လက်နက်ကိုင် တိုက်ပွဲတွေအကြား ပေါ်ထွက်လာတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စာချုပ်
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂၇ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၂၃
လက်နက်ကိုင် တိုက်ပွဲတွေအကြား ပေါ်ထွက်လာတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စာချုပ်
ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လက်နက်ကိုင် တိုက်ပွဲတွေ တချိန်းချိန်းဖြစ်ပွားနေချိန်မှာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ကျောက်ဖြူရေနက်ဆိပ်ကမ်း နောက်ဆက်တွဲစာချုပ် ချုပ်ဆိုခြင်းဆိုတဲ့ အခမ်းအနားက ရုတ်တရက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အပြင်းအထန် ဖြစ်ပွားနေချိန် ကျောက်ဖြူရေနက်ဆိပ်ကမ်း နောက်ဆက်တွဲစာချုပ် ချုပ်ဆိုခြင်းဟာ တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ကြားဝင်ဆောင်ရွက်ခဲ့တာ၊ မြောက်ပိုင်း ၃ဖွဲ့ကို စစ်ရေး နိုင်ငံရေးအရ နောက်ကွယ်က ထောက်ခံအားပေးတာကို ရပ်ဆိုင်းဖို့ စစ်ကောင်စီနဲ့ အပေးအယူလုပ်တဲ့ ဖြစ်စဥ်လားဆိုတာ စဥ်းစားစရာတွေ အများအပြားရှိလာတာ ဖြစ်ပါတယ်။
ကျောက်ဖြူ အထူးစီးပွားရေး ဇုန်၊ ရေနက်ဆိပ်ကမ်း၊ အိမ်ယာစီမံကိန်း စတာတွေကို ၂၀၁၅ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက် သက်တမ်းမကုန်ခင်မှာ လွှတ်တော်က အတည်ပြုပေးခဲ့တာ ဖြစ်ပြီး ဒိထက်စောတဲ့ ကနဦး စတင် လေ့လာမှုတွေက ၂၀၀၉ ခုနှစ် နဝတ စစ်အစိုးရလက်ထက်မှာ စတင်ခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာပဲ အခြားသော တရုတ်နဲ့ပတ်သက်တဲ့ စီမံကိန်းတခုက မြစ်ဆုံစီမံကိန်းကို လက်မှတ်ထိုးခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ စစ်အစိုးရ နဲ့ ထောက်ခံမှု အပေးအယူပြုလုပ်မှုတွေ အပေါ်အခြေခံပြီး အခုလိုစီမံကိန်းတွေကို သဘောတူ လက်ခံခဲ့တာလို့ နိုင်ငံရေး လေ့လာသူတွေက ကောက်ချက်ချကြပါတယ်။ အဆိုပါ ကျောက်ဖြူစီမံကိန်း ကို အန်အယ်လ်ဒီ အစိုးရလက်ထက် ပြန်လည်ဆွေးနွေးပြီး ပထမအဆင့် စာချုပ်ချုပ်ဆိုတဲ့အခါ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ ရင်းနှီးမြှုပ်နှံမယ့် မြှုပ်နှံငွေ ပမာဏကို ကန်ဒေါ်လာ ၇.၅ ဘီလျံ ကနေ ၁.၅ ဘီလျံအထိ အန်အယ်လ်ဒီအစိုးရဘက်က စီးပွားရေး အကြံပေးဖြစ်သူ ရှောင်တန်နယ်ရဲ့ အကြံပြုချက်အရ လျော့ချသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ရှောင်တန်နယ်ရဲ့ ပြောဆိုမှုတွေအရ ဆို တရုတ်ဘက်က ကမ်းလှမ်းအဆိုပြုတဲ့ စီမံကိန်း ရင်းနှီးမြှုပ်နှံငွေ ပမာဏဟာ မြန်မာအစိုးရအတွက် “ကြွေးမြီထောင်ချောက်” ထဲကျရောက်နိုင်ခြေ ရှိတာကြောင့် ရင်းနှီးမြှုပ်နှံမှု ပမာဏကို လျော့ချဖို့ အကြံပြုခဲ့တာလို့ ဆိုပါတယ်။
အခု နောက်ဆက်တွဲ စာချုပ်မှာတော့ ယခင် စာချုပ်ပါ သတ်မှတ်ချက်တွေကို ဘယ်လောက်ပြင်ဆင်မှု ရှိသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရသေးတဲ့ သဘောလည်း ဖြစ်ပါတယ်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း နဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းဟာ တရုတ်နိုင်ငံအနေနဲ့ ယူနန်ပြည်နယ်ကို ပင်လယ်ဆိပ်ကမ်း ထွက်ပေါက် အဖြစ်ရစေပြီး တရုတ်ပြည်က ကုန်ပစ္စည်းတွေကို တောင်အာရှ နိုင်ငံတွေ ဖြစ်တဲ့ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါလ်၊ စတဲ့နိုင်ငံ နဲ့ ဥရောပ၊ အာဖရိကတို့က နိုင်ငံတွေဆီတင်ပို့ဖို့ ရည်ရွယ်ထားပြီး တနှစ်ကို ပေ ၂၀ အရှည်ရှိတဲ့ ကုန်သေတ္တာ ၇ သန်း လက်ခံနိုင်မယ့် ဆိပ်ကမ်းအဖြစ်ရည်မှန်းချက် ထားတာလို့ စစ်ကောင်စီရဲ့ အထူးစီးပွားရေး ဇုန် ဥက္ကဌ ဦးအောင်နိုင်ဦးက ဆိုပါတယ်။
မြန်မာနိုင်ငံက ၃၀ ရာနှုန်းပိုင်ဆိုင်ပြီး တရုတ်နိုင်ငံဘက်က ၇၀ ရာနှုန်း ပိုင်ဆိုင်တဲ့ စီမံကိန်း ဖြစ်ပြီး ကျောက်ဖြူဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိစေမယ်လို့ စစ်ကောင်စီရဲ့ ဝန်ကြီး ဖြစ်သူ ဦးအောင်နိုင်ဦးက ပြောပေမယ့် သာမန်ဒေသခံတွေအဖို့တော့ မယုံကြည်ကြပါဘူး။ အခု ရေနက်ဆိပ်ကမ်း စီမံကိန်း မတိုင်မီ လုပ်ဆောင်တဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေ ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းတဲ့ ပိုက်လိုင်း စီမံကိန်းပြီးဆုံးတဲ့နောက်မှာ ဘာအလုပ်အကိုင် အခွင့်အလမ်းမှ သိသိသာသာ တိုးပွားလာတာမတွေ့ရပဲ ၄င်းတို့ရဲ့ သက်မွေးဝမ်းကြောင်း လုပ်ငန်းဖြစ်တဲ့ ငါးဖမ်းလုပ်ငန်းတွေ မလုပ်ကိုင်နိုင်တော့တာတွေကို သတင်းမီဒီယာတွေရဲ့ အင်တာဗျူးတွေမှာ တွေ့နေရတာ ဖြစ်ပါတယ်။
ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းက ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း အဖြစ် ပေါ်ထွက်လာတာ မရှိပဲ၊ သက်ဆိုင်ရာ တရုတ်ကုမ္ပဏီ၊ ဆပ်ကန်ထရိုက်ရတဲ့ ပြည်တွင်း ကုမ္ပဏီတချို့သာ အကျိုးခံစားရတာမျိုး ဖြစ်ပြီး ဒေသခံလူများစု အနေနဲ့တော့ ဒီစီမံကိန်းတွေဆီကနေ ဘာအကျိုးအမြတ်မှ ရရှိခြင်းမရှိပါဘူး။
အခုလို နောက်ဆက်တွဲ စာချုပ်ချုပ်ဆိုချိန်မှာ စစ်ရေးအရ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး မကြာမီနှစ်ပိုင်းတွေအတွင်း အားကောင်းလာတဲ့ AA လက်နက်ကိုင် အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ နယ်ခြားစောင့်ရဲစခန်းတွေ၊ ချင်းပြည်နယ်ရဲ့ အစိတ်အပိုင်းဖြစ်ပေမယ့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နဲ့ ထိစပ်နေတဲ့ ပလက်ဝဒေသက ဗျူဟာ စခန်းကြီးတွေကို သိမ်းယူထားပြီး နောက်ထပ် မြို့တွေကို သိမ်းယူဖို့ ကြိုးစားနေတဲ့ ကာလဖြစ်ကာ စစ်ကောင်စီက ရခိုင်ပြည်နယ် တခုလုံးကို လေယာဥ်လိုင်းက လွဲလို့ ပိတ်ဆို့ထားတဲ့ အချိန်မှာ အခုလို ရခိုင်ပြည်နယ်ထဲ အခြေစိုက်တဲ့ စီမံကိန်းနဲ့ပတ်သက်တာကို လက်မှတ်ရေးထိုးကြတာ ဖြစ်ပါတယ်။ တရုတ်အစိုးရ အနေနဲ့ အခုလို လက်နက်ကိုင် တိုက်ပွဲတွေ စစ်ကောင်စီနဲ့ AA အကြား နှစ်ဖက်ပြင်းထန်စွာ စစ်မက်တိုက်ခိုက်နေကြတဲ့ အချိန်မှာ စစ်ကောင်စီအစိုးရနဲ့ စာချုပ်ချုပ်ဆိုခြင်းက အံ့အားသင့်စရာ အနေအထား တခုလည်း ဖြစ်ပါတယ်။
တရုတ်အစိုးရ အနေနဲ့ ဘယ်သူ အသာစီးရသည်ဖြစ်စေ ၂ ဖွဲ့စလုံးနဲ့ ဆက်ဆံရေးရှိပြီး ဖြစ်သလို AA အဖွဲ့အနေနဲ့လည်း တရုတ်နိုင်ငံနဲ့ မကင်းရာ မကင်းကြောင်းရှိတဲ့ အနေအထား ဖြစ်တာကြောင့် တရုတ်အစိုးရ အနေနဲ့ အခုလို မြန်မာနိုင်ငံမှာ ပြည်တွင်း လက်နက်ကိုင်တိုက်ပွဲတွေ အနှံ့အပြားဖြစ်နေချိန် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေချိန် တက်သုတ်ရိုက်ပြီး စာချုပ်ချုပ်ဆိုခဲ့တာလားလို့ ကောက်ချက်ချစရာ ဖြစ်နေပြီး ဗရုတ်ဗရက်ကာလမှာ စီးပွားရေး အခွင့်အရေး ဝင်ယူတဲ့ ဖြစ်ရပ်တခုသဖွယ်လည်း ဖြစ်နေတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar