Breaking News

စစ်ကောင်စီက မျက်နှာလွှဲထားတဲ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ၊ ပုဂ္ဂလိကဘဏ်က ငွေ ကျပ် ၄၄ ဘီလျံ NUG သိမ်းဆည်း

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၃၀ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၂၃


စစ်ကောင်စီက မျက်နှာလွှဲထားတဲ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ၊ ပုဂ္ဂလိကဘဏ်က ငွေ ကျပ် ၄၄ ဘီလျံ NUG သိမ်းဆည်း

အောက်တိုဘာလကုန် ရှမ်းမြောက်ဒေသမှာ စတင်ဖြစ်ပွားလာတဲ့ ၁၀၂၇ စစ်ဆင်ရေးဖြစ်ပွားပြီး ၁ လ ကျော်လာချိန်မှာ ဒီစစ်ဆင်ရေးမှာ တရုတ်နိုင်ငံက ဘယ်လောက်ထိ လက်ဝင်ပါသလဲ၊ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ ဘယ်လောက် သိရှိထားသလဲဆိုတာ ခန့်မှန်းပြောဆိုချက်တွေ ကောက်ချက်ချမှုတွေ အမျိုးမျိုးရှိခဲ့သလို၊ စစ်ကောင်စီ အနေနဲ့ ၄င်းတို့ကို ထောက်ခံတဲ့ အောက်ခြေလူထုထဲက အမျိုးသားရေး အစွန်းရောက်သူတွေ၊ ကြံ့ခိုင်ရေးထောက်ခံသူအချို့ရဲ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ခွင့်ပြုထားခဲ့တာကို ကြည့်ရင် ဒီစစ်ဆင်ရေးမှာ တရုတ်နိုင်ငံရဲ့ ပါဝင်မှုကို စစ်ကောင်စီက မကျေမနပ်ဖြစ်တာ ထင်ရှားနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က နစက ၆/၂၀၂၃ အစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကိုးကန့်ဒေသနဲ့ ရှမ်းမြောက်ဒေသတွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ဒရုန်းဗုံးအရေအတွက် ၂၅၀၀၀ ဝန်းကျင်ထိ အသုံးပြုခဲ့တယ်လို့ ရည်ညွှန်းပြောဆိုရာမှာ တရုတ်နိုင်ငံကို ထည့်သွင်းပြောဆိုခြင်း မရှိသော်လည်း ဒီဒရုန်းဗုံးတွေ အသုံးပြုတဲ့ နည်းပညာ၊ ကျွမ်းကျင်သူတွေကို လေ့ကျင့်မှုတွေမှာ တရုတ်နိုင်ငံက လက်ရာမကင်းကြောင်း ရည်ညွှန်းလိုတာ ထင်ရှားပါတယ်။ 

ဒီလို လတ်တလော ဖြစ်ပွားတဲ့ ရှမ်းမြောက်က ထိုးစစ်တွေမှာ တရုတ်နိုင်ငံရဲ့ နည်းပညာအကူအညီ၊ လက်နက် အကူအညီတွေ ပါဝင်နေလိမ့်မယ်လို့ စစ်ကောင်စီဘက်က မှတ်ယူထားတာ သေချာပါတယ်။ တဖက်မှာတော့ စစ်ကောင်စီဟာ ဒီအဖြစ်အပျက်တွေမတိုင်ခင်ကတည်းက သဘောတူညီခဲ့တာတွေအရ တရုတ်နိုင်ငံ ရေတပ်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်တာတွေ ပြုလုပ်ဖို့ တရုတ် ရေတပ် သင်္ဘောတွေ ခုရက်ပိုင်းမှာ ရန်ကုန်မြို့ကို ဆိုက်ရောက်လာတာလည်း ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးမှာ ဒီမိုကရေစီ စနစ်ဖြစ်ထွန်းရေးဆိုတာမျိုး လုံးဝထည့်သွင်း စဥ်းစားခြင်း မရှိတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ တရုတ်နိုင်ငံ ကိုယ်၌က ဒီမိုကရေစီ စနစ်ကို လက်ခံကျင့်သုံးတဲ့ နိုင်ငံမဟုတ်ပဲ စီးပွားရေးမှာသာ စျေးကွက်စီးပွားရေး စနစ်ကိုကျင့်သုံးပြီး နိုင်ငံရေးစနစ်မှာတော့ ကွန်မြူနစ်ပါတီတပါတီထည်းက အာဏာကို ချုပ်ကိုင်ထားတဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုနဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာရှင် အုပ်ချုပ်သည်ဖြစ်စေ၊ ဒီမိုကရေစီ စနစ်အရ ရွေးကောက်ခံ အစိုးရအုပ်ချုပ်သည်ဖြစ်စေ၊ တရုတ်နိုင်ငံအနေနဲ့ ၄င်းရဲ့ စီးပွားရေးအကျိုးစီးပွား၊ လုံခြုံရေး အကျိုးစီးပွားတို့ကို ဦးစားပေးကာ မူဝါဒ၊ လက်တွေ့ကျင့်သုံးမှုတို့ကို လုပ်ဆောင်မှာအသေအချာဖြစ်ပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ အခြားသော အင်အားကြီးနိုင်ငံတခုခုရဲ့ တဆင့်ခံနိုင်ငံသဖွယ် မဖြစ်ဖို့က ပိုပြီးအရေးကြီးတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အမေရိကန်၊ ရုရှား၊ အိန္ဒိယတို့လို နိုင်ငံတနိုင်ငံငံရဲ့ သြဇာခံ မဖြစ်ဖို့၊ အဆိုပါနိုင်ငံကြီးတွေက စစ်ရေးအရ၊ လုံခြုံရေးအရ မြန်မာနဲ့ နီးနီးကပ်ကပ် ဆက်ဆံတာမျိုး၊ အဲလိုနိုင်ငံ တနိုင်ငံငံက လက်နက်ကိုင်တပ်လို၊ စစ်စခန်းလို၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုလိုမျိုး မဖြစ်ဖို့ရာ ကြိုတင်တွေးပြီး ကာကွယ်မှာ အသေအချာဖြစ်ပါတယ်။ 

အိမ်နီးချင်းနိုင်ငံမှာ တခြားသောအင်အားကြီး နိုင်ငံတွေရဲ့ သြဇာလွှမ်းမိုးမှုမရှိစေလိုတဲ့ အချက်က အဓိကအချက် နောက်တချက်အနေနဲ့တော့ အိမ်နီးချင်းနိုင်ငံက အာဏာရှင်ဖြစ်စေ၊ ဒီမိုကရေစီစနစ်နဲ့ တက်လာတာဖြစ်စေ တည်ငြိမ်တဲ့ စစ်မက် ကြီးကြီးမားမား မဖြစ်ပွားတာမျိုးကိုလည်း လိုလားမှာဖြစ်ပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေါင်းဆောင်ရဲ့ ရုရှားဘက်ကို သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေး ပိုမိုနီးကပ်စွာ ဆက်ဆံလာတဲ့အပေါ် တရုတ်နိုင်ငံက စိတ်ဝင်တစား စောင့်ကြည့် အကဲဖြတ်နေမှာ သေချာပါတယ်။ ဒီလို အခြေအနေတွေ အပေါ်မှာ တရုတ်နိုင်ငံက မြန်မာစစ်ခေါင်းဆောင်တွေကို သင်ခန်းစာပေး ဆုံးမတဲ့ သဘောလို့ ယူဆရင်မှားမယ် မထင်ပါဘူး။ ဘယ်လောက်ထိ ဆုံးမ မလဲဆိုတာတော့ ခုနေခန့်မှန်းဖို့ မလွယ်ကူသေးတဲ့ သဘောဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသောအကြောင်းအရာ တခုကတော့ ကောလင်းမြို့ သိမ်းယူခဲ့စဥ်က နိုင်ငံပိုင် မြန်မာ့စီးပွားရေး ဘဏ်အပြင် ပုဂ္ဂလိကဘဏ်တွေက ငွေကြေး ၄၄  ဘီလျံကျပ်ကိုပါ NUG အစိုးရလက်အောက် တပ်ဖွဲ့တွေက သိမ်းဆည်းထားတယ်လို့ နိုဝင်ဘာ ၃၀ ရက်နေ့စွဲနဲ့ NUG ကြားကာလဗဟိုဘဏ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာလဆန်း ကောလင်းမြို့ကို PDF တွေက သိမ်းယူခဲ့ပြီးနောက် မြန်မာ့စီးပွားရေးဘဏ်က သိမ်းယူခဲ့တဲ့ ငွေကျပ် သန်း ၉၆၀ ကျော်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် ပုဂ္ဂလိကဘဏ်တွေက ငွေကြေးတွေကို သိမ်းယူထားတဲ့ အကြောင်း ထုတ်ပြန်ခြင်း မရှိခဲ့ပဲ ခုရက်ပိုင်း စကစ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နစက အစည်းအဝေးမှာ ကောလင်းမြို့က ပုဂ္ဂလိက ဘဏ်တွေက ငွေကြေးဆုံးရှုံးမှုအကြောင်း ပြောဆိုပြီးနောက်မှာ ကြေညာချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ NUG က ငွေကြေး သိမ်းယူခဲ့တဲ့ ပုဂ္ဂလိက ဘဏ်တွေကတော့ ကမ္ဘောဇ ဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘာ့ရတနာဘဏ်နဲ့ ထွန်းဖောင်ဒေးရှင်း ဘဏ်တို့ဖြစ်ပါတယ်။ အခုလို ပုဂ္ဂလိကဘဏ်တွေက သိမ်းယူရရှိတဲ့ ငွေကြေးကို ပြည်ထောင်စု ဘဏ္ဍာရံပုံငွေ အဖြစ်သတ်မှတ်ပြီး စနစ်တကျ စီမံခန့်ခွဲသွားမည်လို့ ဖေါ်ပြထားတာလည်း တွေ့ရပါတယ်။ 

ဒီဘဏ်တွေမှာ အပ်နှံထားတဲ့ ကောလင်းမြို့က ဘဏ်စာရင်း ပိုင်ရှင်တွေ အနေနဲ့ ပုဂ္ဂလိကဘဏ်တွေက ဘယ်လို ဖြေရှင်းလုပ်ဆောင်ကြမယ်တော့ မသိရှိနိုင်သေးပါဘူး။ 

ရှုထောင့်တခု အနေနဲ့ကြည့်ရင်တော့ အမျိုးသားညီညွတ်ရေး အစိုးရတရပ် အနေနဲ့ ပုဂ္ဂလိကပိုင် ဘဏ်တွေမှာ အပ်နှံထားတဲ့ ပုဂ္ဂလိက ငွေစာရင်းတွေနဲ့ ပတ်သက်လို့ ထိန်းသိမ်းတာဝန်ခံရမယ့် ဝတ္တရားတော့ ရှိနေတာဖြစ်ပြီး ပြည်ထောင်စု ဘဏ္ဍာအဖြစ် ရန်ပုံငွေအဖြစ် သတ်မှတ်ခြင်းက ဘယ်လို ဥပဒေ၊ ဘယ်လို နည်းဥပဒေနဲ့ သတ်မှတ်သလဲ ဆိုတာလည်း ရှင်းလင်းပြောဆိုဖို့ ဝတ္တရားရှိနေတာ ဖြစ်ပါတယ်။ အဲလိုမလုပ်ဆောင်ခဲ့ရင် အခြားသော မြို့တွေနယ်တွေမှာ အလားတူ သိမ်းယူမှုတွေ ဖြစ်လာမှာကို ပုဂ္ဂလိက ငွေစာရင်းဖွင့် အပ်နှံထားသူတွေ အဖို့ ဆုံးရှုံးနစ်နာစရာ၊ စိုးရိမ်စရာတွေ ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေလည်း ရှိလာနိုင်တာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar