Breaking News

စစ်ကောင်စီ၏ ဆက်လက်သက်ဝင်နေဆဲ အုပ်ချုပ်ရေးယန္တရားအောက်က ဓားစာခံ ပြည်သူများ


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂၀ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၂၃


စစ်ကောင်စီ၏ ဆက်လက်သက်ဝင်နေဆဲ အုပ်ချုပ်ရေးယန္တရားအောက်က ဓားစာခံ ပြည်သူများ

မုံရွာထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုတွေ တိုးမြင့်လာတယ်လို့ လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာ ဒေသခံသပိတ်ကော်မီတီနဲ့ တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ခဲ့ပါတယ်။ အခုရက်အတွင်းမှာတော့ - မြို့သိမ်းတိုက်ပွဲ တစ်လကျော်ကြာ ဖြစ်ပွားနေတဲ့ လွိုင်ကော်မြို့ရှိ အကျဉ်းထောင်တွင်း အခြေအနေ ဆိုးရွားနေပြီး အကျဉ်းသားတွေ ဆေးဝါးနဲ့ အစားအသောက်ပြတ်လပ်မှုကို ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(MPPN) က ထုတ်ပြန်လိုက်ပါတယ်။ လွိုင်ကော်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၅၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။  ဒီဇင်ဘာ ၁၆ ရက် လွိုင်ကော်ထောင်မှာ ကရင်နီတပ်ပေါင်းစုနဲ့ ထောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။ 

စစ်ကောင်စီဟာ ထောင်ကိုခံတပ်သဖွယ် အသုံးပြုနေပြီး အကျဉ်းသားတွေကိုလည်း လူသားဒိုင်းသဖွယ် အသုံးပြုလာနိုင်ခြေရှိတယ်လို့ MPPN က ပြောပါတယ်။ နယ်မြို့ဒေသတွေက အကျဉ်းစခန်းတွေမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသားတွေအားလုံးဟာ စစ်ကောင်စီ၏ လုံခြုံရေးတပ်သားများလက်အောက်မှာ အဖိနှိပ်ခံရတာအပြင် လူသားဒိုင်းတွေ ဓားစာခံတွေအဖြစ် ကျင့်သုံးခြင်းခံနေရတာ မြင်တွေ့နေရပါတယ်။

မြန်မာပြည်တွင်းမှာ စစ်ရေး နိုင်ငံရေးအကျပ်အတည်းတွေ မည်သို့ပင် ရှိနေပါစေ အလုပ်သမား လယ်သမားများ အခြေခံပြည်သူလူထုအများကတော့ နေ့စဉ် စားဝတ်နေရေး ပြေလည်ဖို့ ကို ဦးစားပေး ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ အာရ်အက်ဖ်အေသတင်းအရ ဧရာဝတီတိုင်းမှာ စက်သုံးဆီ ဝယ်ယူတဲ့အပေါ် ကန့်သတ်စစ်ဆေးမှု လုပ်နေတာကြောင့် လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူတွေ ဝယ်ယူဖို့ခက်ခဲနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ မြောင်းမြမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်နဲ့ ဘိုကလေးမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက လိုင်စင်မရှိဘဲ စက်သုံးဆီ လက်လီ ရောင်းချမှုတွေနဲ့ ဝယ်ယူမှုအပေါ် စစ်ဆေးအရေးယူနေတာပါ။ ဘိုကလေးမြို့နယ်အာက်ပိုင်းက ရွာတွေမှာ ဒီဇယ်တစ်ပီပါကို ငွေကျပ် ဆယ်သိန်းဝန်းကျင်အထိ မြင့်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဓာတ်ဆီ တစ်လီတာ ငွေကျပ်ငါးထောင်ခန့်အထိ မြင့်တက်သွားပြီး လိုချင်သလောက်လည်း ဝယ်မရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လက်လီရောင်းချသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ တောင်သူလယ်သမားတွေက လောင်စာဆီအခက်အခဲကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို ပုံမှန်ထက် အများကြီး လျော့နည်းပြီး လုပ်ကိုင်ဖို့ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

လောင်စာဆီတင်သွင်းသူတွေကို စစ်ကောင်စီက ဒေါ်လာအရောင်းအဝယ်နဲ့ ကိုင်ဆောင်ခွင့်တွေ ကန့်သတ်ထားတာကြောင့် လောင်စာဆီစျေးက မငြိမ်မသက်ဖြစ်နေပါတယ်။ စစ်ကောင်စီက သူတို့၏ အကြပ်အတည်းများကို လူထုအကျပ်အတည်းများဖြစ်အောင် ပုံသွင်းနေပေမယ့် စစ်ကောင်စီကိုယ်တိုင်ကလည်း အဲသည်အကျပ်အတည်း၏ ဖိအားကို ခံစားနေရတာကြောင့် သူကိုယ်တိုင် ကန့်သတ်ဖိနှိပ်ထားတဲ့ ဥပဒေတွေကို တဖက်ကလည်း ဖြေလျော့တဲ့ နည်းလမ်းကို ကျင့်သုံးလာပြန်ပါတယ်။ ဒါကြောင့် လောင်စာဆီအကျပ်အတည်း ဒေါ်လာစျေးအကျပ်အတည်းက စစ်ကောင်စီကို အဆုံးစွန် ဆွဲချသွားမယ်လို့ လူတွေက မှတ်ချက်ပေးနေချိန်မှာပဲ လောင်စာဆီတွေ ပြည်ပကနေ တင်သွင်းမှုတွေ ပြန်ခွင့်ပြုလာပြန်ပါတယ်။ 

လက်ရှိ မြန်မာပြည်၏ စီးပွားရေး လူမှုရေးအကျပ်အတည်းမှာ နောက်ဆုံးဓားစာခံ ခါးစည်းခံနေရတဲ့ အလုပ်သမား၊ လယ်သမား လူတန်းစားတွေ၏ ခံနိုင်ရည်တာရိုး ကျိုးပဲ့ရင် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးယန္တရားလည်း ပြိုလဲနိုင်တာကို စစ်ကောင်စီနဲ့ နောက်လိုက်များက ကောင်းကောင်းသဘောပေါက်ပုံရပါတယ်။ နောက်ဆုံး လက်နက်ကိုင်အင်အား စုဆောင်းမရရင်တောင် သူတို့ကိုယ်တိုင် ဖမ်းဆီးထားတဲ့ စစ်ပြေးတွေကို ပြန်လည် အသုံးချထွက်ပေါက်ပေး စည်းရုံးနေတာကို ကြည့်နိုင်ပါတယ်။

များမကြာမီက လယ်သမားများ တောင်သူများကို စိုက်ပျိုးရေးဆက်လက် လုပ်ကိုင်နေကြစေဖို့ ဆွဲဆောင်စည်းရုံးတဲ့အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အကန့်သတ်ဖြင့် ဆယ်ဧကအထက်လယ်သမားကြီးတွေကို စိုက်စရိတ်ချေးငွေ သိန်း ၄၀၀ ချထားပေးမယ့်အစီစဥ်ကို ဆန်စပါးအသင်းချုပ်က တဆင့် ထုတ်ပြန်လိုက်ပါတယ်။  စပါးစိုက်ဧက ဆယ်ဧက အထက်ပိုင်ဆိုင်တဲ့လယ်သမားကြီးတွေကို ဆန်စပါးအသင်းချုပ်နဲ့ ပုဂ္ဂလိကဘဏ် ၅ဘဏ်ပူးပေါင်းပြီး ကာလတိုစိုက်ပျိုးစရိတ်ချေးငွေချထားပေးမယ့် အစီအစဥ်ကို မနေ့ကထုတ်ပြန်တာပါ။ စစ်ကောင်စီဘက်က လက်ရှိ မြန်မာပြည်အကြပ်အတည်းကာလအတွင်း နည်းမျိုးစုံနဲ့ လည်စင်းခံပြီး အသက်မွေးဝမ်းကျောင်းပြုနေကြသူတွေ စစ်ကောင်စီလက်အောက်မှာပဲ နေထိုင်စားသောက် နေထိုင်သွားကြမယ်လို့ ဆုံးဖြတ်ထားသူတွေကို သူ့လက်တွင်း သူ့ပိုင်နက် နယ်မြေ လုပ်ပိုင်ခွင့်တွင်းမှာ နည်းမျိုးစုံနဲ့ စည်းရုံးလိုက်၊ တဖက်လှည့်နဲ့ ကန့်သတ်ချုပ်ချယ်ထားဖို့ကို လုပ်လိုက်နဲ့ ဆောင်ရွက်နေဆဲ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ 

ပြည်ပကို စစ်ကောင်စီမှာ မှတ်ပုံတင်ထားတဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ ပွဲစားလုပ်ငန်းများကနေ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ထွက်ခွာသွားကြတဲ့ ပြည်ပရောက် နိုင်ငံခြားငွေရှာဖွေနေသူ လုပ်သားတွေဆီက ဒေါ်လာအခွန်တောင်းခံဖို့ကိုလည်း စစ်အုပ်စုက မပျက်မကွက်ဆောင်ရွက်နေတာကို တွေ့နိုင်ပါတယ်။ 

၂၀၂၃ စက်တင်ဘာကတည်းက ထုတ်ပြန်တဲ့ အခွန်စည်းကြပ်မှု ဥပဒေအသစ်ကို သက်ဝင်ဖို့ ဆောင်ရွက်လာရာမှာ ပတ်စ်ပို့သက်တမ်းတိုးချင်ရင်၊ မြန်မာပြည်ကို ပြန်လည်ပတ်ချင်ရင် ပြည်ပရောက်တွေ အရင်ဆုံး အခွန်ဆောင်ရန် သံရုံးတွေကနေ ယခုနှစ်ကုန်မှာပဲ ထပ်မံစာထုတ်လိုက်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေထဲကနေ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို လစဉ် သို့မဟုတ် ၃ လ တကြိမ် ၎င်းတို့သတ်မှတ်ထားတဲ့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေကနေ လွှဲပို့ကြဖို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် အေဂျင်စီတွေကို  ဖိအားပေး ညွှန်ကြားခဲ့တာကိုလည်း ထပ်မံအသက်သွင်းဖို့ ကြိုးစားလာတာကြောင့် ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေက ကန့်ကွက်ဆန္ဒပြမှုနဲ့ တုံ့ပြန်ကြတာ မြင်ရပါတယ်။ သို့သော် စစ်ကောင်စီယန္တရား၏ အလိုအရ ပြည်တွင်း ပြည်ပက မြန်မာတွေကိုယ်တိုင်က အလိုမတူဘဲ အခွန်ဆောင်ပြီး စစ်ကောင်စီအတွက် ဝင်ငွေလမ်းကို ထမ်းဆောင်ပေးဖို့ကတော့ ချောင်ပိတ်ခံရတဲ့အခြေအနေအောက်မှာ ရှောင်လွှဲရန် ခဲယဉ်းနေဦးမှာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး၏ တိုက်ပွဲကာလ ရှေ့သို့ တိုးတက်နေတယ်ဆိုတဲ့ အခြေအနေတွေမှာ စစ်ကောင်စီကလည်း သူ့အုပ်ချုပ်ရေး အထွေထွေ ယန္တယားကို သူ့ဝန်ထမ်းများနဲ့ သူ့လက်အောက်ခံပြည်သူများအပေါ်မှာ ဆက်လက် ဖိနှိပ် ကန့်သတ်ပြီး လည်ပတ်နေဖို့ အစွမ်းကုန်ကြိုးစားနေမှာ ဖြစ်သလို အဲသည်လည်ပတ်နေဖို့အတွက်လည်း သူ၏ စစ်အုပ်စု လူတန်းစားများနဲ့ စစ်ဗြူရိုကရက်များကလည်း ဆက်လက်ထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုများဘက်က တော်လှန်သော အုပ်ချုပ်ရေးယန္တရားနဲ့ လူနေမှုစနစ်များ သည်ထက်ပိုပြီး ထူထောင် တိုးချဲ့ပြီး အဖိနှိပ်ခံ ပြည်သူလူထုကို ပိုမိုထောက်ကူနိုင်ဖို့ ပိုပြီး ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar