ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၂၃
ဇောက်မြင်းလုံး ဆိုတဲ့ကောင်က သူ့ကိုယ်သူ နိုင်ငံရေးသဗ္ဗညုတ ရထားတဲ့သူလိုလို လေသံနဲ့။ ဇောက်မြင်းလုံး ကြည့်လိုက်တာနဲ့ စစ်တပ်မှာလဲ နိုင်ငံရေးမှာ သွေးဆုံးပြီဆိုတာ အသိသာကြီး။ တကယ်တော့ အဲဒီဇောက်မြင်းလုံးက ကျော်မျိုးမင်းနဲ့ ကျော်စိုးဦး ဖောတာ လိုက်ပြောပေးရတဲ့အဆင့်ဆိုတာ ပေါလောပေါ်လာတာကိုး။
ရယ်တော့ ရယ်ရ၊ ဒီကောင်တွေ ကိုးကန့်က ဖုတ်လိမ့်မယ်ဆိုတာ တကယ်မသိတာ။ အကုန်လုံးက ဒီနွေဦးဟာ အခွင့်ထူးဘဲလို့ သတ်မှတ်ပြီး အကုန်ပေါင်းဝုန်းတော့မှာကို ခန့်မှန်းနိုင်စွမ်းမရှိမှတော့ သောက်သုံးကျမယ့်ကောင် တကောင်မှမရှိဘူးဆိုတာ သေချာတယ်။
တလျှောက်လုံး နိုင်ငံလိုက် အပိုင်စားရပြီး လုပ်ပိုင်ခွင့် အလိုလိုရနေတာကို သူတို့အစွမ်းအစလို့ထင်တဲ့ထဲမှာ စစ်တပ်နဲ့ စစ်အုပ်စုတွေက တစ်ပူးတွေချည်း။ နံပတ်ဝမ်းတစ်၊ ဂဏန်းတစ်တွေချည်းနော်။
ညီနောင်သုံးဖော် ကြိတ်မှာ မသိတော့ တရုတ်သတင်းစာနဲ့ အင်တာဗျူးမှာ ဇော်မြင်းလုံးက ဝနဲ့ မိုင်းလားကို ရန်သွားစမိရော။ အဲနှစ်ကောင်ကြောင့် ကျားဖြန့်တွေ ခါးဆန့်နေတယ်ပေါ့လေ။ အဲနှစ်ကောင်ကို ခများတို့ တရုတ်ပါ ဝိုင်းဖုတ်ပေးဖို့ဆိုပြီး ပွားတာပွားတာ။ အာ့ကျကျရုပ်ကြီးနဲ့။ အဲဒါ ၂၃ ရက်နေ့က။ အဲဒါကို မြန်မာ့အလင်းမှာ မထည့်ရသေးဘူး။
၂၇ ရက်နေ့ကျ သုံးဖော်က အမုန်းဆော်ရော။ တိုက်ရတဲ့ ရည်ရွယ်ချက်တွေထဲမှာ စစ်တပ်ရယ် ပြည်သူ့စစ်ရယ်ပေါင်းပြီးလုပ်နေတဲ့ ကျားဖြန့်ကို နှိမ်နှင်းဖို့ဆိုတာက ပါလာတယ်။ အဲဒီမှာ ဝ နဲ့ မိုင်းလားကြောင့် ကျားဖြန့်သောင်းကျန်းနေတာဆိုတဲ့ သူ့ပြောဆိုချက်တွေက ငပေါစကားဖြစ်ပြီပေါ့။
၂၈ ရက်နေ့မှာတင် စခန်းက ငါးဆယ်ကျော်သိမ်းပြီဆိုတော့ ညီနောင်သုံးဖွဲ့နဲ့ ပြာလောင်ခတ်နေတဲ့အချိန် ဟို အင်တာဗျူးကြီးက မြဝတီနဲ့ သတင်းစာထည့်မယ့်ဟာက မပိတ်မိတော့ဘူး။ အဲသတင်းတက်လာတော့ ဝ နဲ့ မိုင်းလားကိုပါ အော်တော်မိတစ် စိန်ခေါ်ပြီးသား ဖြစ်သွားရော။ ဟော ခု ညီနောင်သုံးဖော်က မြို့တွေသိမ်းပြီး ကျားဖြန့်ဂိုဏ်းဆရာ့ဆရာ တရုတ်ကြီးတွေကိုလဲ ဝင်ဖမ်းရော ကျားဖြန့်ကြီးတွေကို စစ်တပ်ဟပ်စကီးကြီးနဲ့ သယ်ထုတ်ပေးတဲ့သတင်းက ပြူးပြူးကြီး တက်လာတော့ ဂွမ်းရော။ ကျားဖြန့်ကို မအလတပ် လုပ်နေပါတယ်ဆိုတာ ကိုယ့်ဘာသာ ထုတ်ဖော်ဝန်ခံလိုက်ရတော့တာပလေ။ စစ်ဗိုလ်စစ်သားသာ ဟပ်စကီးကြီးနဲ့ ကယ်ထုတ်မပေးတာ ကျားဖြန့်တွေကျ ကယ်ထုတ်ပေးတယ်ဆိုပြီး တပ်ထဲက မုဆိုးမတွေ ဒေါသထွက်ပွက်ပွက်ညံ ကလော်တုတ် ဗုတ်ဗုတ်ဗုတ်နေကြပြီလေ။ ဒီသတင်းပေါက်သွားတာကလဲ လေဘဲတွေက ဝေမျှမပေးလို့လိုလို၊ ရှေ့တန်းရှိ စစ်ဌာနချုပ်အကောင်ကြီးက သူ့တယောက်ထဲ ဝှိုက်လိုက်သလိုလိုဖြစ်လို့ တင်းပြီး သတင်းထုတ်ပေးလိုက်တာတဲ့။ တင်းမယ်ဆို တင်းလောက်တယ်။ အသက်ရင်းရတော့ ဗိုလ်သေးဗိုလ်မွှားနဲ့ တပ်သားတွေ။ ကယ်ရီခက တယောက် သိန်းသုံးထောင်၊ တခေါက် သိန်းခြောက်သောင်း ခုနစ်သောင်း ရတာလေ။ ကျားဖြန့်ထက်တောင် ကိုက်သေး။ မျှမပေးလို့ကတော့ ဖွပြီပါ့။ အချင်းချင်း သေနတ်နဲ့မပစ်တာတောင် ကံကောင်း။
အဲတော့ ရလဒ်က ဝ ကလဲ ငါ့ထဲ ဘာမှ ကျွံမလာနဲ့၊ သဘောပါလားတဲ့။ မိုင်းလားကလဲ ကြားဘဲနော်တဲ့။ ဆိုလိုတာက မင်းဘက်မှာ ဘယ်သူမှမရှိဘူး၊ နိုးဘဲလို့ ပြောတာ။
ခု SSPP က မြောက်ပိုင်းစစ်ရှောင်တွေကို ပုံစံမျိုးစုံနဲ့ အပီအပြင် ကူညီနေပြီ။ သူ့ကိုယ်ပိုင်လမ်းတွေကနေ သယ်ဆောင်ပေး။ သူ့ရုံးတွေမှာ လိုတာလာပြောတဲ့။ သိတယ်ဟုတ်၊ တလောဆီက စစ်တပ်က SSPP စခန်းတွေကို ဆုတ်ခိုင်း၊ ရုပ်ခိုင်းတယ်။ မဆုတ်ရင် အုပ်မယ်၊ တုတ်မယ် ဘာညာဖြဲတော့ SSPP က မဆုတ်ပေးနိုင်ဘူး။ အေး စခန်းတခုကို ထိတာဟာ အကုန်လုံးကို ထိတာဘဲလို့သဘောထားတယ်လို့ တုံ့ပြန်လိုက်တော့ မလှုပ်တော့ဘူး။ ထိတဲ့နေရာတင်မဟုတ်ဘူး၊ တွေ့တဲ့နေရာ ဖုတ်မယ် ပြောလိုက်တာလေ။ အဲတော့မှ အတိတ်မေ့တာလိုလို ရွှေပျောက်တာလိုလိုနဲ့ ပြီးသွားတာ ဘာကြာသေး။
ရှမ်းမြောက်နဲ့ ရှမ်းတောင်ဆက်လမ်းတွေမှာ SSPPက အခရာဘဲ။ ဓနုကလဲ သူ့လမ်း လာမဥနဲ့၊ ထုမှာလို့ပြောပြီးသား။ ထုလဲ ထုနေတာ။
ဇမထနဲ့ မအလ သူတို့သားအဖက လိုက်လဲလိုက်တယ်။အပေါတူ အအူတူ အကျွတ်တူ သပွတ်အူတွေ။ ရှမ်းပြည်မှာ သူတို့အားကိုးစရာဆိုလို့ ပအိုဝ်းဘဲရှိတော့တာကို ဇောက်မြင်းလုံး ရှမ်းမြောက်မှာ ဝနဲ့မိုင်းလားကို ပြစ်မှားသလို မအလကလဲ အားကျမခံ ပအိုဝ်းကို သွားပြစ်မှားတာ။ တကယ်တမ်းက ရွက်စစ်က အားကိုးလို့မရ၊ ဟိုဘဲက စည်းဝေးလာတယ်ဆိုတာထက် သူ လိုချင်တာကို ဈေးပေါင်ကျိုးပေးထားတာကို ထပ်ဈေးလာဆစ်ရင်း သူတို့အခြေအနေကို လာအကဲခတ်တာ။ အမှန်ကတော့ ကြိတ်လို့ရမယ့် အချိန်အတိအကျသိအောင် လုပ်တာလေ။ တကယ် သူ့ဘက်ကနေ အထွန့်မတက်ဘဲ တိုက်ပေး ပါပေးနေတာက ပအိုဝ်း။
အဲဒါကိုမှ မသိသားဆိုးရွား။ အောက်တိုဘာ ၁၁ ရက်က တောင်ကြီး ဗုဒ္ဓတက္ကသိုလ်နားမှာ ပအိုဝ်းပြည်သူ့စစ်က သယ်လာတဲ့ မူးယစ်ဆေးပြား ကားတစီးတိုက်ကို စစ်တပ်က ဖြတ်လုတာ။ ဖမ်းတာမဟုတ်ဘူးနော်။ အပြန်အလှန် နှစ်ခါတောင် ပစ်ကြတယ်။ စစ်တပ်က ဗိုလ်ကြီးနဲ့ တပ်သားတချို့ဂန့်ရော။ ပအိုဝ်းဗိုလ်ကြီးက လစ်ပြေးသွားတော့ ရပခ ကကောင်တွေက သူ့အစား PNO တပ်ရင်းမှူးခွန်ဗိကို ပြန်ပေးဆွဲသွားတာ။ ပအိုဝ်းဘက်ကလဲ ဖောင်တော်ဦးဘုရားပွဲ မအလ လာရင် ဦးအောင်ခမ်းထီနဲ့ ရှင်းမယ်ဖြစ်။ ဒီတခေါက်မှာ မအလက ဦးအောင်ခမ်းထီနဲ့ မတွေ့တော့ဘဲ သေချာပလစ်ထားပြီး ရှမ်းဘုန်းကြီးနဲ့ သွားတွေ့တယ်။ တိုင်းရင်းသားတွေကြား ရန်တိုက်နေကျပုံစံအတိုင်း လုပ်တာပေါ့လေ။ ဦးအောင်ခမ်းထီနဲ့ မတွေ့တော့ဘဲ သူလာတဲ့နေ့မှာဘဲ သိန်းလေးထောင်နဲ့ ခွန်ဗိကို လဲပေးလိုက်ပြီး စစ်တပ်က PNO ကို အမှုကျေအေးလိုက်တယ်ပေါ့လေ။
တကယ်တော့ မူးယစ်ဆေးပြားမှု။ ဆေးပြားလုရင်း ပစ်ကြ ခတ်ကြ သေကြဆိုတော့ နိုင်ငံတော်အိုးမဲသုတ်မှုပေါ့။ ပြောချင်တာက သိန်းလေးထောင်နဲ့ လဲလို့ရတဲ့အမှုမျိုးမဟုတ်ဖူး။ အဲဒီသိန်းလေးထောင်ကလဲ သေတဲ့စစ်ဗိုလ်နဲ့တပ်သားတွေ ရမရကလဲ မသေချာဘူး။
ပြောချင်တာက ပအိုဝ်းတွေဘက်ကလဲ စတင်းလာဘီ။ တကယ်က ရှမ်းတောင်မှာ ပအိုဝ်းအားကိုးနဲ့ တိုက်နေတာလေ။ ပအိုဝ်းတွေက စစ်ရှောင်အိမ်နီးချင်း ကရင်နီတွေကို ဥပေက္ခာပြု၊ ပအိုဝ်းလူငယ်တွေကို အတင်းစစ်သားလုပ်ခိုင်းပြီး ကရင်နီတိုက်ပွဲထဲ ထည့်ပေးထားရတာလေ။ ပအိုဝ်းရွာတွေမှာ စစ်စရိတ်တွေလဲ ခဏခဏ ခွဲတမ်းတောင်းပေးနေရတာ။ ဒီကျေးဇူးတွေကို မထောက်ဘဲ တပ်ရင်းမှူးကို ဖမ်းပြီး ငွေနဲ့ လာရွေးခိုင်းတာလေ။ ဘယ်လောက် စော်ကားသလဲ ဆိုတာ။ ရှမ်းတောင်မှာ စစ်ဗိုလ်ချုပ်နဲ့ သူ့လူတွေ ယူထားတဲ့မြေ ဆိုတာကလဲ မြင်လို့တောင် မကောင်း။ ရှင်းရှင်းပြောရရင် ဆီဆွတ်ပေါင်းနေရတာ။
အင်း ညီနောင်သုံးဖော်က သီတင်းကျွတ် ဗြောက်ဖောက် မီးထွန်းပေးပြီးနောက် ဒီလတန်ဆောင်တိုင်ပါ ဆက်ပြီး အားလုံးပေါင်းလို့ မီးထွန်းဗြောက်ဖောက် တောချောက်ကြတော့မှာ အသေအချာပါဘဲ။ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ပေါ့။
စကားမစပ် တောင်ကြီးမီးပုံပျံပွဲက မအလပွဲ ဖြစ်မှာရော သေချာလား။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar