Breaking News

ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ ကောလင်း၊ ခမ်းပတ် နဲ့ စစ်အာဏာရှင် စနစ်ဖြုတ်ချရေးနဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး


မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၇ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၂၃


ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ ကောလင်း၊ ခမ်းပတ် နဲ့ စစ်အာဏာရှင် စနစ်ဖြုတ်ချရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး  

မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ရဲ့ အောက်တိုဘာ ၂၇ ရက်နေ့ နံနက်စောစောက စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်ကျော် ရှိလာချိန်မှာ စစ်ဆင်ရေး နယ်မြေထဲက မြို့အချို့ ကို ကိုးကန့်အဖွဲ့က သိမ်းယူနိုင်ခဲ့သလို၊ တိုင်းရင်းသား လက်နက်ကိုင် မဟုတ်တဲ့ NUG လက်အောက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေကလည်း KIA တပ်ဖွဲ့ဝင်တွေရဲ့ ကြီးကြပ်မှု နဲ့ ကောလင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ တို့ကို သိမ်းယူခဲ့တဲ့ သတင်းတွေ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ 

မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ အနေနဲ့ ဒီစစ်ဆင်ရေး နဲ့ ပတ်သက်လို့ ရည်ရွယ်ချက်ကို ထုတ်ပြန်ထားတာလည်း ဖြစ်ပေမယ့် ဒီထုတ်ပြန်ချက်ထဲ မပါဝင်တဲ့ ၄င်းတို့ရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက် ပန်းတိုင် စတဲ့လက်တွေ့ နယ်ပယ်က ရည်မှန်းချက်တွေလည်း ရှိနေမှာ အသေအချာဖြစ်ပါတယ်။ မြောက်ပိုင်း ညီနောင်လက်နက်ကိုင် ၃ ဖွဲ့မှာ AA ဟာ သူအခြေစိုက်တဲ့ ရခိုင်ပြည်နယ်မှာထက် ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ဒေသတွေမှာ ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပြီး တအာင်း လက်နက်ကိုင်အဖွဲ့က ၄င်းနယ်မြေနဲ့ ထိစပ်နေတဲ့ နမ့်ခမ်းလို၊ နောင်ချို၊ ဂုတ်ထိပ် တို့လိုဒေသတွေမှာ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ကိုးကန့်အဖွဲ့အနေနဲ့ ၄င်းရည်မှန်းချက် ဖြစ်တဲ့ ကိုးကန့်ဒေသတခုလုံးကို သိမ်းယူနိုင်ဖို့က လက်ရှိအနေအထားမှာ မရောက်ရှိသေးပေမယ့် ချင်းရွှေဟော်၊ ကြူကုတ် ၊ ဖောင်းဆိုင်တို့ကို သိမ်းယူထားနိုင်ပြီး ကွမ်းလုံ၊ သိန္နီတို့ကို တစိတ်တပိုင်း တိုက်ခိုက်စိုးမိုးထားတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

NUG ရဲ့ အမိန့်ပေးမှုအောက်က လက်နက်ကိုင် တပ်လို့ဆိုနိုင်တဲ့ PDF တပ်ဖွဲ့တွေ အနေနဲ့တော့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ကောလင်း နဲ့ စစ်ကိုင်းတိုင်းရဲ့ အနောက်မြောက်မှာရှိတဲ့ ခမ်းပတ်မြို့တို့ကို ခုရက်ပိုင်းအတွင်း သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ မြို့သိမ်းတိုက်ပွဲ ၂ ခုလုံးမှာ ကေအိုင်အေရဲ့ ကြီးကြပ်မှုနဲ့ စစ်ရေးအရ ကူညီမှုတွေပါဝင်တာလည်း ဖြစ်ပါတယ်။ 

ကိုးကန့်ဒေသ အပြင်စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ NUG အမိန့်ပေးမှုအောက်က တပ်ဖွဲ့တွေ သိမ်းထားတဲ့ မြို့ ၂ မြို့ဟာ နီးနီးကပ်ကပ် မြို့တွေတော့ မဟုတ်ကြသေးပါဘူး။ ရန်သူ အားနည်းတဲ့ နေရာ PDF လက်နက်ကိုင်အဖွဲ့တွေ အားကောင်းတဲ့ နေရာနဲ့ အခြေအနေ အချိန်အခါပေးတဲ့ မြို့တွေကို သိမ်းယူရတဲ့ အနေအထားလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ နယ်မြေတခု ဒေသတခုကို သတ်သတ်မှတ်မှတ် အင်အားစုစည်းပြီး တိုက်ခိုက်တာမျိုးထက် ရန်သူအားနည်းတဲ့ နေရာက မြို့တွေကို တိုက်ခိုက်သိမ်းယူတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဒီနေရာမှာ တွေးစရာ အချက်တခုက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေး ရည်မှန်းချက် ပန်းတိုင်နဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ရည်မှန်းချက်ပန်းတိုင် ဘယ်လောက်ထိ ထပ်တူကျသလဲ၊ ဘယ်လောက်ထိ အကျိုးစီးပွားထပ်တူ ကျနိုင်သလဲ၊ ဘယ်လောက်ထိ အကျိုးစီးပွားဆန့်ကျင်မှုတွေ ရှိနိုင်သလဲဆိုတဲ့ အကြောင်းအရာတွေက စဥ်းစားတွေးဆ စရာရှိလာပါတယ်။ 

EAOs တွေ တနည်းအားဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ NUG/ PDF တွေ ၂ ဖွဲ့လုံးအဖို့ စစ်အာဏာရှင် စနစ်ဖယ်ရှားရေးကတော့ ဘုံရည်မှန်းချက် ဖြစ်ပါတယ်။ စစ်အာဏာရှင် တပ်တွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုရော ၊ NUG/ PDF တွေကိုပါ တိုက်ခိုက် ချေမှုန်းဖို့ လုပ်ဆောင်နေတာကြောင့် ဒီအချက်မှာ ဘုံရန်သူက အတူတူ ဖြစ်ခြင်းက ပူးပေါင်း တိုက်ခိုက်ဖို့ တူညီတဲ့ ရပ်တည်ချက် ရှိကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ရင် နောက်တဆင့် အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ဘယ်လောက်ထိ သဘောတူညီကြပြီး ဘယ်လောက်ထိ အကျိုးစီးပွားတူညီကြသလဲ ဆိုတဲ့အချက်ကလည်း လက်တွေ့ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေ၊ ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် အကျိုးစီးပွား ဆန့်ကျင်ဘက်အဖြစ် တခုခုကို သက်ရောက်စေနိုင်တဲ့ အကြောင်းခံလည်း ဖြစ်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ယေဘုယျအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို လက်ခံထားကြတယ်လို့ အများက ရှုမြင်ထားကြပေမယ့် သေချာစွာလေ့လာ စေ့ငုကြည့်ရင် အချို့အဖွဲ့တွေအနေနဲ့ ကွန်ဖက်ဒရိတ် အဆင့်အတန်းမျိုးအထိ ရည်မှန်းထားကြတာလည်း ဖြစ်ပါတယ်။ သမိုင်းအရ အင်္ဂလိပ် ကိုလိုနီမပြုခင်က ရှိနေခဲ့တဲ့ အနေအထားမျိုး ဖြစ်တဲ့ ပြည်မအစိုးရရဲ့ သြဇာ သက်ရောက်မှု အတိုင်းအတာမျိုးအထိ ပြန်လည်ရယူလိုကြတာလည်း ရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ 

၁၉၄၈ ခုနှစ်က စတင်ခဲ့တဲ့ တိုင်းရင်းသား လူမျိုးစုအခွင့်အရေး လက်နက်ကိုင် လှုပ်ရှားမှုဟာ ခေတ်အခြေအနေ၊ ခေါင်းဆောင်မှု၊ ဗဟိုအစိုးရလို့ ခေါ်ဆိုနိုင်တဲ့ ဗမာလူမျိုးတွေ ဦးဆောင်တဲ့ ပြည်မအုပ်ချုပ်သူတွေရဲ့ သဘောထားတွေအပေါ် မူတည်ပြီး အချိန်ကာလအလျောက် ရည်မှန်းချက်တွေ ပြင်ဆင်ပြောင်းလဲခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ 

အခု ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာလည်း အခြေအနေ အချိန်အခါပေါ်  မူတည်ပြီး ရည်မှန်းချက်တွေ ပြောင်းလဲသတ်မှတ်ကြတာမျိုး ရှိနိုင်တာ ဖြစ်ပါတယ်။ 

မကြာသေးခင်က ကေအိုင်အေ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂွန်မော်က သတင်းဌာနတခုရဲ့ အင်တာဗျူး ဖြေကြားစဥ် ၂၀၂၅ မတိုင်ခင် ပြည်မအုပ်ချုပ်သူ စစ်တပ်အနေနဲ့ တိုင်းရင်းသားအရေးကို နားလည်သဘောပေါက်ဖို့ ၄င်းတို့ရဲ့ သဘောထားကို အသိပေးခဲ့တဲ့အကြောင်း ၂၀၂၅ ကျော်သွားတဲ့အခါ အဲဒီရည်မှန်းချက်တွေ ပြောင်းလဲသွားမယ့် အကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့တာကို ကြည့်ရင် EAO တွေရဲ့ နိုင်ငံရေး ရည်မှန်းချက်က အချိန်အခါ အခြေအနေပေါ်မူတည်က ပြောင်းလဲမှုရှိနိုင်တာ သဘာဝ ဖြစ်တယ်ဆိုတာကို နားလည်ထားဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။ 

အခု ၂၀၂၃ အောက်တိုဘာ အလွန်အခြေအနေ နဲ့ EAO တွေရဲ့ ရည်မှန်းချက်၊ နွေဦးတော်လှန်ရေးရဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ဘယ်နေရာတွေအထိ တူညီကြပြီး ဘယ်နေရာတွေမှာ ကွဲလွဲမှုတွေ ရှိနေမလဲ ဆိုတာလည်း ကြိုတင်မှန်းဆ ပြင်ဆင်ထားကြဖို့ လိုအပ်နေပြီလို့ ထင်မြင်မိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar