ကိုသန်းလွင် - ဟင်နရီ ကစ်ဆင်ဂျာ (၁၉၂၃ -၂၀၂၃)
ကိုသန်းလွင် - ဟင်နရီ ကစ်ဆင်ဂျာ (၁၉၂၃ -၂၀၂၃)
(မိုးမခ) ဒီဇင်ဘာ ၂ ၊ ၂၀၂၃
( ၁ )
ဟင်နရီကစ်ဆင်ဂျာသည် ပညာတတ်တယောက်အဖြစ်မှ သံတမန်ဖြစ်လာခဲ့ပြီး အမေရိကန်နိုင်ငံလူမျိုး တစ်ယောက်အနေဖြင့် တရုတ်ကို ပြင်ပကမ္ဘာကြီးနှင့် ဆက်သွယ်ရန် လမ်းဖွင့်ပေးခြင်း ကိစ္စ၊ ဗီယက်နမ်စစ်ပွဲကို ပြီးဆုံးအောင် ညှိနှိုင်းဆွေးနွေးခြင်း ကိစ္စများကို ကျင်လည်စွာ၊ တခါတရံ ကောက်ကျစ်စွာသော နည်းလမ်းများဖြင့် ပြေလည်စေခဲ့ပါသည်။ ဆိုဗီယက်ယူနီယံနှင့် စစ်အေးတိုက်ပွဲအတွင်း ဆက်ဆံရေးကိစ္စများကို ဆောင်ရွက်ရာတွင် မကြာခဏ ဒီမိုကရေစီမကျသော နည်းလမ်းများကို အသုံးပြုခဲ့ပါသည်။ သူသည် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က (၂၉ - နိုဝင်ဘာလ) ကွယ် လွန်သွားခဲ့ပါပြီ။ သူ ကွယ်လွန်ချိန်တွင် အသက်၁၀၀ ပြည့်ပြီးသွားပါပြီ။
သူ တည်ထောင်ထားသော အဖွဲ့ (Consultation firm) က သူ သေဆုံးသော သတင်းကို အတည်ပြုကြေ ညာပါသည်။ သံတမန်အနည်းငယ်သာ ကစ်ဆင်ဂျာလို အလွန်အမင်း ချစ်ခင်သူနှင့်မုန်းတီးသူများ ရှိခဲ့ကြပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် အမေရိကန်နိုင်ငံ၏ သြဇာအာဏာ အရှိဆုံးနိုင်ငံခြားဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့ ပြီး သူ့ကို တကယ် လက်တွေ့ကျသူ၊ အမေရိကန် နိုင်ငံခြား ရေးဝါဒကို ပုံဖော်နိုင်ခဲ့သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြ ပါသည်။ တဖက်ကလည်းအမေရိကန်တို့၏ ထားရှိအပ်သော လူ့အခွင့်အရေးဆိုသည်ကို နိုင်ငံအတွက် အကျိုး ရှိမည်ဆိုလျှင် လျစ်လျူရှုခဲ့ပါသည်။
သူသည် ဂျွန်အက်(ဖ) ကနေဒီ မှဂျိုးဘိုင်ဒန်အထိ သမ္မတ ၁၂ ယောက်ကို အကြံပေးခဲ့ပြီး ပညာ တတ်တစ်ယောက်၏ သံတမန်ရေးရာသမိုင်းကို ကျွမ်းကျင်မှုများဖြင့်လည်းကောင်း၊ ဂျာမန် ဂျူး စစ်ပြေးတယောက်၏ ကြိုးစားမှုများဖြင့် လည်းကောင်း သူ့ ကြီးပြင်းရာနိုင်ငံကို အောင်မြင်မှုများ ရရှိစေခဲ့ပါသည်။ သူ၏အရိုးစွဲနေသော မတည်ငြိမ်မှု၊ သူ၏ ဘာဘေးရီးယမ်းအသံ (Bavarian accent) ပါသောစကားသံများနှင့် သူ တွေ့ထိမိသည့် အရာရာတိုင်းကို ပြောင်းလဲစေခဲ့ပါသည်။
အမေရိကန်ပြည်၏သမိုင်းတွင် သမ္မတနစ်ဆင် ပြီးလျှင် ဒုတိယသြဇာပါဝါရှိသူ တယောက်အနေမျိုးနှင့် နစ်ဆင်၏အိမ်ဖြူတော်သို့ ၁၉၆၉ ခုနှစ် ဇန်နဝါရီလတွင် လုံခြုံရေးဆိုင်ရာ အကြံပေးအဖြစ် (Security adviser) ရောက်ရှိလာခဲ့ပါသည်။ ၁၉၇၃ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့ပြီးရာထူးနှစ်ခုလုံးကို စွဲကိုင်ထားကာ နစ်ဆင် သမ္မတအဖြစ်မှ နုတ်ထွက်သွားချိန်တွင် သမ္မတ ဂျာရယ် ဖို့ဒ် အောက်တွင် ဆက်လက်အလုပ်လုပ်ခဲ့ပါသည်။
ကစ်ဆင်ဂျာ၏ တရုတ်ပြည် (Red china) ကို ပြင်ပကမ္ဘာကြီးနှင့် ဆက်သွယ်မိအောင် လမ်းဖွင့်ပေးသော စေ့စပ်ညှိနှိုင်းမှုမှာ နစ်ဆင်၏ အအောင်မြင်ဆုံး နိုင်ငံခြားရေး ပေါ်လစီ ဖြစ်ခဲ့ပါသည်။ ထိုစဉ်က ရည်ရွယ်ချက်မှာ ဆိုဗီယက် ယူနီယံကို အထီးကျန်ဖြစ်စေရန် ဖြစ်ပါသည်။ သူတို့ ထွင်ခဲ့သော လမ်းသည် ယခု ကစ်ဆင်ဂျာကွယ်လွန်ချိန်တွင် ကမ္ဘာအကြီးဆုံး စီးပွားရေးကြီးနှစ်ခုတို့ ဆက်သွယ်ရာ လမ်းအဖြစ် ကျန်ရစ်ခဲ့ပါသည်။ ထိုနှစ်နိုင်ငံ၏ဆက်ဆံရေးမှာ တစ်ဦးနှင့်တစ်ဦးလည်း မပစ်ပယ်နိုင်ဘဲ အဆင်းအသွင်အပြင်ကလည်း ကွဲပြားနေပြီး စစ်အေးတိုက်ပွဲ တစ်ခု အစပြုရန် ပြင်ဆင်နေသကဲ့သို့ ရှိပါတော့သည်။
ကစ်ဆင်ဂျာ၏ အသံမှာ ဆယ်ခုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် တရုတ်ပြည်၏ စီးပွားရေး၊ စစ်ရေးနှင့် သိပ္ပံနည်းဆိုင်ရာတိုးတက်မှုများကိုကိုင်တွယ်ရာတွင် သြဇာရှိသောအသံဖြစ်နေခဲ့ပါ သည်။ သူသည် မော်စီတုန်းမှသည် ရှီကျင်ဖျင့်အထိ တရုတ်ခေါင်းဆောင်အဆက်ဆက်တို့နှင့် ဆက်သွယ်နိုင်သော သံတမန်ဖြစ်ခဲ့ပါသည်။ ယခုနှစ် ဇူလိုင်လ သူ့အသက် ၁၀၀ ပြည့်ပြီးချိန်တွင် တရုတ်ပြည်၌ ရှီကျင်ဖျင့်နှင့် အခြားခေါင်းဆောင်များကို တွေ့ဆုံခဲ့ပါသည်။ သူ့ကို ကြိုဆိုရာတွင် အမေရိကန်နှင့် ဆက်ဆံရေးဆိုးရွားနေလင့်ကစား တော်ဝင် တစ်ယောက်လို တခမ်းတနား ကြိုဆိုခဲ့ကြပါသည်။
သူသည် ဆိုဗီယက်ရုရှားတို့နှင့်လည်း “detente” ခေါ် ငြိမ်းချမ်းရေးအတွက် အတူတကွ ဆောင် ရွက်ကြရန် နှိုးဆော်ခဲ့ပါသည်။ နှစ်နိုင်ငံအတွင်း ပထမဆုံး နျူးကလီးယားလက်နက်များ ထိန်းချုပ်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ကြပါသည်။ သူ၏ လွန်းပျံဒစ်ပလိုမေစီ(Shutlle Dglomecy) က အရှေ့အလယ်ပိုင်းဒေသအတွင်း ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရာတွင် ဆိုဗီယက်တို့ကို ကျော်ဖြတ်ခဲ့ပါသည်။ သို့သော် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးမှာ အကောင်အထည်မပေါ်ခဲ့ပါ။
သူသည် ပါရီမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများထိုင်ရင်း အမေရိကန်တို့၏ဗီယက်နမ်တွင် ပါဝင်မှုကို အဆုံးသတ်နိုင်ခဲ့ပါသည်။ ထို့အတွက် ၁၉၇၃ ခုနှစ် ငြိမ်းချမ်းရေးဆိုင်ရာ နိုဗယ်ဆုကို ဗီယက်နမ် ကိုယ်စားလှယ် လီဒတ်သို (Le Duc Tho) နှင့် ပူးတွဲ၍ ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ သူက ထိုဆုကို ဂုဏ်ရှိသော ငြိမ်းချမ်းရေး ဟု ခေါ်ဆိုခဲ့သော်လည်း စစ်ပွဲများကို အဆုံးမသတ်နိုင်ခဲ့ပါ။ သူ့ကို ဝေဖန်သူတို့က သူသာ ထိုသဘောတူညီမှုကို နှစ်ပေါင်းများစွာ စော၍ရယူနိုင်ခဲ့ပါလျင် လူပေါင်းမြောက် မြားစွာ သေစရာမလို ဟူ၍ပြောခဲ့ကြပါသည်။
နောင်လာမည့် နှစ်နှစ်အတွင်းမှာပင် မြောက်ဗီယက်နမ်က အမေရိကန်တို့ ထောက်ခံသော တောင်ဗီယက်နမ် အစိုးရကို နိုင်ငံအောင် တိုက်ခိုက်နိုင်ခဲ့ပါသည်။ ကစ်ဆင်ဂျာက ထိုစစ်ပွဲကို မနိုင်နိုင်သော စစ်ပွဲဟူ၍ နှစ်ပေါင်းများစွာ ကြိုတင်တွက်ဆခဲ့ပါသည်။ သူ့ကိုမလိုသူများက ကွန်မြူနစ်တို့ အောင် ပွဲခံနိုင်ခဲ့ကြခြင်းမှာ အမေရိကန်တို့၏ရှုံးမှာပဲဟူသော စိတ်ဓာတ်ဖြင့် တိုက်ခိုက်နေခြင်းကြောင့် ဖြစ် သည်ဟု ပြောကြပါသည်။ သူတို့က ဆိုင်ဂုံမြို့ ကျရှုံးမှာကို စောစောကတည်းက ကြိုတင်သိထားဟန်ရှိပါသည်။
သူသည် ကမ္ဘာ၏ကြီးကျယ်သောနိုင်ငံကြီးများ၏ယှဉ်ပြိုင်မှုများအတွင်း နိုင်ငံငယ်ကလေးများ အရေးကို မာချီဗယ်လီ (Machivellian) ၏ နိုင်ငံငယ်ကလေးများအပေါ် ”ရက်စက်ရမည်” ဟူသော သဘောထားနှင့် စစ်တုရင် ကစားကွက်ပေါ်မှ အရုပ် (Pawns) ကလေးများသဖွယ် သဘောထားလိုဟန်ရှိပါသည်။ သူသည် နစ်ဆင်အစိုးရ၏ပေါ်လစီရေးရာ ညွှန်ကြားမှုပေးသူတစ်ယောက်အနေဖြင့် ချီလီနိုင်ငံ၏ ဒီမိုကရေးစီနည်းအရ ရွေးချယ်တင် မြှောက်ခံရသူ အာလန်ဒေး (Salvador Allende) ကို ပြုတ်ကျအောင် ဆောင်ရွက်ရာတွင် ပါဝင်ခဲ့ပါသည်။ သူသည် ကမ္ဘောဒီယားနိုင်ငံ နှင့် လာအိုနိုင်ငံတို့တွင် ကော်ဇောဗုံး (Carpet Bomb) ချရာတွင် ပါဝင်ခဲ့မှုကြာင့် အပြည်ပြည်ဆိုင်ရာ တရားဥပဒေကို ချိုးဖောက်သူအဖြစ် အစွပ်စွဲခံခဲ့ရပါသည်။ သူ၏ရည်ရွယ်ချက်မှာ ၁၉၆၉ - ၇၀ ပြည့်နှစ်တွင် ကွန်မြူနစ်ဝါဒ လိုလားသူ ဗီယက်ကောင်း များကို ထိုနိုင်ငံများတွင် ခိုအောင်းနေခြင်းများအား ရှင်းလင်းရန် ဖြစ်ပါသည်။ စစ်ပွဲကို မကြေညာဘဲ ဘက်မလိုက်သည့် နိုင်ငံအတွင်း ဝင်၍ဗုံးကြဲခဲ့ခြင်း ဖြစ်ပါသည်။
ဗုံးကြဲခြင်းမှာ စစ်ပွဲဆိုင်ရာ ပစ်မှတ်များသာမကဘဲ ထပျံနိုင်သော အရာများနှင့် ရွေ့လျားနိုင်သော အရာမှန်သမျှ ဗုံးကြဲချရန် ကစ်ဆင်ဂျာက စစ်တပ်ကို အမိန့်ပေးခဲ့ပါသည်။ ထိုစဉ်က လူ ၅၀,၀၀၀ ကျော် သေဆုံးခဲ့သည်။
အမေရိကန် ထောက်ခံသော ပါကစ္စတန်နိုင်ငံက အရှေ့ပါကစ္စတန်နိုင်ငံ (ဘင်္ဂလားဒေ့ရှ်) ကို ၁၉၇၁ ခုနှစ်တွင် လူသတ်ပွဲ ကျင်းပခဲ့ပါသည်။ သူနှင့် သမ္မတနစ်ဆင်တို့က အရှေ့ပါကစ္စတန် အမေရိကန်ကောင်ဆဲလာ က စစ်ပွဲရပ်ရန် မေတ္တာရပ်ခံခြင်းကို နားမထောင်သည့်အပြင် ပါကစ္စတန်သို့ လက်နက်များ တင်ပို့ခြင်းနှင့် ဂျော်ဒန်နိုင်ငံမှ ဂျက်ဖိုက်တာ လေယာဉ် ၁၀ စီးကို လွှဲပြောင်းပေးပို့ခဲ့ပါသည်။
မစ္စတာနစ်ဆင်နှင့် ကစ်ဆင်ဂျာတို့မှာ ထိုစဉ်က ကစ်ဆင်ဂျာ၏ တရုတ်ပြည်သို့ လျှို့ဝှက်ခရီးစဉ်များကို ဖြစ်မြောက်အောင် ပါကစ္စတန်၏အကူအညီပေးမှုများကြောင့် ကူညီခဲ့ကြခြင်းဖြစ်ပါသည်။ ထိုစဉ်က အရှေ့ပါကစ္စတန်တွင် သေဆုံးခဲ့သူများမှာ ၃၀၀,၀၀၀ ကျော်ရှိပြီး လူ ၁၀ သန်းကျော်မှာ အိန္ဒိယသို့ စစ်ပြေးဒုက္ခသည်များအဖြစ် ထွက်ပြေးခဲ့ကြရပါသည်။
၁၉၇၅ ခုနှစ်တွင် ကစ်ဆင်ဂျာ နှင့် ဂျာရယ်ဖိုဒ် တို့သည် ယခင်က ပေါ်တူဂီကိုလိုနီ ဖြစ်ခဲ့သော အရှေ့တီမောသို့အမေရိကန်ထောက်ခံသော အင်ဒိုနီးရှားတပ်မတော်မှ ဝင်ရောက်သိမ်းပိုက်ခြင်းကို အား ပေးခဲ့ကြပါ သည်။ ဗီယက်နမ်စစ်ပွဲပြီးသောအခါတွင် ထိုစဉ်က အရှေ့တီမောတွင် ကွန်မြူနစ်စိုးမိုးသော အစိုးရ ပေါ်ထွက်လာမည်ကို စိုးရိမ်ခဲ့ကြပါသည်။
မစ္စတာကစ်ဆင်ဂျာက အင်ဒိုနီးရှားသမ္မတကိုပြောကြားရာတွင် ဤကိစ္စကို သူတို့အမေရိကန်ပြည်သို့ ပြန်သွားပြီးမှဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ဖိုဒ် ၏ စာကြည့်တိုက်မှ တိုင်းပြည်သို့ ပြောပြလိုက်သော စာရွက် (declassify) များတွင် ဤအကြောင်း ပါလာခဲ့သည်။ အရှေ့တီမောတွင် လူပေါင်း ၁၀၀,၀၀၀ ကျော် အစာငတ်ပြတ်၍သော်လည်းကောင်း အသတ်ခံရ၍သော်လည်းကောင်း သေကျေခဲ့ကြပါသည်။
မစ္စတာကစ်ဆင်ဂျာ ကိုယ်တိုင်မှာ ဝါးတားဂိတ် အရေးအခင်းတွင်ပါဝင်ခြင်းမရှိခဲ့ပါ။ သို့ပါသော် လည်း နောက်ပိုင်း ထိုပြစ်မှုကြီးကို ဖုံးကွယ်ရန် ကြိုးစားရာတွင် သံသယရှိမှုများ လျှို့ဝှက်မှုများဖြင့် ရှုပ်ထွေးခဲ့ပြီး သူ ပါဝင်ခဲ့သည်ဟု သူ့ကို မလိုသူများက စွပ်စွဲခဲ့ကြပါသည်။
သူ ရာထူးစယူခါစက အသက်ရှစ်နှစ်သာ ရှိသေးသော မစ္စတာ အိုဘားမားက သူ၏ သမ္မတ သက်ာတမ်းကုန်ဆုံးခါနီးတွင် သူ့သမ္မတ သက်တမ်းတလျှောက်လုံး အချိန်များစွာတို့မှာ “ကစ်ဆင်ဂျာတို့ခေတ်က ဖျက်ဆီးခဲ့သမျှ အပျက်များကို လိုက်ပြီးပြင်ဆင်နေခဲ့ရတာပါ” ဟုပြောခဲ့သည်။
( ၂ )
ကစ်ဆင်ဂျာ (Heinz Alfred Kissinger) ကို၁၉၂၃ ခုနှစ် မေလ ၂ ရက်နေ့တွင် ဘာဘေးရီးယားပြည်မှ Furth မြို့တွင် မွေးဖွားခဲ့သည်။ မိဘများမှာ အထက်တန်းကျောင်းဆရာ လူးဝစ် ကစ်ဆင်ဂျာ (Lousis Kissinger) နှင့် ပေါ်လာ (Paula Kissinger) ဖြစ်သည်။ စစ်ဖြစ်ရန် တစ်နှစ်အလို ၁၉၃၈ ဆောင်းရာသီ သူ့အသက် ၁၅ နှစ်တွင် နာဇီ အစိုးရက သူ့မိသားစုကို အမေရိကန်ပြည်သို့ ထွက်ခွာရန် ခွင့်ပြုခဲ့သည်။
ကိုသန်းလွင်
Ref: Henry Kissinger dead at 100, By David Sanger, N.Y. Times December 1 2023.
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar