မြန်မာ့အရေးမှာ တရုတ်နိုင်ငံက သြဇာ နဲ့ ဘယ်ဟာတွေက တရုတ် အကျိုးစီးပွားလဲ
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၀ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၃
မြန်မာ့အရေးမှာ တရုတ်နိုင်ငံက သြဇာ နဲ့ ဘယ်ဟာတွေက တရုတ် အကျိုးစီးပွားလဲ
လတ်တလော ၁၀၂၇ စစ်ဆင်ရေး နဲ့ပတ်သက်ပြီး ဖြစ်ပွားလာတဲ့ အကျိုးဆက်တွေကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင် နဲ့ တဝိုက်က ဒေသတွေမှာ စစ်ပွဲကို တိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည်တွေ၊ ပိတ်ဆို့မှုကြောင့် ရိက္ခာပြတ်လပ်မှုဖြစ်ပြီး နေရပ်ပြန်ဖို့ ခက်ခဲနေတဲ့ မြန်မာနိုင်ငံ အခြားဒေသက အလုပ်သမားတွေ စတဲ့ လူသားချင်းစာနာမှု အကူအညီ နဲ့အကာအကွယ်ပေးဖို့ လိုအပ်နေတဲ့ ကိစ္စအချို့မှာ တရုတ်နိုင်ငံက ကိုးကန့်နဲ့ ထိစပ်နေတဲ့ ၄င်းတို့နယ်မြေထဲကို ဖြတ်သန်းခွင့်၊ ယာယီခိုလှုံခွင့်နဲ့ တရုတ်နိုင်ငံကို ကျော်ဖြတ်ပြီး တခြားဒေသသို့ သွားရောက်ခွင့်တွေ အတွက် လုပ်ဆောင်နေသလို၊ ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့ လူအင်အား ငွေအင်အား အများအပြားသုံးစွဲကာ ကူညီနေတယ်လို့ တရုတ်အစိုးရက ခုနောက်ဆုံး နိုဝင်ဘာ ၂၀ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုလည်း အနီးကပ် စောင့်ကြည့်နေပြီး အမြန်ဆုံး ရပ်တန့်သွားအောင် ဆောင်ရွက်နေတယ်လို့ လည်းပြောဆိုလိုက်ပါတယ်။ ဒီလို ပြောဆိုမှုကတော့ ပရိယာယ်သုံးတဲ့ သံတမန်စကားမျိုးလား၊ အမှန်တကယ် ကြိုးပမ်းမှုလားဆိုတာ မှန်းဆရခက်ခဲပါတယ်။
လက်ရှိ မြန်မာနိုင်ငံ အနေနဲ့ တရုတ်နိုင်ငံလို့ ဆိုရင် ခေါင်းထဲပေါ်လာမယ့် သော့ချက် စကားလုံးတွေက လက်နက်ကိုင် ပဋိပက္ခ၊ စစ်အာဏာသိမ်းမှု၊ ပြည်တွင်းစစ်၊ နယ်နိမိတ် မျဥ်းတလျှောက်က တိုင်းရင်းသားဒေသတွေ၊ တရုတ်နိုင်ငံရဲ့ မြန်မာကိုဖြတ်ကျော် သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ မြန်မာနိုင်ငံကိုယ်စားပြုမှု၊ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး နဲ့ ရေထွက်ပစ္စည်းတွေရဲ့ စျေးကွက်တခုဖြစ်တဲ့ တရုတ်နိုင်ငံ၊ စစ်တပ်အဖို့ စစ်လက်နက်ဆိုင်ရာ မှီခိုမှု စတာတွေက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးတို့မှာ ဆက်နွယ်ပါဝင်နေမှု ဆိုတာတွေက ပထမဆုံး ပေါ်ထွက်လာမယ့် သော့ချက် စကားလုံးတွေ ဖြစ်ပါတယ်။ တနည်းအားဖြင့် တရုတ်နိုင်ငံဟာ မြန်မာ့အရေးမှာ ကြိုးစဆွဲမယ်ဆို ဆွဲလို့ရတဲ့ အနေအထားမှာ ရှိပြီး အထက်က သော့ချက်စကားလုံးတွေဟာ ဆွဲလို့ရတဲ့ ကြိုးစတွေလို့ ဆိုနိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံ ခေတ်သစ် သမိုင်းမှာ မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ) ခေတ်ကတည်းက တရုတ်နိုင်ငံက မြန်မာ့အရေးမှာ အတိုင်းအတာတခုထိ ပါဝင်ပတ်သက်ခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။ အချို့အရာတွေက ကွန်မြူနစ်ပါတီ အချင်းချင်းဆက်ဆံရေး၊ ကမ္ဘာလုံးဆိုင်ရာ ကွန်မြူနစ်ဝါဒနဲ့ အရင်းရှင်ဝါဒ ဆိုင်ရာ အားပြိုင်မှုရဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပြီး အချို့အရာတွေက အိမ်နီးချင်းနိုင်ငံဖြစ်နေခြင်းရဲ့ အကျိုးစီးပွားဆိုင်ရာ မူဝါဒတွေရဲ့ မောင်းနှင်မှု ကြောင့်လို့ ဆိုနိုင်ပါတယ်။
အင်္ဂလိပ် ကိုလိုနီခေတ် လွတ်လပ်ရေး ကြိုးပမ်းမှုကာလကတည်းက မြန်မာနိုင်ငံက လွတ်လပ်ရေး ကြိုးပမ်းသူတွေက တရုတ်ကွန်မြူနစ်ပါတီရဲ့ ကြိုးပမ်းမှုတွေကို အားကျခဲ့တာဖြစ်ပြီး အင်္ဂလိပ် လက်အောက်က လွတ်မြောက်ဖို့ ကြိုးပမ်းရာမှာ တရုတ်ကွန်မြူနစ်ပါတီကို အကူအညီတောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရဲဘော် သုံးကျိပ်ခေါင်းဆောင်ခဲ့တဲ့ ထိုစဥ်က သခင်အောင်ဆန်းက တရုတ်ကွန်မြူနစ်ပါတီ အဆက်အသွယ်ယူဖို့ ကြိုးပမ်းခဲ့ပြီး အဆင်မပြေရာက ဂျပန်အဆက်အသွယ်ဆီ ရောက်သွားခဲ့ရတဲ့ သမိုင်း အဖြစ်အပျက်ရှိခဲ့ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီဟာ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ၊ ဒုတိယကမ္ဘာစစ်အတွင်းကာလ၊ စစ်ပြီးစကာလတွေမှာ အိန္ဒိယကွန်မြူနစ်ပါတီနဲ့ နီးစပ်တဲ့ ဆက်ဆံရေး၊ တိုင်ပင်မှု၊ သြဇာလွှမ်းမိုးမှုတွေရှိခဲ့ပေမယ့် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ တရုတ်ကွန်မြူနစ်ပါတီဘက်ကို ပိုမိုနီးစပ်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ခဲ့ရာက ဆယ်စုနှစ်များစွာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အကူအညီ၊ တရုတ်နိုင်ငံရဲ့ အကူအညီတွေကို ရယူခဲ့တာဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီချင်း ဆက်ဆံရေး၊ တရုတ်အစိုးရနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဆက်ဆံရေးက တသားထည်းလို ဖြစ်ခဲ့ရာက မော်စီတုန်း ကွယ်လွန်ပြီး တိန်ရှောင်ဖိန် ခေါင်းဆောင်ဖြစ်လာတဲ့ ကာလမှာ တရုတ်ကွန်မြူနစ်ပါတီ နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဆက်ဆံရေးက သီးခြား၊ တရုတ်အစိုးရရဲ့ မူဝါဒက မတူကွဲပြားလာခဲ့ပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ စစ်အစိုးရတွေကို လက်တွေ့အကျိုးစီးပွားအရ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ စစ်အာဏာသိမ်းရာက နှစ် ၂၀ ကျော်ကြာတဲ့ ၂၀၁၀ နအဖ ရွေးကောက်ပွဲကာလအထိ တရုတ်နိုင်ငံဟာ မြန်မာစစ်အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ပြီး စစ်လက်နက်ရောင်းချတာ၊ ကုလသမဂ္ဂ လို နိုင်ငံတကာ မျက်နှာစာမှာ မြန်မာစစ်အစိုးရဘက်က ရပ်တည်ပေးခဲ့တာတွေ တောက်လျှောက် ရှိခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး၊ မြန်မာနိုင်ငံရဲ့ သယံဇာတ နဲ့ စိုက်ပျိုးရေး ထွက်ကုန်ရောင်းချရာ စျေးကွက်တခု အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုကို တိမ်းရှောင်ရာမှာ အရေးပါတဲ့ အထောက်အကူရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာနေတာ ဖြစ်ပါတယ်။ တပြိုင်နက်ထဲမှာပဲ ၁၉၈၉ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးနောက် ပေါ်ထွက်လာတဲ့ တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် စီးပွားရေး၊ စစ်ရေး၊ ကုန်သွယ်ရေးအရ ကြီးမားတဲ့ သြဇာသက်ရောက်မှုရှိခဲ့ပြီး အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေက ၄င်းတို့ရဲ့ နယ်မြေမှာ စစ်ရေး နိုင်ငံရေး အာဏာကို တရုတ် အကူအညီနဲ့ ခိုင်မာအောင် တည်ဆောက်လာနိုင်ခဲ့ကြလို့ အဆိုပါ တိုင်းရင်းသား အဖွဲ့တွေအပေါ် တရုတ်နိုင်ငံက သြဇာကြီးတာလည်း ဖြစ်ပါတယ်။
ဒီသမိုင်း နောက်ခံအခြေအနေတွေမှာ တရုတ်နိုင်ငံနဲ့ မြန်မာစစ်တပ်တို့ ဆက်ဆံရေး စစ်အစိုးရတွေရဲ့ ဆက်ဆံရေးက ၁၉၈၈ နောက်ပိုင်း ကနေ ၂၀၁၀ ခုနှစ်တွေအထိ ကောင်းမွန်ခဲ့ပေမယ့် ၂၀၁၀နောက်ပိုင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရ ၂ ဆက်မှာ အနောက်နိုင်ငံနဲ့ ပိုမိုနီးစပ်လာတာ၊ စစ်တပ်က တရုတ်အပြင် ရုရှားနဲ့ဆက်ဆံရေးကို တိုးချဲ့လာတာတွေက အခြေအနေ အပြောင်းအလဲ ဖြစ်လာတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ၄င်းနယ်နိမိတ်က မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဆက်ဆံရေးက ကောင်းမွန်မြဲ ကောင်းမွန်လျှက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ လက်နက်နဲ့ အခြားသော အကူအညီတွေ အတွက် တရုတ်နိုင်ငံကို မျက်ကွယ်ပြုဖို့ မဖြစ်နိုင်ပါဘူး။ ဒီအနေအထားကို နေပြည်တော်က စစ်ခေါင်းဆောင်တွေ အတွက် မျက်စေ့စပါးမွေးစူးစရာ ဖြစ်လာနေပြီး စစ်လက်နက်နဲ့ နည်းပညာတွေအတွက် တရုတ်အစား ရုရှားကို အစားထိုးဖို့ ပိုပြီး ကြိုးစားလာခဲ့တာ လည်းဖြစ်ပါတယ်။
ဒီလို သမိုင်းနောက်ခံအနေအထားတွေက လတ်တလော ရှမ်းမြောက်က စစ်ပွဲတွေမှာ တရုတ်နိုင်ငံ အနေနဲ့ ဘယ်လောက်ထိ လက်ဝင်ပါနိုင်သလဲ၊ ဘယ်လောက် စွက်ဖက်နိုင်တဲ့ အနေအထားရှိသလဲ ဆိုတာ မှန်းဆကြည့်နိုင်မှာ ဖြစ်ပါတယ်။
လတ်တလော ဖြစ်ပွားနေတဲ့ အွန်လိုင်း လောင်းကစားဂိုဏ်းတွေ ကိစ္စက လတ်တလော အရေးအခင်းမှာ အရေးပါသော်လည်း ရေရှည် အနေအထားနဲ့ ကြည့်ရင်တော့ မြန်မာ့အရေးမှာ တရုတ်ရဲ့ မူဝါဒ ပေါ်လစီက ကမ္ဘာလုံးဆိုင်ရာ အုပ်စုတွေ နဲ့ အနောက်အုပ်စုကို လိုလားတဲ့ အဖွဲ့အစည်းတွေကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေ အလေးသာရေးကို ပထမဦးစားပေးပြီး နယ်စပ် လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရုတ်နိုင်ငံရဲ့ ယူနန်ပြည်နယ် ပင်လယ်ထွက်ပေါက် ကိစ္စတွေက မဟာဗျူဟာအခြေခံ အကြောင်းအရာတွေ ဖြစ်လိမ့်မယ်ဆိုတာ မှန်းဆကြည့်နိုင်တာ ဖြစ်ပါတယ်။
ဒီအချက်တွေ အပေါ် အခြေခံပြီး တရုတ်နိုင်ငံက မြန်မာအရေးနဲ့ ပတ်သက်တဲ့ အခြေခံမူဝါဒတွေ ချထား ကျင့်သုံးလိမ့်မယ်ဆိုတာ သံသယ ဖြစ်စရာမလို ဘူးလို့ ကောက်ချက်ချနိုင်ပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar