မောင်ဘဦး - ဆုတောင်းပါရ အကြိမ်ကြိမ်အခါခါ...
ဆုတောင်းပါရ အကြိမ်ကြိမ်အခါခါ...
မောင်ဘဦး
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၂၃
ရက်၃၀မှာ စက်တင်ဘာ၊ ဧပြီ ဂျွန်နဲ့ နိုဝင်ဘာ၊
ကျန်လများမှာ ၃၁၊ ဖေဖော်ဝါရီ ၂၈၊
ရက်ထပ်နှစ်မှာ ၁ ရက်တိုး၊ ဖေဖော်ဝါရီ ၂၉။
မူလတန်းကျောင်းသားဘဝက သင်ယူခဲ့ရသော လကုန်ရက် လင်္ကာဖြစ်ပါ၏။ ဒီနေ့ နိုဝင်ဘာ ၂၉ ဆိုတော့ ဒီဇင်ဘာရောက်လာဖို့ ၂ ရက်ပဲလိုတော့ သည်။ 'မွေးဂဏန်း' တွေကို စာရင်းသွင်းရမည်။ ပြီးတော့ 'ဆရာ့' ဆီက 'ပိတ်ဂဏန်း' တွေကို လယ်ဂျာစာရင်း မျက်နှာဖုံးပေါ်တွင် ရေးမှတ်ထားရမည်။ အလွတ်အာဂုံပါ ဆောင်ထားရမည်။ လဆန်း ၁ ရက်နှင့် ၁၆ ရက်၊ ဖွင့်သည့်နေ့တွေကတော့ လာထိုးသူတွေများလွန်းလို့ မနက်မိုးလင်းက တည်းက ၁၁ နာရီလောက်အထိ 'ဘရိတ်ပင် ကောင်းကောင်း မဖတ်နိုင်'။ ဒါတောင် အခုမှ စ,ရသည့် ၂ ထောင် ဘရိတ်လေး။
ဒိုင်ကြီးဖြစ်သူ ဘောစိဆရာဆီက 'ပိတ်ဂဏန်း' ကို အလွတ်မကျက်လို့က မဖြစ်။ ပိတ်ဂဏန်းထဲက ပေါက်ဂဏန်းများပါသွားလျှင် ဒိုင်က အလျော်ပေးမည်မဟုတ်။ ၂ ထောင်ဂိတ်အတွက် ရောင်းကြေး ၅,၀၀,၀၀ဝ/ အပ်ရသည်ကို ရောင်းပေးခ ၂၅,၀၀၀/ ရတာလေးနှင့် မိမိလည်း စိုက်မလျော်နိုင်။ ဒီတော့ ရေးတာမှတ်တာရော အလွတ်အာဂုံပါ ဆောင်ထားရပေမည်။ ၂ ထောင်ဘရိတ်အတွက် ရောင်းကြေး ၄,၇၅,၀၀၀/ ကိုတော့ ဘောစိထံ အပ်ကိုအပ်နိုင်ရမည်။ မပြည့်လျှင် အိတ်ထဲက စိုက်ဖြည့်ပြီး အပ်ရုံသာ။ ၄,၇၅,၀၀၀ ထက်ကျော်လျှင်တော့ ဒိုင်အပ်ငွေ ကျော်ကျော်သလောက် ကော်မရှင်ရပေသည့်။ အခုမှ စလုံးရေစ,ရောင်းရသူမို့ အောက် ထစ်ရောင်းကြေး ၄၇၅၀၀၀/ ရအောင်က အတော်ကြိတ်ရသည်။ ရောင်းကြေး ဂိတ်မီပါစေကြောင်း အခါခါဆုတောင်းသမှုပြုရသည်။
ဒါတောင် ၂ ထောင်ဂိတ်။
၅ ထောင် ၁ သောင်း ဂိတ်တွေကတော့ ဝါရင့်ချဲရောင်းသူ ဆရာကြီးတွေမှသာ တတ်နိုင်ပေမည်။
အရင်တုန်းကဆို ကိုယ့်ကချည်း 'ဆရာ' အခေါ်ခံရပြီး မှတ်သားစရာ ကျက်မှတ် အာဂုံဆောင်စရာတွေကို ကိုယ်ကပဲ သင်ကြားညွှန်ကြားလေ့ ရှိခဲ့ပေမင့်၊ အခုတော့ စီဒီအမ်ကျောင်းဆရာကြီး မိမိမှာ တွံတေးသိန်းတန် 'စိုးမိုးမေတ္တာ' ထဲက 'ကိုမောင်မောင်လွင်' လို သမုဒ္ဒရာဝမ်းတစ်ထွာအတွက် အခြေအနေအရ 'ဆရာ' မခေါ်ချင်လည်း ခေါ်ရပါလေပြီ။
ဆိုင်ကယ်တားပြီး လိုင်စင်အစစ်ခံရတုန်းလည်း "ဒါလေး ပါတာ၊ ယူလိုက် ပါတော့ ဆရာရယ်" ပြောပြီး၊ ၅၀၀၀ တန် တစ်ရွက်ပေး၊ 'ဆရာ'ခေါ်ပြီး အမြန်လစ်ပြေးခဲ့ရဖူးသည်။ စီဒီအမ်ဘဝ၊ 'ဆရာ' မခေါ်ချင်ပဲနှင့် 'ဆရာ' ခေါ်ခဲ့ရပေါင်းကတော့ ရိုးအီနေလေပြီ။
"... အပ်ထားတဲ့ ၁၅ သိန်းလုံး အကုန် ထုတ်ချင်ပါတယ် ဆရာ..."
"... မရဘူးဗျ၊ သိန်းရာထောင်ချီ အပ်ထားသူတွေလည်း တစ်ပတ်မှာ တစ်ကြိမ်၊ တစ်လ နှစ်ကြိမ်၊ တစ်ကြိမ်မှာ ၁၀သိန်းပဲထုတ်ပေးတယ်၊ ကြေငြာချက်ကို ဖတ်ကြည့်ပါ ဦးလေး ...။"
မိခင်အိုကြီး ဆေးရုံတက်ရ၍ ၁၂ သိန်းလောက် လိုသဖြင့် ပုဂ္ဂလိကဘဏ်မှာ အပ်ထားသော အိုစာမင်းစာလေး သွားထုတ်တော့ 'ဆရာ' ချင်း မိုးမွှန်အောင် ခေါ်ခဲ့ဖူးသည်။ သို့သော် မရခဲ့။ မိမိ၏ဆယ်ဂဏန်းလောက်ကို အသာထား၊ သိန်း ရာထောင်ချီအပ်ထားသူတွေကိုပင် ဤနည်းပဲပေးပါ သည် တဲ့။ ကျန် ၂ သိန်းကို အသိ မိတ်ဆွေဆီက ဆွဲလိုက်ရသည်။
"...ဟို ဆရာဖြင့်ကွာ အထက်အညာမှာ အဆင်ကိုပြေလို့၊ ရာထူးက တိုးသေး၊ ထွက်လိုက်ပါလားသူငယ်ချင်းရာ ..."
ကရုဏာစကား ဖြစ်ပါငြား၊ "...နန်းစီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်ဘယ် တော့မှ မပြောနဲ့ကွာ၊ ရော့ မင့်ငွေ ..." ဟုဆိုကာ ယူထားသော လက်ထဲကငွေကို ပြန်ပေးလိုက်ချင်သော်လည်း မိခင်အိုကြီးမှာ ဒီနေ့ပဲ ဆေးရုံဆင်းရမည် ငွေလိုနေသည်မို့ အသာမျိုချလိုက်ရသည်။ ကျန်းမာရေးကိစ္စနှင့် ပတ်သက်လာပြီဆိုမှဖြင့် ငွေက အတော်လိုသည်။ သည်အတွက် ကျန်းမာပါရလိုကြောင်း အခါခါဆုတောင်းမိသည်။
စီဒီအမ်ဝင်ခါစ,က "... နောက်နှစ်မှာ ပင်စင်ယူတော့မယ့် ဆရာကြီးတောင် စီဒီအမ်ဝင်မှတော့ ကျမတို့လည်း ဝင်ရမှာပေါ့..." ဆိုသူ ဘဝတူ ဆရာဆရာမများရှိသလို၊ "...စီဒီအမ်ဝင်တော့ ဘယ်သူက လာကျွေးမှာလဲ၊ ဘာသွားစားရမှာလဲ" ဆိုသည့်ဆရာမများလည်း ရှိပါလေသည်။ "...ကျနော်တော့ ပင်စင်အထိ မှေးနေလိုက်တော့မယ်..." ဆိုသည့် နန်းသူ ငယ်ချင်းများလည်း ရှိသေးသည်။
"...သမီးတော့ စီဒီအမ်ထွက်လိုက်ပြီ ဆရာကြီး၊ ဝန်ခံကတိကို ခရိုင်ရုံးအထိ လျှောက်လွှာသွားယူပြီး လက် မှတ်ထိုးတင်ရတယ်၊ ပြီးတော့ ၂ ယောက်ထဲ လူချင်းတွေ့ပြီး နောက်နောင်မလုပ်တော့ပါဘူးး ကျမ်းကျိန်ရတယ်၊ နောက်လကစပြီးတော့ လစာရတယ်၊ အရင်တုန်းက ပေးထားတာတွေတော့ ဖြတ်ယူလိုက်တယ်... ။"
"... ဟိုဆရာမက၊ သူနယ်က ကျောင်းသွားတက်လို့မှ မရတာ၊ 'စီ' မဝင်ဘူးရယ် ... ။"
'နန်းစကား' ကြားလိုက်တိုင်း တိရစ္ဆာန်လိုကြိုးတုပ်ပြီး ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ခမောက်နဲ့ ကျောင်းစိမ်းလုံချည်လေးတွေကိုချည်း ပြေးမြင်မိသည်။ ပြီးတော့ တက်သစ်စနုနုနယ်နယ် အင်ဂျင်နီယာအရာရှိလေးတွေ ဆရာ ဝန်ဆရာဝန်မလေးတွေကိုလည်း မြင်ယောင်မိသည်။ တချို့က တောထဲမှာ တောင်ထဲမှာ။ တချို့က ထောင်ထဲမှာ။ တချို့က တိတ်တခိုးငိုရှိုက်ရ။ တချို့က စစ်ကြောရေးမှာပင် သက်ဆိုးမရှည်လိုက်ကြ။
စီဒီအမ်ဝင်စ, ကာလက သိပ်မသိသာပေသိ၊ ၂ နှစ်ကျော် ၃ နှစ် အတွင်းက တော့ တော်တော်ကြီးကို ရုန်းကန်ခဲ့ရသည်။ ရုန်းထွက်ခဲ့ရသည်။ နေစရာ အိမ်ရှိပါလျက် ကြာကြာမနေရဲ၊ မိတ်ဆွေရင်းချာအိမ်တွေဆီ သွားနေရသည်။ တပည့်တပန်းရွာတွေဆီ သွားနေရသည်။ ကူညီညာလုပ်ကိုင်ပေးရင်း ဘုန်းကြီးကျောင်းတွေဆီ ချဉ်းကပ်ရသည်။ ဘုန်းတော်ကြီး တော် တော်များများနှင့်လည်း ရင်းနှီးခဲ့ရပြီ။ ပီဒီအက်အားကောင်းသော ရွာတွေက လာနေဖို့၊ ကလေးတွေကိုပါ စာသင်ပေးဖို့တော့ ဖိတ်ပါသည်။ ဝေးလံလွန်းသည့်အပြင် မိခင်အိုကြီးကိုပါ အတူခေါ်မသွားနိုင်သဖြင့် မိမိနေရပ်အနီးတဝိုက်တွင်ပင် ကြံဖန်ကြိတ်မှိတ်နေရသည်။ အကြော်ကြော်ရောင်းကြည့်သည်၊ အသုတ်ရောင်းကြည့်သည်၊ မအောင်မြင်။ ကြက်သွန်ပွဲရုံတခုက အလုပ်ပေးသည်။ များမကြာမီ ပွဲစားခမျာအဖမ်းခံထိ၍ သိန်းထောင်ချီဖြင့်ရွေးယူရပြီး ပွဲရုံပိတ်လိုက်ရသည်။
စားဝတ်နေရေး ရုန်းကန်ရင်းက အသိမိတ်ဆွေ စစ်မှူထမ်းဟောင်းတွေကို ရှောင်ရသည်။ ဒလန်လိုလိုတွေကိုသာမက ပညာရေးမှူးရုံးက 'နန်း' တွေကိုလည်း ရှောင်ရ ပုန်းရသေးသည်။ မတွေ့မမြင်ပါစေနှင့် ဆုတောင်းရသည်။
ရှောင်ပုန်းတာက အရေးမကြီး၊ သွားရာလာရာ ရှောင်ပုန်းရာမှာ ဆိုင်ကယ်ဆီဖိုး၊ သတင်းပလင်းအတွက် ဖုန်းဘေက အတော်လေးထောင်းလာသည်။ ဘုန်းကြီးကျောင်းတွေလည်း ခိုဖူးသည်၊ ရက်တိုတရားစခန်းတွေလည်း ဝင်ဖူးသည်။ ဘုန်းကြီးတွေနှင့်လည်း ရင်းနှီးပြီ။ မဟာစည်,မိုးကုတ်, လယ်တီ၊ သဲအင်း, ဖားအောက်၊ မြေဇင်း, ဦးဂိုအင်ဂါ ... စသည် တရားစခန်းပေါင်းစုံ၏ နည်းနာနိသျှတွေကိုလည်း အတော်စုံလင်အောင် သိလာချေပြီ။ 'ရုံးမတက်နဲ့ ရုန်းထွက်' ဆောင်ပုဒ်လေးကို အာစိဏ္ဏကံမြောက် အချိန်ရတိုင်းရေရွတ်ကာ အားတင်းရင်း၊ တော်လှန်ရေးကြီး အလျှင်အမြန်ပြီးမြောက် အောင်မြင်ပါစေကြောင်း အခါခါဆုတောင်းရပါလေသည်။
စက်သုံးဆီချွေတာရေးအတွက် စက်ဘီးလေးနှင့် ထွက်အလာ၊ ဆရာမတစ်ယောက်နှင့်တွေ့သည်။ အရင်က အဆင်ပြေနေခဲ့ကြသော တာဝန်ကျရာမြို့နယ်တွေက မယ်နန်းတွေ မောင်နန်းတွေ၊ အခုတော့ တော်လှန်ရေးရဲဘော်တွေ၏ဝမ်နင်ပေးတာခံရပြီ..တဲ့။ တချို့ ပြောင်းလာကုန်ကြပြီဆိုလား သတင်းတွေကြားရသည်။ တချို့ စီဒီအမ်တောင်ဝင်ကြသည် ..တဲ့။ အင်းတော်ဖက် ဆိုလား။
ဝမ်းသာလှပါ၏။ သို့သော် မိမိတို့ကဲ့သို့ ဒုက္ခမျိုးစုံကြုံဖူးကြမည် မဟုတ်၊ မိမိတို့လို ဒုက္ခကြော ရှည်ကြမည်မဟုတ်။ အနာဂတ်ကလေးတို့၏လမ်းပြဖြစ်သူမိမိသည်ပင် အခြေအနေကြောင့် ဥပဒေအရတားမြစ်ထားသည့် ၃ လုံးဂဏန်းရောင်းကာ ဝမ်းကျောင်းနေရပြီ။ သူတို့ကမူ အခုမှ စလုံးရေးစ၊ စီဒီအမ် ဘဝ။
နောင်အခါကာလ တိုင်းပြည်တည်ငြိမ်မှုရရှိချိန်တွင် အဆိုပါ 'ဝင်နန်း' တို့ သည် မိမိတို့၏အထက် အရာရှိအရာခံများအနေနှင့် ပြန်လည်မဆုံတွေ့ရပါစေနှင့်ဟူ၍တော့ အကြိမ်ကြိမ်အခါခါ ဆုတောင်းမိပါသတည်း။
နွေဦးသူရဲကောင်းအားလုံး... သုခီတာ ဟောထ၊ ဒုက္ခ မုဉ္စထ။
နွေဦးသူရဲကောင်းအားလုံး... ဘေးဘယာဝေးကွာ ချမ်းသာကြပါစေ၊ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်ကင်းကြပါစေ။
မောင်ဘဦး
၈၅ မုန်းကျော် ၂
-
Join Us @ MoeMaKa Telegramt.me@moemaka)
#MoeMaKaMedia
#WhatsHappeningInMyanmar