Breaking News

ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ (၂) တိုင်းပြည်ရန်သူ မဖြစ်ပါစေနဲ့

မျိုးချစ်ဗမာ့တပ်မတော် (PBF) က ရန်ကုန်မြို့ကို သိမ်းပိုက်လိုက်သောအခါ ရန်ကုန်ထောင်ကြီးထဲတွင် ဖက်ဆစ်ဂျပန်တို့၏
အကျဥ်းချထားခြင်းခံရသော မဟာမိတ်တပ်ပေါင်းစု စစ်သည်တော်သုံ့ပန်းများ ဤသို့ လွတ်မြောက်လာကြသည်။
(၁၉၄၅ ခုနှစ် မေလ ၃ ရက်)

ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ (၂) တိုင်းပြည်ရန်သူ မဖြစ်ပါစေနဲ့

(မိုးမခ) နိုဝင်ဘာ ၂၄ ၊ ၂၀၂၃

တော်လှန်ရေးဆိုတာ ပန်းခင်းလမ်း မဟုတ်သလို၊ စစ်ဆိုတာလည်း အရင်းအနှီးကြီးလှပါတယ်။ ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဆင်နွှဲနေရတဲ့ခုခံစစ်များကတော့ ရွေးချယ်စရာမရှိလို့ ဆင်နွှဲနေရတာဖြစ်ပါတယ်။ ဒါကို ထောက်ခံရင် ပံ့ပိုးရင်ပဲ ချက်ချင်းငရဲကျတော့မယ့်ပုံစံမျိုးနဲ့ တရားသမားလိုလို ငြိမ်းချမ်းရေးသမားလိုလို ပြုမူပြောဆိုနေကြသူများဟာဖြင့် ကိုယ့်အတ္တအတွက်သာ ကာကွယ်နေသူများဖြစ်တယ်လို့ ကောက်ချက်ချရပါလိမ့်မယ်။

၂ နှစ်ကျော်ကာလအတွင်း သောင်းနဲ့ချီတဲ့သူတွေကို ဖမ်း၊ ထောင်နဲ့ချီတဲ့သူတွေကို သတ်၊ သောင်းနဲ့ချီတဲ့ နေအိမ်တွေကို မီးရှို့ စသဖြင့် တိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ဇာတ်သိမ်းခန်းကို မြန်မြန်ရောက်ဖို့ တက်ညီလက်ညီ အားစိုက်မှဖြစ်မှာပါ။ အကြမ်းဖက်စစ်တပ်ရဲ့ လွှမ်း မိုးမှုအောက်က တိုင်းပြည်ကိုကယ်တင်ဖို့ လုပ်ဆောင်တဲ့နေရာမှာ နည်းလမ်းပေါင်းစုံကို ရွေးချယ်လုပ်ဆောင်ရမှာဖြစ်သလို အခက်အခဲမျိုးစုံကိုလည်း ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်ပြီး တော်လှန်ရတာဟာ  ပြည်သူတွေရဲ့ မျှော်မှန်းချက်ကို ဖြည့်ဆည်းနေကြတာဖြစ်သလို ဆုံးရှုံးထားခဲ့ရတဲ့ အရာတွေကို ပြန်လည် ကယ်ထုတ်နေရတာလည်းဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေကြချိန်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ နီးပါး ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်ပြီး မြို့တွေနယ်တွေ ပြန်သိမ်းခဲ့ရတဲ့အဖြစ်အပျက်များကို စဥ်းစားမိပါတယ်။ ဂျပန်တွေလက် အောက်က မြို့တွေကို တဆင့်ချင်းသိမ်းယူပြီး ဂျပန်တွေ ဖမ်းဆီးထားတဲ့ မဟာမိတ်အကျဥ်းသားတွေကို လွတ်မြောက်အောင် ကြိုးပမ်းခဲ့ရပုံများဟာလည်း ဒီကနေ့မြင်တွေ့လာရတဲ့ မြင်ကွင်းတွေလိုပါပဲ။ ဂျပန်လေယာဥ်တွေ ဗုံးကြဲလို့ ပျက်စီးတာ မီးလောင်တာတွေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ချက်ကြောင့် ပျက်စီးရပုံများဟာလည်း ဆင်တူလှပါတယ်။ ဖက်ဆစ်တော်လှန်ရေးကာလအတွင်း စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များက စစ်ရေးလုပ်ဆောင်မှုတွေ လုပ်ဆောင်နေကြတဲ့အချိန် ကျန်းမာရေး၊ ပညာရေး နဲ့တခြားဌာနဆိုင်ရာပုဂ္ဂိုလ်များကလည်း သက်ဆိုင်ရာတာဝန်များ ထမ်းဆောင်ကြသလို လက်ရှိကာလမှာလည်း တာဝန်ကိုယ်စီ ထမ်းနေကြသူများက နေရာအနှံ့ဖြစ်ပါတယ်။ 

ဂျပန်တို့ ဗုံးကြဲသဖြင့် မီးလောင်နေသော မေမြို့ (ပြင်ဦးလွင်)

အဲဒီလို တူညီမှုတွေရှိသလို ခေတ်နဲ့ အချိန်ကာလပေါ်မူတည်ပြီး ကွဲပြားမှုတွေလည်း ရှိပါတယ်။ ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်တဲ့အချိန်မှာ ဂျပန်က လေကြောင်းအသုံးပြုနိုင်သလို မြန်မာ့မျိုးချစ်တော်လှန်ရေးသမားတွေဘက်ကလည်း မဟာမိတ်တပ်ရဲ့ လေကြောင်းအကူအညီ ရှိခဲ့ပါတယ်။ နွေဦးတော်လှန်ရေးမှာတော့ ပြည်သူတွေဘက်မှာ လေကြောင်းအကူမရှိဘဲ နှစ်ပေါင်း ၇၀ ကျော် ပြည်သူ့ဘဏ္ဍာနဲ့တည်ထောင်ထားတဲ့ ကြည်း ရေ လေ စစ်တပ်ကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ စိတ်ဓာတ်အင်အားနဲ့ ပံ့ပိုးမှု၊ ရဲဝံ့မှုကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ အောင်ပွဲရလဒ်တွေကို သိသိသာသာ တွေ့မြင်နေရပါပြီ။ ဒီကနေ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ပျက်စီးရတာတွေက မြန်မာ့သမိုင်းအဆက်ဆက် အကြီးမားဆုံးဖြစ်ပါတယ်။ ကိုယ့်ပြည်သူ ပြည်သားတွေအပေါ် ဖက်ဆစ်ဂျပန်ရဲ့ ရက်စက်မှုထက် အဆပေါင်းများစွာ ရက်စက်ယုတ်မာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဆုံးရှုံးမှုတွေများလွန်းတဲ့ ဒီပွဲကို အနိုင်မတိုက်လို့ မဖြစ်ပါဘူး။

ဒါကြောင့် ဒီကနေ့ဆင်နွှဲနေကြတဲ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး နွေဦးတော်လှန်ရေးမှာ ပြည်သူတရပ်လုံးက သစ္စာရှိရှိ၊ ဇွဲရှိရှိ ဆက်လက် ကြိုးပမ်းကြရပါလိမ့်မယ်။ တော်လှန်ရေးဆိုတာ ကလေးကစားသလို ပေါ့ပျက်ပျက် လုပ်လို့မရသလို စည်းနဲ့ကမ်းနဲ့ ပြတ်ပြတ်သားသား လုပ်မှဖြစ်မှာပါ။ ဖက်ဆစ်တော်လှန်ရေးကာလအတွင်း ပြည်သူ့လွတ်လပ်ရေးတပ်မတော် သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ထုတ်ပြန်ချက်ထဲမှာ တိုင်းပြည်ရဲ့ရန်သူအဖြစ် သတ်မှတ်ခံရမယ့်သူများအကြောင်း အခုလို ထည့်သွင်းဖော်ပြထားပါတယ်။

၆။ အောက်ပါပြစ်မှုများကို ကျူးလွန်သောသူများအား တိုင်းပြည်ရန်သူများအဖြစ် ငါတို့ကြေညာလိုက်သည်။ ၎င်းသူများ၏ပစ္စည်းများကို အကြွင်းမရှိ အလျော်မရှိ သိမ်းပိုက်မည်။ ၎င်းသူများကို ဖမ်းဆီး၍ ပြည်သူများ၊ ရုံးများတွင်၎င်း၊ စစ်တရားရုံးများအတွင်း၎င်း စစ်ဆေး၍ ကြီးလေးသောအပြစ်ဒဏ်များကို ပေးမည်။ ၎င်းရုံးများ မရှိခိုက်တွင် တိုင်းတပ်မှူးများနှင့် ၎င်းတို့က အာဏာလွှဲအပ်ထားသော အရာရှိများသည် ငါတို့ညွှန်ကြားချက်များအတိုင်း စစ်ဆေးအပြစ်ပေးလိမ့်မည်။

(က) ငါတို့စစ်တပ်များ၊ မဟာမိတ်စစ်တပ်များ၊ ငါတို့အဖွဲ့သားများ၏သတင်းကို ရန်သူအား ပေးခြင်း။

(ခ) ငါတို့စစ်တပ်များ မဟာမိတ်စစ်တပ်များ၏ လုပ်ငန်းများကို နှောင့်ယှက်ခြင်း၊ ငါတို့စစ်တပ်များ မဟာမိတ်စစ်တပ်များကို မကူညီရန်လှုံ့ဆော်ခြင်း။

(ဂ) ရန်သူများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေးခြင်း၊ ကူညီခြင်း။

(ဃ) ကုန်ပစ္စည်းများကို အဆမတန် အမြတ်ယူ၍ ရောင်းချခြင်း။

(င) ကုန်ပစ္စည်းများကို မိမိတစ်ဦးတည်း ကောင်းရန်အတွက် သိုဝှက်ထားခြင်း၊ အခြား မည်သည့်နည်းနှင့်မဆို တိုင်သူပြည်သားများ၏ နေရေးထိုင်ရေး စားရေးသောက်ရေး ထိခိုက်လာအောင်ပြုခြင်း။

(စ) ဓားပြတိုက်ခြင်း။

(ဆ) မုဒိမ်းကျင့်ခြင်း။

(ဇ) ငါတို့တပ်မှ ထွက်ပြေးခြင်း။

(စျ) ဗမာပြည်တွင်းရှိ လူမျိုးအချင်းချင်း၊ ဘာသာအချင်းချင်း အဓိကရုဏ်းဖြစ်စေခြင်း။

(ည) နိုင်ငံနှင့်လူမျိုး အကျိုးများကို တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်စေခြင်း။

၇။ ငါတို့တပ်များအားသော်၎င်း၊ ငါတို့အဖွဲ့များကိုသော်၎င်း၊ မဟာမိတ်တပ်များကိုသော်၎င်း ကူညီကြသူများအား ငါတို့သည် အထိုက်အလျောက်ချီးမြှင့်ရန် မှတ်တမ်းတင်ထားမည်။ ချက်ချင်း ဆုလာဘ်ပေးနိုင်ကလည်း ဆုလာဘ်ပေးမည်။ ငါတို့အား မကူညီကြသူများသည် ငါတို့၏အချီးအမြှောက်ကို ရရှိမည်မဟုတ်။

ခွဲစိတ်ဆရာဝန်ကြီး ဆီးဂရေ့ဗ် (Seagrave) နှင့် သူနာပြုဆရာမများ အကာအကွယ်ပြုလုပ်ထားသည့်ကားဖြင့် စစ်အတွင်းသွားလာခဲ့ပုံ

ယခု နွေဦးတော်လှန်ရေးမှာလည်း ဒီလိုထုတ်ပြန်ချက်တွေကို သိနေ ကြားနေရသလို အပြစ်ပေး အရေးယူမှုတွေကိုလည်း အနည်းနဲ့အများ တွေ့နေရပါတယ်။ ကိုယ့်လုပ်ရပ်က တော်လှန်ရေးအတွက် အထောက်အကူ မဖြစ်ဘူးဆိုရင်တောင် တော်လှန်ရေးကို အနှောင့်အယှက်မဖြစ်ဖို့ အရေးကြီးပါတယ်။ တော်လှန်ရေးကို အားနည်းစေမယ်၊ အနှောင့်အယှက်ဖြစ်စေမယ်ဆိုရင်တော့ ကိုယ်ဟာ တိုင်းပြည်ရဲ့ရန်သူ၊ တော်လှန်ရေးရဲ့ရန်သူ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အရာရာကို သတိရှိရှိ၊အသိဉာဏ်ရှိရှိ ဆုံးဖြတ်လုပ်ကိုင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ။

ထိန်လင်း

၂၀၂၃ နိုဝင်ဘာ ၁၉

ရည်ညွှန်း

၁။ China-Burma-India By Don Moser And The Editors of Time-Life Books (1978)

၂။ ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် ဗမာ့လွတ်လပ်ရေးတိုက်ပွဲ သမိုင်းဝင်စာတမ်းများ (ရဲဘော်တစု) စန်းမြင့်ထွန်းစာပေ ၁၉၇၈ မတ်လ

၃။ သတင်းစာများပြောပြတဲ့ စစ်တွင်းဗမာပြည် - တတိယတွဲ (လူထုဦးလှ) လူထုစာအုပ်တိုက် ၁၉၆၈ ဒီဇင်ဘာ

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar