Breaking News

နိုင်မွန်အောင်သွင် - ခေတ်ပျက်ကြီးထဲမှာ

Art by Naing Mon Aung Thwin
ခေတ်ပျက်ကြီးထဲမှာ
နိုင်မွန်အောင်သွင်
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၂၃

ခေတ်ပျက်ကြီးထဲမှာ
ရေခဲမုန့်တောင် မျက်နှာမာကြီးနဲ့။

ခေတ်ပျက်ကြီးထဲမှာ
ခွေးတွေပျော်တယ်ဆိုတာ
သူ့သခင်ကို အရိပ်တကြည့်ကြည့်နဲ့။

ခေတ်ပျက်ကြီးထဲမှာ
ဘုရားမတဖြစ်ဘူး။

ကိုယ့်အမည်ကို သူ တ ရ
သူ့အမည်ကို ကိုယ် တ ရ။

ခေတ်ပျက်ကြီးထဲမှာ
ဘယ်အရာမှမသေချာဘူးဆိုတာ
လာပြီး သေချာနေတဲ့အရာ။

ခေတ်ပျက်ကြီးထဲမှာ
ရေဘူးကသာ မပေါက်တယ်
မိုးက ရွာမဆုံးပဲဖြစ်နေတော့တယ်။

ခေတ်ပျက်ကြီးထဲမှာ
မီးခိုးအူတိုင်း
ကိုယ့်ရင်ဘတ်ကိုအရင်ငုံ့ကြည့်ရတယ်။

ခေတ်ပျက်ကြီးထဲမှာ
တရွေ့ရွေ့နီးကပ်လာနေတဲ့ခြေသံတွေနဲ့
တရွေ့ရွေ့ဝေးသွားတဲ့ခြေသံတွေ
နှုတ်ဆက်မနေအားကြဘူး။

ခေတ်ပျက်ကြီးထဲမှာ
မုန်းသူကို တူးတူးခါးခါးမုန်းရသလို
ချစ်သူကို နှစ်နှစ်ကာကာ ပိုချစ်ရတယ်။

ခေတ်ပျက်ကြီးထဲမှာ
မျက်ရည်ဆိုတာ
တန်ဖိုးရှိပေမယ့် အပေါများဆုံးအရာ။
 
၂၇.၁၁.၂၀၂၃
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar