ကျော်မင်းထွန်း(NEW YORK) - အဆောင်
ကျော်မင်းထွန်း(NEW YORK) - အဆောင်
(မိုးမခ) ဒီဇင်ဘာ ၂၁ ၊ ၂၀၂၃
ငှက်ပျောရွက်ခင်းပြီး
ငှက်ပျောဖူးနဲ့ ထမင်းစားမယ်
ငါးပိရည်ရရင် ကျိုထားမယ်
အိမ်အကြောင်း မတွေးမိအောင် ဂရုစိုက်မယ်။
အာလာပသလ္လာပ ပြောတဲ့အခါ
သူ့အကြောင်း မပြောမိအောင် သတိထားမယ်
ထောက်ပို့ ရောက်မလာရင် ငတ်သွားမယ်
သံလိုက်အိမ်မြှောင်နဲ့ ဆော့ကစားမယ်။
ရေထဲ ခဲကျရင် လှိုင်းထမယ်
အရှုံးနဲ့ နေသားကျဖို့ လေ့ကျင့်မယ်
ဖွင့်လို့မရတဲ့ တံခါးကို မဖွင့်ဘဲနေမယ်
ကယောင်ချောက်ချား ကင်းပုန်းချထားမယ်။
လရောင်အစစ်ကို နမ်းချင်တယ်
ကောသလအိပ်မက်တွေ မက်နေတယ်
ဝိညာဉ်တွေ အိမ်မဲ့ရာမဲ့ လျှောက်လာတယ်
တမြေတည်းနေပေမယ့် ကမ်းနားသစ်ပင် ပြိုတတ်တယ်။
ကျည်ထဲ အာဏာထည့်ထားတယ်
ငြိမ်းချမ်းရေးက ဟားတိုက်နေတယ်
ပွန်းလေးတွေနောက်မှာ လက်မည်းကြီးရှိတယ်
လေငြိမ်နေရင် မကြာခင် မုန်တိုင်းလာတတ်တယ်။
အိပ်ရေးဝဝ အိပ်ချင်တယ်
ဒရုန်းသံကြားရင် ရေငတ်တယ်
သေနတ်ဂျမ်းဖြစ်ရင် သေတတ်တယ်
ရန်သူမျိုး ၅ ပါးထဲ ၁ ပါးတိုးလာတယ်။
အဲဒါကြောင့် -
မင်းကို ငါပြောတာ
ပီဒီအက်ဖ်တွေ မလာခင်
အလံဖြူ အဆင်သင့်ဆောင်ထားပါလို့——