Breaking News

ဗမာကြီး - မြန်မာစစ်အစိုးရ ကျဆုံးခါနီးပြီ၊ အမေရိကန်သည် ပျက်စီးခြင်းအတွက် ကြိုတင်ပြင်ဆင်သင့်ပြီ


ဗမာကြီး - မြန်မာစစ်အစိုးရ ကျဆုံးခါနီးပြီ၊ အမေရိကန်သည် ပျက်စီးခြင်းအတွက် ကြိုတင်ပြင်ဆင်သင့်ပြီ

(မိုးမခ) ဒီဇင်ဘာ ၁ ၊ ၂၀၂၃


ဒီမိုကရေစီနည်းအရ  ရွေးချယ်တင်မြှောက်ထားသော အစိုးရထံမှ အာဏာကို သိမ်းယူပြီးနောက် သုံးနှစ်ခန့် ကြာမြင့်လာသောအခါ တိုင်းပြည်ကို ပြည်တွင်းစစ် ဖြစ်ပွားစေပြီး စစ်ပွဲများတွင် အစိုးရမှ နိုင်မည့် လက္ခဏာမရှိဘဲ ဖြစ်နေပါသည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့် အစိုးရ ပြိုလဲမည့်အရေးကို ကြိုတင်စဉ်းစားနေသင့်ပါပြီ။ အချိန် အနှေး အမြန်ကိုမူ ပြောရန် မဖြစ်နိုင်ပါ။ ဆိုလိုသည်မှာ တိုင်းပြည်တွင် ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော NUG- National Unity Government ရှိပြီး ဖြစ်ရာ ၎င်းတို့နှင့် စကားပြောရန် အချိန်ကျရောက်နေပါပြီ။

တိုင်းရင်းသားတပ်ဖွဲ့များ၏ လက်နက်များ ကောင်းမွန်စွာ တပ်ဆင်ထားသော စစ်တပ်များသည် နိုင်ငံတဝန်း အောင်မြင်မှုများ ရရှိခဲ့ပါသည်။ နောက်ဆုံး ထိုးစစ်သည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့ပြီး အစိုးရ၏ တပ်စခန်းများစွာကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါသည်။ ၎င်းတို့ထဲတွင် တရုတ်နိုင်ငံ နယ်ခြားမျဉ်းနှင့် နီးစပ်နေသော စစ်စခန်းများလည်း ပါဝင်ပါသည်။ အလားတူတော်လှန်သူများက စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ဒေသတို့တွင်လည်း စစ်စခန်းများစွာကို သိမ်းပိုက်နိုင်ခဲ့ပါသည်။

သို့ပါသော်လည်း ထိုအောင်မြင်မှုများမှာ NUG အတွက် များစွာ အထောက်အကူမပြုခဲ့ပါ။ NUG သည် တိုင်းပြည်၏ အဝေးရောက် အဖွဲ့အစည်းဖြစ်ပြီး ထိုအစိုးရတွင် ဒေါ်အောင်ဆန်းစုကြည်၏ National League For Democracy ပါတီမှ လောလောဆယ် အကျဉ်းချခံနေရသူများနှင့် အဝေးရောက်ပြည်သူများ ပြည်တွင်း နှင့်ပြည်ပမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပါဝင်ကြပါသည်။ ထိုအစိုးရသည် ယနေ့ ကမ္ဘာ့ကုလသမဂ္ဂမှ မြန်မာနိုင်ငံ၏ နေရာကိုလည်း ယူထားပါသည်။ သို့ရာတွင် NUG အစိုးရမှာ အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံများမှ အသိအမှတ်ပြုမှုကို မျှော်လင့်နေပါသည်။

တစ်ဦးနှင့် တစ်ဦး အဆင်မပြေဘဲ ရန်ဖြစ်နေကြသော နယ်စပ်မှ တိုင်းရင်းသားအဖွဲ့များ၏ စစ်တပ်များက မြန်မာ့နယ်ခြားမျဉ်းဒေသကို ရှုပ်ထွေးစေခဲ့သည်မှာ ဆယ်စုမက ကြာခဲ့ပါပြီ။ သူတို့တွင် ကိုယ်ပိုင်မျှော်လင့်ချက်များရှိကြပြီး ပြည်ပမှ အထောက်အပံ့ကို ရယူရန် ကြိုးစားနေကြရာ အထူးသဖြင့် တရုတ်တို့၏ အကူအညီကို ယူကြရပါသည်။ ၎င်းတို့သည် ယခုအခါ နိုင်သည့်ဘက်သို့ ရောက်သွားပါပြီ။ 

သူတို့သည် နှစ်ပေါင်းကြာရှည်စွာ ရပ်တည်နိုင်ကြခြင်းမှာ တရားမဝင် စီးပွားရေးလုပ်ငန်းများကြောင့် ဖြစ်ပါသည်။ သူတို့သည် လူကုန်ကူးခြင်း၊ မူးယစ်ဆေးဝါးလုပ်ငန်း၊ သစ် နှင့် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ခြင်း စသော လုပ်ငန်းများကို လုပ်ကိုင်ကြပါသည်။ တိုက်ပွဲများ ပိုမိုပြင်းထန်လာရခြင်းမှာ ထိုနယ်ခြားဒေသ ရှမ်းပြည်တွင် အွန်လိုင်းလောင်းကစားခြင်းဂိုဏ်းကို တရုတ်ပြည်အစိုးရက နှိမ်နင်းရာမှ စတင်လာခဲ့ခြင်းဖြစ် ပါသည်။ တရုတ်တို့က ဦးဆောင်ပြီး လုပ်နေကြသောလုပ်ငန်းများ ဖြစ်ပါသည်။ ထိုသူတို့၏ စိတ်ကူးတွင် မြန်မာအစိုးရအား ဖြုတ်ချရန် တိုင်းပြည်တွင် ဒီမိုကရေစီထွန်းကားစေရန် စသော အချက်များ မပါဝင်ခဲ့ပါ။

သို့တစေ မြန်မာအစိုးရ၏ တပ်မတော်မှာ အင်အားချည့်နဲ့လာခဲ့ပါသည်။ တပ်များကို နေရာများစွာ ဖြန့်ထားရပြီး စစ်မျက်နှာများမှာ အများကြီးဖြစ်နေပါသည်။ တပ်များကို မြေပေါ်တွင် လွတ်လပ်စွာ မရွှေ့ပြောင်းနိုင် သောကြောင့် လေကြောင်းမှ တိုက်ခိုက်ခြင်းများကို အားထားရနေရပြီး၊ အပြစ်မဲ့ပြည်သူများမှာ သူတို့က ကျေးရွာများပေါ်သို့ ဗုံးကျခြင်းကြောင့် သေဆုံးကြရပါသည်။ တိုက်ခိုက်သူ သူပုန်များက အစိုးရကို ဓာတုလက်နက်များကို သုံးသည်ဟု စွပ်စွဲချက်များလည်း ရှိနေပါသည်။ ထိုအချက်မှာ အမှန်ဖြစ်ပါက အစိုးရအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရာရောက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ သွားရန်သာရှိပေသည်။

မြန်မာပြည်တွင် ဖြစ်ပျက်နေသော ပြည်တွင်းစစ်က လူသားတို့ကို ဆင်းရဲဒုက္ခ အကြီးအကျယ် ရောက်စေပါသည်။ ကမ္ဘာကြီးက အာရုံစိုက်စရာများမှာလည်း များပြားနေသောကြောင့် မြန်မာပြည်မှ ဒုက္ခ များကို လျစ်လျူရှုနေရပါသည်။ သို့သော် မြန်မာပြည် တိုက်ပွဲများကြောင့် လူဦးရေ ၂ သန်းကျော်ခန့် တိုင်းပြည်တွင်းမှာ ပြေးလွှားနေကြရပြီး လူ ၁ သန်းကျော်မှာ ပြည်ပဒုက္ခသည်စခန်းများ၌ နေကြရပါသည်။ ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာချိန်တွင် ကုလသမဂ္ဂက ဆိုသည်မှာ သူတို့ ထောက်ပံ့ကြေးများမှာ သုံးပုံတစ်ပုံသာရရှိပြီး ၎င်းထက်လည်း လျော့နည်းနေသည်ဟု ဆိုပါသည်။

အမေရိကန်တို့အနေဖြင့် မြန်မာပြည်၏ အိမ်နီးချင်း သို့မဟုတ် ASEAN- Association of South East Asian Nations ၏ အကူအညီကိုလည်း ရရှိလိမ့်မည်ဟု မမျှော်လင့်နိုင်ပါ။ ဒေသဆိုင်ရာအဖွဲ့အစည်း၏ ပြောကြားချက်များမှာ အရာမရောက်တော့ဘဲ မဆီမလျော် ဖြစ်နေရပါသည်။ သက်ဆိုင်ရာ နိုင်ငံများအားလုံးက သဘောမတူညီခြင်း၊ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်နိုင်ပါဟူသော အပြောအဆိုများနှင့်သာ အချိန်ကုန်နေပါသည်။ ASEAN မှာ မျှော်လင့်၍မရနိုင်လောက်အောင် သဘောထားကွဲလွဲလျက် ရှိပါသည်။ အချို့မှာ NUG နှင့် စကားပြောဆိုနေကြပြီး အချို့မှာ အုပ်ချုပ်နေသော အစိုးရနှင့် အဆက်အသွယ် ပြုလုပ်လျက်ရှိနေပါသည်။

အမေရိကန်ပြည်က နိုဝင်ဘာလအတွင်း နိုင်ငံပိုင် ရေနံ ကုမ္ပဏီ MOGE – Myanma Oil and Gas Enterprise ကို ဆန်ရှင်များ ချမှတ်ခဲ့ပါသည်။ အရေးယူသည်မှာ များစွာနောက်ကျနေပြီး ဥရောပယူနီယံက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ဆန်ရှင်ချခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အဓိကနိုင်ငံခြားသုံးငွေကို ရှာဖွေပေးနေသည်မှာ MOGE ဖြစ်ပါသည်။ အောက်တိုဘာလက အမေရိကန်သည် ကနေဒါနှင့် ဗြိတိန်နိုင်ငံများနှင့်အတူ ကုမ္ပဏီ ၃ ခုနှင့် လူပုဂ္ဂိုလ် ၅ ဦး တို့အပေါ် ဆန်ရှင်များ ချမှတ်ခဲ့ပါသည်။ ၎င်းတို့က ဆိုသည်မှာ လူ့အခွင့်အရေးနှင့်ပတ်သက်ပါသည်။ သြဂုတ်လကလည်း လေယာဉ်ဆီ မရောင်းရန် ဆန်ရှင်များ ချမှတ်ခဲ့ပါသည်။

အစိုးရသည် အင်အားချည့်နဲ့နေပြီး အခြား ဆန်ရှင်များ ပိုများလာပါက ပြိုကွဲမည့် အရိပ်အယောင်များ ပြနေပါပြီ။ ထိုသို့ဖြစ်ပါက တတိုင်းပြည်လုံး ရှုပ်ထွေးကုန်ပြီး တိုင်းရင်းသားများက မိမိကိုယ်ပိုင်နေရာများ တွင် စစ်တပ်များနှင့်နေပြီး ဗဟိုတွင် အာဏာရှိသူများ မရှိတော့ဘဲ ဖြစ်သွားနိုင်ပါသည်။ တရုတ်ပြည်ကလည်း နယ်စပ်မျဉ်းတလျှောက် နေရာများတွင် ဝင်ရောက်လာနိုင်ပါသည်။ တရုတ်ပြည်က ရှမ်းပြည်နယ်နယ်စပ်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေပါသည်။ အဆိုးမြင်ဝါဒနှင့် ပြောရပါက မြန်မာသည် ကျဆုံးသောနိုင်ငံ (Failed state) ဖြစ်သွားနိုင်နေပါသည်။ လူကုန်ကူးမှုနှင့် မူးယစ်ဆေးပြဿနာများက ပြဿနာကို ပိုမိုရှုပ်ထွေးသွားစေနိုင်ပါသည်။

ထို့ကြောင့် ထိုရှုပ်ထွေးမှုများ ဖြစ်လာနိုင်သဖြင့် အမေရိကန်အစိုးရသည် NUG အစိုးရ ကိုယ်စားလှယ်များနှင့် အရေးတကြီးစကားကို လေးလေးနက်နက် ပြောသင့်ပါသည်။ NUG က ပြောသည်မှာ အနာဂတ် မြန်မာနိုင်ငံတော်သည် ဒီမိုကရေစီ ထွန်းကား၍ ဖက်ဒရယ်စနစ်ကို ကျင့်သုံးပြီး တိုင်းရင်းသားတို့တွင်လည်း အသီးသီးရပိုင်ခွင့်များ ရစေရမည်ဟုပြောထားပါသည်။ အနာဂတ် မြန်မာနိုင်ငံတော်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ကို ရေးဆွဲရမည်ဖြစ်ပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် အလုပ်များကို ယခုအချိန်မှစ၍ လုပ်ကိုင်ရန်လိုပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈  ရက်နေ့က ဝါရှင်တန်ပို့(စ) သတင်းစာ ပါ အယ်ဒီတာအဖွဲ့၏ အယ်ဒီတာ အာဘော်ကို ဘာသာပြန်ပါသည်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar