရုဏာ၊ မုဒိတာကို အချိန်ပြည့်ပြောနေတဲ့ ပုဂ္ဂိုလ်တွေလေ။ ဘုရားရှိခိုးတယ်၊ ညတိုင်း ဘုရားဝတ်တတ်တယ်ဆိုရင်လည်းပဲ မေတ္တာပို့ရတာကိုး။ သဗ္ဗေသတ္တာ အဝေရာဟောန္တု၊ လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေပေါ့။ ဗုဒ္ဓဘာသာထုံးစံက သတ္တဝါတွေအားလုံး ကျန်းမာချမ်းသာကြပါစေဆိုပြီး မေတ္တာပို့ကြရတာကိုး။ သတ္တဝါတွေကို ကရုဏာထားရမယ့်အကြောင်း၊ မေတ္တာထားရမယ့်အကြောင်း၊ ဒီဘုန်းကြီးတွေ၊ သီလရှင်ဆရာလေးတွေဆိုတာ အားတိုင်းဟောနေကြတာဘဲလေ။ နေ့တိုင်းဟောနေကြတာပေါ့။ အောက်စဖို့ဒ်ဆရာတော်ဆိုရင်လည်း မေတ္တာ၊ ကရုဏာနဲ့ပတ်သက်ပြီးတော့ တနိုင်ငံလုံး သင်တန်းတွေ ပတ်လုပ်နေတဲ့ ပုဂ္ဂိုလ်ပဲလေ။ အဲဒီလို ပုဂ္ဂိုလ်တွေပေါ့။
ဒါပေမဲ့ ထူးဆန်းတာက ကရင်နီက စစ်ရှောင်လာတဲ့ ဒုက္ခသည် ကလေးသူငယ် လူမမယ် အိုကြီးအိုမအရွယ်တွေအပေါ်မှာ သူတို့ရဲ့ မေတ္တာ၊ ကရုဏာအကြောင်း တခွန်းမှ မဟဘူး။ ဒီပုဂ္ဂိုလ်တွေက တောင်ကြီးနဲ့ ဟိုပုန်းမှာ နေကြတယ်။ တောင်ကြီးနဲ့ ဟိုပုန်းကို ဒုက္ခသည်တွေ ရောက်လာတယ်။ အဲဒီ ဒုက္ခသည်တွေကို လက်မခံရဘူး ၊ ငြင်းဆန်ရမယ်လို့ စကစက အမိန့်ပေးတယ်၊ စာထုတ်တယ်။ အဲဒါကို ရှမ်း community နဲ့ ပအို့ဝ် community က နားထောင်တယ်၊ ပြန်လွှတ်တယ်၊ လက်မခံဘူး။ သိပ်ထူးဆန်းတယ်နော်။ ဗမာစစ်တပ်က ထုတ်တဲ့စာကို ရှမ်းနဲ့ ပအို့ဝ်က နားထောင်ပြီးတော့ ဥပေက္ခာပြုကြတယ်၊ ပြန်လွှတ်ကြတယ်၊ ရက်စက်ကြတာပေါ့လေ။ တနည်းအားဖြင့် မေတ္တာ ကရုဏာကန်းတာပေါ့လေ။ ဘုန်းကြီးစိတ် ဖျောက်တာပေါ့။ ငတ်ငတ် သေသေ ကျောပေးထားကြတယ်ပေါ့။
ဘုန်းကြီးစိတ်ပျောက်တယ်လို့ ပြောမယ်ဆိုရင် ပအိုဝ်းဘုန်းကြီး၊ ရှမ်းဘုန်းကြီးတွေပဲ ဘုန်းကြီးစိတ်ပျောက်တာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာ ဘုန်းကြီးအားလုံး ဘုန်းကြီးစိတ်ပျောက်နေတယ်။ ဗုဒ္ဓဘာသာတင်လားဆိုတော့ မဟုတ်ဘူး။ ခရစ်ယာန်ဘုန်းကြီးတွေလည်း ဘုန်းကြီးစိတ်ပျောက်တာပဲ။ အစ္စလာမ်ဘုန်းကြီးတွေလည်း ဘုန်းကြီးစိတ်ပျောက်တာပဲ။ ဟိန္ဒူဘုန်းကြီးတွေလည်း ဘုန်းကြီးစိတ်ပျောက်တာပဲ။ တတိုင်းပြည်လုံးမှာ နေရာအနှံ့၊ မြို့အနှံ့၊ ရပ်အနှံ့ ၊ ရွာအနှံ့ စစ်ဖြစ်နေတယ်။ မီးလောင်တိုက်သွင်းပြီးတော့ သတ်ဖြတ်နေတယ်။ အဲဒီဟာတွေအားလုံးကို ကိုယ်နဲ့ မဆိုင်သလိုလို၊ မသိလိုလို ဘာမှမဖြစ်သလိုလို၊ တိုင်းပြည်ကြီးက အေးချမ်းသာယာနေသလိုလို၊ ဘုန်းကြီးတွေ အားလုံးက ဟန်ဆောင်ထားတယ်။ ဟန်ဆောင်ပြီးတော့ ဒီဖြစ်ရပ်တွေကို မမြင်သလိုလို၊ မသိသလိုလို၊ မကြားသလိုလို၊ နောက်ဆုံး ရှိကို မရှိသလိုလိုမျိုး နေကြတယ်။ ဒါဟာဘုန်းကြီးတွေ အမြဲပြောနေတဲ့ မေတ္တာ၊ ကရုဏာကို မုဒိမ်းကျင့်တာပဲ။ တနည်းအားဖြင့် ဒါ မေတ္တာ၊ ကရုဏာ လိမ်လည်မှုပဲ။ မေတ္တာ၊ ကရုဏာကို သင်းကွပ်ပစ်လိုက်တာ။
ပြောကြဖို့ အချိန်တန်ပြီလေ။ မင်းအောင်လှိုင်နဲ့ စစ်အုပ်စု လုပ်ချင်ရာလျှောက်လုပ်နေတာကို ဒီအတိုင်းကြည့်နေရမှာမှ မဟုတ်တာ။ ပြောကြဖို့ အချိန်တန်ပြီပေါ့။ တိုင်းပြည်ရဲ့ ဆရာတွေလေ၊ ဆရာဒကာဆိုပြီး နေကြတာ။ သူတို့က ဆရာလေ။ ဒကာကဘဲ မရှိရှရာလှူဒါန်းပံ့ပိုး ရှိခိုးဦးချ ကန်တော့နေရတာ။ ပြောကြရတော့မယ် တိုင်းပြည်ရဲ့ ကိစ္စတွေကို။ ဘုန်းကြီးတွေ အားလုံးက အရူးကွက် နင်းနေတာ။ မသိသလိုလို၊ မကြားသလိုလို၊ မမြင်သလိုလို၊ အကန်းလိုလို၊ အစွေလိုလို၊ အရူးလိုလို၊ အပေါလိုလို လုပ်နေတယ်။ ဒီစစ်ပြီးသွားရင် ဘာသာရေးဆိုတာ လူတွေက စာရင်းထဲတောင် ထည့်မှာ မဟုတ်တော့ဘူး။ နိဗ္ဗာန်ရောက်ကြောင်းကို လမ်းညွှန်နေတဲ့ ပုဂ္ဂိုလ်တွေက စကစရဲ့ ငရဲရောက်ကြောင်း လုပ်သမျှကို လက်ခံပေးနေရတယ်။ ဘဝက ဆိုးပြီ။
ဒီဘဝဆိုးကြီးကနေ ဘုန်းကြီးတွေ အားလုံး လွတ်မြောက်ပါစေ။ ဒီဘဝဆိုးကြီးကနေ မြန်မာနိုင်ငံသူ/သားအားလုံး လွတ်မြောက်ပါစေ။ ဒီဘဝဆိုးကြီးကနေ ဘာသာရေး ပုဂ္ဂိုလ်တွေအားလုံး လွတ်မြောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar