Breaking News

မောင်သော်တာ - အနှေးပြကွက်

အနှေးပြကွက်
မောင်သော်တာ
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၂၃

တစ်ခုခုကို သတိရမိသွားပြီလား ဆိုရင်
ငါဟာ ကျောက်ဆစ်သမားလက်ထဲကကျောက်တုံးလို
တကိုယ်တကောင်လုံး အထုအနှက် အဖဲ့အရွဲ့ ခံထားရင်းတန်းလန်းမှာ
နှင်းတွေရွှဲစိုနေတဲ့တောလမ်းအတိုင်း ဖြတ်လျှောက်လာတဲ့ခြေထောက်တစ်စုံနဲ့
မနက်ခင်းတောင်ကုန်းပေါ် တွားတက်လာတဲ့ မီးအိမ်ရှည်မျောမျောလေးကို ငေး လို့
ခေါင်းပေါ် ရုတ်တရက် ရွာချလိုက်တဲ့ လေယာဉ်စက်သံထဲ 
ငိုသံတွေ ပြိုလဲသံတွေနဲ့ ငါ့မှာ ဖိစီးလို့
တိတ်ဆိတ်နေတဲ့ ချောက်ကမ်းပါးတစ်ခုရဲ့အောက်ခြေအထိ လွင့်ကျနေတဲ့ စက္ကူအပိုင်းအစလေးတွေ
မသပ်မရပ် ဖြဲဆုတ်ထားတဲ့ ကျောင်းစာအုပ်တစ်အုပ်နဲ့ကလေးလေး
စာအုပ်အပြဲလေးကို ရင်ခွင်ပိုက်ရင်း  သူပြေးနေတယ်
ဘယ်စာကို ဘယ်နှဝါ မောင်သင်မလို့တုန်း လို့ တယောက်ယောက် မေးတဲ့အသံလည်း တိုးတိုးလေး

Dec 7.2023
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar