Breaking News

ရဲဘော်တေး - နိုင်ငံရေးသဘောထား


ရဲဘော်တေး - နိုင်ငံရေးသဘောထား

(မိုးမခ) ဒီဇင်ဘာ ၂၈ ၊ ၂၀၂၃



တိုင်းရင်းသားဒေသ ဆိုတာ မြန်မာပိုင် မဟုတ်တာ သေချာပေမယ့် မြန်မာဆိုင်လို့တော့ သဘောထားခဲ့ကြတာကိုး။

အဲဒီတော့ ပြည်ထောင်စုဆိုတာ ဖန်တည်းခဲ့၊ နောက် ပြည်ထောင်စုမပြိုကွဲရေးဆိုပြီး နိုင်ငံအရင်းအမြစ်အားလုံးနဲ့ မြန်မာ့စစ်တပ်ကြီးကို ချဲ့ချင်သလောက် ချဲ့ခဲ့ကြတယ်။ 

အဲဒီမှာ မြန်မာစစ်တပ်ဟာ လက်နက်အားကိုးနဲ့  တိုင်းရင်းသားဒေသအားလုံးကို သူပိုင်သလို သဘောထားရုံမက တနိုင်ငံလုံးပါ သူ့မွေးရာပါအမွေပစ္စည်းလို မှတ်ပြီး အဲဒီထဲမှာ နိုင်ငံရေးပါ သူ့သဘောလုပ်တော့တာပဲ။

ခုတော့ လက်နက်ဘာသာစကားပဲ တတ်တဲ့သူကို လက်နက်နဲ့ပဲ စကားပြောရတော့မယ်လို့ သဘောပိုက်မိတဲ့ တပြည်လုံးက လက်နက်ကိုင်တော်လှန်ရေး လုပ်ကြပြီကိုး။ လုပ်တော့ ရှမ်းမြောက်ဟာ ပထမဆုံးလွတ်မြောက်မယ့်နယ်မြေ ဖြစ်လာတော့မယ်။ တနည်းပြောရရင် ရှမ်းမြောက်က စစ်ဌာနချုပ်ဟာ ကူကယ်ရာ မဲ့တော့မယ်။ 

အဲဒီလိုပဲ တနိုင်ငံလုံးအနှံ့ စစ်ဆင်နေပြီဆိုတော့ တဖြည်းဖြည်းနဲ့ စစ်စခန်းတွေဟာ စစ်ကူပေးဖို့ ခက်လာတယ်။ တပ်နုတ်ဖို့ မလွယ်တော့သလို တပ်ရွေ့လို့လည်း မရပါဘူး။ စစ်ရှုံးသေတာနဲ့၊ လက်နက်ချတာနဲ့၊ CDM လုပ်တာနဲ့ ချုံခိုတိုက်ခံရတာနဲ့ ချောင်းပစ်ခံရတာနဲ့ လက်နက်ကြီးစမ်းတာနဲ့၊ ဒရုန်းချခံရတာနဲ့၊ မိုင်းဆွဲခံရတာနဲ့ စစ်သည်အား လက်နက်အား ခဲယမ်းအားလည်း လုံးပါးပါးလာတယ်။ ဒီအတိုင်းဆက်သွားရင် တပ်တခုလုံး အရှုံးဆီပါ ဦးတည်သွားတော့မယ်ဆိုတာကို လက်ရှိစစ်မှုထမ်းရော စစ်ဗိုလ်ချုပ်ဟောင်းတွေပါ သိရှိခံစားလာရပါတယ်။

အဲဒီတော့ တပ်အဝန်းအဝိုင်းမှာ တပ်စခန်းတွေအနှံ့ ဖြန့်ထားတာဟာ ခုတော့ မဟာဗျူဟာအမှားလို့ သုံးသပ်လာကြပြီး တနေရာတည်းမှာ စုစည်းပြီး ခုခံတိုက်ခိုက်ဖို့ ပြောဆိုလာကြပါတယ်။ 

နောက်ပြီးတော့ တိုင်းရင်းသားဒေသတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရမှာ အတူတူ စွန့်လွှတ်ဖို့ထိပြောဆိုလာကြပါတယ်။ ရှိသမျှတပ်တွေကို ပြည်မမှာပဲ အထိုင်ချအုပ်ချုပ်ရင် တပ်မတော်ဟာ ပျက်သုဉ်းပျောက်ကွယ်စရာမရှိဘူးဆိုတဲ့ စဉ်းစားချက်ဟာ တပ်ထဲမှာ အားကောင်းလာတဲ့အယူအဆတရပ် ဖြစ်လာပါပြီ။

အဲဒီလိုဖြစ်လာခဲ့ရင်တော့ ကိုယ့်ရဲ့ မဟာမိတ်မူဟာ ဘယ်လောက်အားကောင်းသလဲဆိုတာ..

ကိုယ့်ရဲ့ တော်လှန်သူအချင်းချင်းအပေါ် ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ…

ကိုယ့်ရဲ့ နိုင်ငံရေးသဘောထား ဘယ်လောက်ကြီးသလား ဆိုတာက အဓိကျမယ် ထင်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar