Breaking News

မောင်စွမ်းရည် - လူအများ သံယောဇဉ်မကင်းနိုင်တဲ့ ရန်သူ


မောင်စွမ်းရည် - လူအများ သံယောဇဉ်မကင်းနိုင်တဲ့ ရန်သူ

(မိုးမခ) ဒီဇင်ဘာ ၇ ၊ ၂၀၂၃


ကျွန်တော်တို့ မြန်မာလူမျိုးများက အစဉ်အလာအရ သတ်မှတ်ထားတဲ့ ရန်သူမျိုးငါးပါး ရှိပါတယ်။ ‘ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ’ တဲ့။ ရှင်ဘုရင် မင်းများကိုတောင် ရန်သူစာရင်းထဲမှာ သူခိုးတွေ၊ မချစ်မနှစ်သက်သောသူတွေနဲ့ တန်းတူထားပြီး အမုန်းစာရင်းသွင်းထားရဲတဲ့ လူမျိုးပါ။ ကျွန်တော်ကတော့ မီးနဲ့ မကင်းတဲ့ ‘ဆေးလိပ်’ ကိုလည်း ရန်သူစာရင်းထဲမှာ သွင်းပြီး အမုန်းပွားလျက်ရှိပါတယ်။ အံ့ဩစရာကောင်းတာက မြန်မာလူမျိုး တမျိုးတည်းသာမကပဲ နိုင်ငံတကာ လူမျိုးပေါင်းစုံက ဆေးလိပ်ကို လူ့ယဉ်ကျေးမှုစာရင်းထဲ သွင်းပြီး လက်ခံထားကြခြင်းပါပဲ။ တကမ္ဘာလုံးမှာ စီးကရက်တို့၊ ဆေးပြင်းလိပ်တို့ကို အစဉ်အလာမပျက် အကြီးအကျယ် ရောင်းဝယ်ဖောက်ကားလျက်ပဲ ရှိပါတယ်။ အိမ်တိုင်း အိမ်တိုင်း၊ လူမျိုးတိုင်းမှာ ဆေးလိပ်ကို မိတ်ဆွေ အပေါင်းအသင်း၊ ဧည့်သည်တွေ လာရင် ယဉ်ကျေးဖွယ်ရာ ဧည့်ခံပစ္စည်းအဖြစ် အသုံးချနေကြဆဲပဲ ဖြစ်ပါတယ်။ အံ့ဩစရာပဲနော်။

ကျွန်တော်က ဆေးလိပ်ကို ငယ်စဉ်ကတည်းက မသောက်ခဲ့ပါ။ ကျွန်တော့်သူငယ်ချင်း ကိုသာနိုးက ဆေးလိပ်သောက်ပေမဲ့ ကျွန်တော်တို့ တက္ကသိုလ်မှာ ဆုံမိကြတော့ သူက ဆေးလိပ်ဖြတ်လိုက်ပါတယ်။ အသက် ၉၀ ကျော်ထိ နေသွားရပါတယ်။ တက္ကသိုလ်မှာ ကျွန်တော်နဲ့ အထူးရင်းနှီးခဲ့သူများထဲမှာ ကိုသာနိုးနဲ့အတူ ကိုတင်မိုး၊ ကိုကြည်အောင်၊ ကိုလေးမောင် စသူများ ပါဝင်ပါတယ်။ ကဗျာဆရာ ကြည်အောင်နဲ့ ကဗျာဆရာ လေးမောင်(မြင်းခြံ)တို့ဟာ တယောက်နဲ့တယောက် ဆေးလိပ်မီးကူးရင်း မိတ်ဖြစ်သွားခဲ့သူတွေပါ။ မန်းတက္ကသိုလ်၊ ရတနာပုံအဆောင်မှာ အတူနေခဲ့ကြတာပါ။ မိတ်ဆွေဖြစ်သွားကတည်းက အတူတွဲပြီး လက်ဖက်ရည်ဆိုင် ထိုင်ကြသူတွေ ဖြစ်လာပါတယ်။ ကြည်အောင်က လက်ဖက်ရည်ဆိုင် ရောက်လျှင်ရောက်ချင်း သူ့ဖို့ လက်ဖက်ရည်တခွက်နဲ့ နဂါးဆေးလိပ် တမတ်ဖိုး ငါးလိပ်ကို အရင်မှာပါတယ်။ ရောက်လာရင် လက်ဖက်ရည်ခွက်ထဲကို သူ့ဆေးလိပ် ငါးလိပ်ရဲ့ အဆီခံပိုင်း နှစ်ထည့်ပြီး စားပွဲပေါ်မှာ ဖြန့်ချထားလိုက်ပါတယ်။ တလိပ်ကို မီးညှိသောက်ပြီး နောက်ကျန် လေးလိပ်ကို အိတ်ကပ်ထဲ ကောက်ထည့်ထားလိုက်ပါတယ်။ ဘယ်သူ တောင်းတောင်း မပေးပါ။ “ပိုက်ဆံပေးလိုက်မယ်၊ ဝယ်သောက်လိုက်ပါ။ ကျွန်တော့်အိတ်ကပ်ထဲက ဆေးလိပ်တွေကို အဖိရည်နဲ့ နှပ်ထားလို့ပါ“ လို့ ငြင်းပါတယ်။ သူက လက်ဖက်ရည်ကို သူငယ်စဉ်က ခေါ်ခဲ့တဲ့အတိုင်း ‘အဖိရည်’လို့ တသက်လုံး ခေါ်သွားခဲ့ပါတယ်။

ဆေးလိပ်စွဲသူတွေကို ကျွန်တော် သတိထားကြည့်မိဖူးပါတယ်။ သူတို့ဟာ အိပ်ရာထလျှင်ထချင်း ဆေးလိပ် မီးညှိသောက်လေ့ရှိကြပါတယ်။ အိပ်ရာဘေးမှ ဆေးလိပ်နဲ့ မီးခြစ်ကို အသင့်တွဲထားလေ့ရှိပါတယ်။ ကျွန်တော် သတိထားကြည့်မိသူတွေက အတူနေ သူငယ်ချင်းတွေပါ။ တင်မိုး၊ ကြည်အောင်၊ လေးမောင် စသူတို့ ဖြစ်ပါတယ်။ နေ့လယ်နေ့ခင်း ထမင်းစားတုန်း တခါ၊ ညစာ ထမင်းစားတုန်းစားခိုက် တခါ၊ ဆေးလိပ်ကို ခဏချထားပါတယ်။ ကျွန်တော်က ဆေးလိပ်အနံ့ မခံနိုင်သူဖြစ်လို့ သူတို့ ဆေးလိပ်သောက်ကြပုံကို သတိပြုမိနေခဲ့တာ ဖြစ်ပုံရပါတယ်။ သူတို့ စကားဝိုင်းမှာ ကျွန်တော်က ခပ်လှမ်းလှမ်းခွာပြီး နေလေ့ရှိပါတယ်။ ခက်တာက သူတို့ကလည်း မျက်နှာကို အနီးကပ်ကြည့်ပြီး စကားပြောချင်ကြသတဲ့။ ကဗျာသမား၊ စာသမားချင်းမို့ မခွဲမခွာတမ်း အတူတွဲနေကြပေမဲ့ ဆေးလိပ်ကိစ္စနဲ့ ခဏခဏ ရန်ဖြစ်ကြရတာပါ။ သူတို့က ညအိပ်ရာဝင်ရင်လည်း အိပ်ရာဘေး ဆေးလိပ်ခွက်ထား အိပ်ကြတာပါ။ တခါတရံ ဖျာအစွန်းမှာ တင်ထားလေ့ရှိပါတယ်။ တခါတရံ အိမ်နံရံပေါ် တင်ထားလေ့ရှိပါတယ်။ ကျွန်တော်က ရွံလို့ဆိုပြီး ဖယ်ရှားပစ်ရင် ရန်ဖြစ်တတ်လို့ သူတို့ မသိအောင် ဖယ်ရှားရတာပါ။ နံရံတွေပေါ်မှာ ဆေးလိပ်ပြာတွေက တန်းစီပြီး ဖွေးနေတာပါ။ အဲဒါတွေကို ကျွန်တော်က သတင်းစာစက္ကူ ရေဆွတ်ပြီး ပွတ်သပ် ရှင်းလင်းရတယ်။

တချို့ ဘုန်းတော်ကြီးများဟာ မိသားစု (မိန်းမ၊ သားသမီးတို့) နဲ့ စွန့်ခွာနိုင်ခဲ့ပါလျက်နဲ့ ဆေးလိပ်ကို မစွန့်နိုင်တာ တွေ့ရပါတယ်။ ဆေးလိပ်သောက်သူတွေရဲ့ ဇနီး၊ သားသမီးတွေကို တွေးမိတိုင်း သနားမိပါတယ်။

ဒီ ‘ဆေးလိပ်ယဉ်ကျေးမှု’ ကို တကမ္ဘာလုံးက ဝိုင်းဝန်း တိုက်ဖျက်မပစ်ကြဘဲ မသိလိုက်မသိဘာသာနဲ့ မွေးမြူထားခဲ့ကြပါတယ်။ ကျွန်တော် တခါက အံ့ဩဖူးတာက ကျွန်တော်တို့ ကျောင်းသားဘဝမှာ ကျောင်းသုံးမြန်မာပြဋ္ဌာန်းချက်ထဲကို ဆေးလိပ် ကဗျာတပုဒ် ထည့်ပေးလိုက်တာပါပဲ။ ဒါကို မြန်မာစာပညာရှိကြီးတွေက ကဗျာပေါင်းချုပ်စာအုပ်ထဲမှာ တယုတယ ထည့်သွင်းထားခဲ့ကြပြီး ကျောင်းသုံးစာအုပ် ပြုစုကြတဲ့ ပညာရှင်ကြီးများကလည်း ကျောင်းသုံးကဗျာလက်ရွေးစင်စာအုပ်ထဲကိုတောင် ထည့်သွင်းလိုက်ကြပါတယ်။ မယ်ခွေရဲ့ ‘ဆေးလိပ်လက်ဆောင်’ ဆို ထင်ပါရဲ့။

မဝယ်ဘူး၊ မယ် ခူးတဲ့ ဖက်စို။

မီးမကူ နေပူမှာ မချအားတာကြောင့်

ထားရတယ် အိပ်ရာအောက်မှာ ဘုန်းသောက်ဖို့ကို။

ညှာအနား ရှေ့သွားနဲ့ လိုက်လို့ကို

မချိုတောင့် လိပ်ဆေး။

ပိုးမကူ၊ ဝါချည်ဖြူ တပင်ရစ်ကယ်နှင့်

ငယ်ချစ်မောင် ရွှေဝသွားကို

ပါးလိုက်ကဲ့လေး။     ။

မယ်ခွေ

ကျွန်တော်တို့ကို မြန်မာစာ သင်ကြားပို့ချတဲ့ ဆရာကြီးကလည်း စာထဲ မပါတာတွေကိုပါ ချဲ့ထွင်ပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့ သင်ပါတယ်။ ဆေးလိပ်ဖက်ကို အိပ်ရာအောက် ထားရတာက ‘ကိုယ်သင်းနံ့လေး ပါသွားအောင်’ လို့ ‘ပိုးမကူ ဝါချည်ဖြူ တပင်ရစ်ကယ်နှင့်’ ဆိုရာမှာလည်း ပိုးချည်က သူ့အသက်ပါနေလို့ သက်သတ်လွတ် ဝါချည်ဖြူလေးကို သုံးရပါသတဲ့။ ဆင်းရဲသူမို့ ပိုးချည်မရှိလို့ ဝါချည်ကို သုံးရရှာတယ်လို့တောင် မပြောကြပါဘူး။

အဲသလောက် ဖွဲ့နွဲ့သင်ကြားကြတာပါ။ ဟုတ်တယ်လေ။ ကျောင်းသုံးကဗျာအဖြစ် လက်ရွေးစငင် ရွေးချယ်ထားမှတော့ မကောင်းပြောလို့ မသင့်တာ အမှန်ပါ။ ကျွန်တော်က ကျောင်းသုံးစာအုပ်ကော်မီတီမှာ စာမူ ရွေးချယ်စီစဉ် ထုတ်ဝေသူအဖြစ် အခြေခံပညာဦးစီးဌာနမှာ တာဝန်ယူခဲ့ရဖူးပါတယ်။ 

အဲဒီ ဆေးလိပ်လက်ဆောင်လေးကို သတိရမိလိုက်ပါသေးတယ်။

ကျွန်တော်တို့အဖွဲ့ထဲမှာ ဆေးလိပ် အလွန်အကျွံ ကြိုက်သူများလည်း ပါရှိနေလို့ တက္ကသိုလ်အစည်းအဝေးခန်းထဲမှာ အစည်းအဝေး မလုပ်ဘဲ ဝရန်တာ စင်္ကြံလမ်းပေါ်မှာ လေတဖြူးဖြူးနဲ့ အစည်းအဝေးလုပ်လေ့ရှိပါတယ်။ သူတို့က အစည်းအဝေးခန်းထဲမှာ ခဏလေးတောင် မထိုင်နိုင်ကြဘဲ မကြာခဏ အပြင်ထွက်ပြီး ဆေးလိပ်သောက်ရှူကြတာလေ။

စာအုပ်စာပေတွေထဲမှာ ရေးသားကြတာက လူတွေဟာ တနှစ်ထက် တနှစ်၊ တခေတ်ထက် တခေတ် တိုးတက်ယဉ်ကျေးလာသတဲ့။ ဒါပေမဲ့ လူသတ်လက်နက်တွေ တီထွင်ထုတ်လုပ်ခြင်းနဲ့ ဆေးလိပ်၊ စီးကရက် ရောင်းဝယ်ခြင်းကိုတော့ မလျှော့တမ်း တိုးချဲ့လုပ်ကိုင်နေကြဆဲပဲ ဖြစ်ပါတယ်။ သူငယ်ချင်း တင်မိုး ဆုံးတော့ ကျွန်တော့်ဘဝမှာ ချစ်ခင်သူတဦး ဆုံးရှုံးမှုကို အနီးကပ် ခံစားလိုက်ရလို့ ရှိုက်ကြီးတငင် ငိုကြွေးမိပါတယ်။ အသက်က ရာစုတဝက် ရောက်နေပါပြီ။ သူငယ်ချင်း တင်မိုးဟာ လက်ဖက်ရည်ဆိုင် ကုလားထိုင်လေးမှာ ထိုင်ရင်း ဆေးလိပ်တန်းလန်းနဲ့ လဲကျ သေဆုံးသွားခဲ့တာပါ။ နေ့စဉ် လမ်းလျှောက်ထွက်လေ့ရှိပါတယ်။ လမ်းထွက်ရင် လမ်းမှာ သူ ဝင်လေ့ရှိတဲ့ဆိုင်က ဆေးပေါ့လိပ်နဲ့ စီးကရက်(ငါးသုံးလုံး တဘူး)  ဝင်ဝယ်ပြီးမှ ခရီးဆက်လေ့ရှိပါတယ်။

နယူးယောက်မှာ ကျွန်တော့်ဆီကနေတော့ သူက ဘောဂဗေဒ စာရေးဆရာ ဦးချမ်းအေး(မောင်စူးစမ်း) ရဲ့ သမီး ချောစု အိမ်မှာ မွေ့လျော်ပါတယ်။ မချောစုက အိမ်ဆိုင်လေးဖွင့်ပြီး ဗမာပြည်က သနပ်ဖက်ဆေးလိပ်နဲ့ စီးကရက်ဘူးတွေလည်း မှာယူ ရောင်းချပါတယ်။

တင်မိုး ပြန်တော့မယ်ဆိုရင် မချောစု အိမ်က ဆေးလိပ်တစည်းလုံးကို လွယ်အိတ်ထဲ ကောက်ထည့်သွားတဲ့အပြင် အိတ်ကပ်ထဲမှာလည်းတဆုပ်ကြီး ထည့်ခဲ့ပါတယ်။ ဘာမေ့မေ့ ဆေးလိပ်ကို မမေ့ရှာပါ။ သူဟာ တသက်လုံး အဖျားအနာကင်းခဲ့ပြီး ကိုယ်လက်ကြံ့ခိုင်သူပါ။ ဒါပေမဲ့ ဆေးလိပ်သတ်လို့ သေပွဲဝင်ခဲ့ရရှာပါတယ်။ သူငယ်ချင်း နောင်ဘဝမှာ ဆေးလိပ်သောက်သူ မဖြစ်ပါစေနဲ့။ ဆေးလိပ်ဝေးသူ ဖြစ်ပါစေသတည်း။

သူငယ်ချင်း မောင်စွမ်းရည်

၁၇ ဩဂုတ်၊ ၂၀၂၃



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar