ကိုကျော်(မြစ်ကြီးနား) - ဦးထုပ်အကြောင်း၊ နာရီအကြောင်း ( ၂ )
(📸ဓာတ်ပုံ။ ။ ပျံကျဈေးထဲဝင်ဖို့ တန်းစီနေကြသူများ) |
ကိုကျော်(မြစ်ကြီးနား) - ဦးထုပ်အကြောင်း၊ နာရီအကြောင်း ( ၂ )
(မိုးမခ) ဒီဇင်ဘာ ၂၁ ၊ ၂၀၂၃
နာရီအကြောင်း
နောက်ပိုင်းမှာတော့ အချိန်ယူပြီး ဖန်နှင့်အတူ လက်ကားဒိုင်စျေးကို လိုက်သွားခဲ့တယ်။ ကား ၃ နာရီခန့်လောက် မောင်းရပြီး မြို့နာမည်ကိုတော့ မမှတ်မိတော့ပါ။ လက်ကားဒိုင်များက တပတ်လျှင်တစ်ကြိမ် (ကြာသပတေးနေ့တိုင်းလို့ မှတ်မိတယ်) ထရပ်ကားများနှင့် ကုန်ပစ္စည်းအမျိုးစုံ သယ်လာကြပြီး ပျံကျဈေးထက် ပိုပြီးကျယ်ဝန်းတဲ့ ကွင်းပြင်ကြီးမှာ တဲထိုးပြီးရောင်းချပါတယ်။ သိရသလောက် လက်ကားဒိုင်အများစုက လော့စ်အိန်းဂျလိစ်မြို့မှ တက်လာကြတာ ဖြစ်ပါတယ်။ နာရီ၊ ဦးထုပ်များရောင်းတဲ့ ဆိုင်ရှင်များက ကိုးရီးယားသားတွေ များပါတယ်။
ကျနော် ရောင်းတဲ့ လက်ပတ်နာရီတွေက စျေးသက်သာသည့် အမျိုးအစား ဖြစ်ပါတယ်။ ပျံကျဈေးမှာ အရောင်းစွံတဲ့ ဇီတီစင်၊ ဆီကိုဖိုက်၊ တိုင်းမ်မက်စ် ဓာတ်ခဲနာရီအများစုနဲ့ သံပတ်ပေးရသည့် အော်တိုနာရီတချို့ ဖြစ်ပါတယ်။ ဒီဇိုင်းလေးတွေ အတော်လှပြီး ကုန်တိုက်ကြီးများမှာ ရောင်းနေတဲ့ လက်ပတ်နာရီများနှင့် အမျိုးအစားအတူတူ ဖြစ်ပါတယ်။
ကျနော် ရောင်းတဲ့ စျေးအကြီးဆုံး လက်ပတ်နာရီကတော့ ရိုးလက်စ်လက်ပတ်နာရီ (Rolex) ပုံစံတူ (အတု) ☺️ပဲ ဖြစ်ပါတယ်။ နာရီရောင်းတဲ့ဒိုင် ကိုးရီးယားသားတစ်ဦးဆီမှာပဲ ရနိုင်ပါတယ်။ ဒါပေမဲ့ ရိုးလက်စ်အတု ဆိုပေမဲ့ ဒီအတိုင်းကြည့်ရင် တော်ရုံမခွဲခြားနိုင်ပါဘူး၊ လက်ရာအလွန်သပ်ရပ်ပါတယ်။ သိမှတ်ရသလောက် လွယ်လွယ်နဲ့ အတုနဲ့ အစစ် ခွဲခြားနိုင်တဲ့ တစ်နည်းကတော့ နာရီရက်စွဲအပေါ်က မှန်ဘီလူးကဲ့သို့ ဖန်အခုံးလေး ဖြစ်ပါတယ်။ ရိုးလက်စ်အစစ်ရဲ့ ဖန်အခုံးကို လက်ချောင်းနဲ့ ဖြည်းဖြည်း ပွတ်ကြည့်လိုက်တဲ့အခါ ဖန်အခုံးအနားသပ် နဲ့ နာရီမှန် အဆက်နေရာက ချောမွတ်နေပြီး၊ ရိုးလက်စ်အတုရဲ့ ဖန်အခုံးက အနည်းငယ်ထစ်နေသလို ကြမ်းတမ်းသလို ခံစားရပါတယ်။ (သိမှတ်ခဲ့သလောက်ပါ၊ နာရီပညာရှင် မဟုတ်ပါလို့ ဝန်ခံပါတယ်။)
ရိုးလက်စ် လက်ပတ်နာရီအတု (ဒါတောင်မှ အတုမှာ ကွာလတီအမျိုးမျိုးကွဲသေးတယ်) ကို ဒိုင်ဆီက တစ်လုံးကို ဒေါ်လာ ၃၀ - ၄၀ နှင့်ဝယ်ရပြီး ၈၀ - ၁၂၀ ပတ်ဝန်းကျင်နှင့် ပြန်ရောင်းပါတယ်။ ရိုးလက်စ် အတုမှန်းသိလျက်နဲ့ အလှတပ်ချင်လို့ ဒေါ်လာ ၁၀၀ ပေးပြီး လာဝယ်သူတွေရှိပါတယ်။ (ကျနော့်ဆီမှာလည်း ပုံစံကိုကြိုက်လို့ ယနေ့ထိသိမ်းထားတဲ့ ရိုးလက်စ်အတု တစ်လုံးရှိပါသေးတယ်။)
ဟန်းဖုန်းတွေပေါ်လာသည့်နောက် ကျနော် လက်ပတ်နာရီကို လုံးဝမတပ်တော့ပါဘူး။ သို့ပေမဲ့ မက္ကဆီလူမျိုးတချို့ ယနေ့ထိ လက်ပတ်နာရီကို အလွန်နှစ်သက်ကြပြီး တပ်နေကြတုန်းပါ။ နာရီအမျိုးမျိုးထဲမှာမှ ရွှေရောင်နာရီကြိုးနဲ့ ပြီးတော့ ဘာသာရေးအရ သူတို့ကိုးကွယ်သည့် 'မာရီမယ်တော်' ရုပ်ပုံပါ လက်ပတ်နာရီ အမျိုးအစားကတော့ အတော်ရောင်းကောင်းခဲ့ပါတယ်။ ကျနော့်ဝယ်ရင်းက ၅ ဒေါ်လာ သာပေးရပြီး ၂၀ -၂၅ ဒေါ်လာနှင့် အသာလေးရောင်းနိုင်ပါတယ်။
ကြားဖြတ် LV ပိုက်ဆံအိတ်အကြောင်း
လူးဝစ်ဗစ်တွန်း (LOUIS VUITTON) သို့မဟုတ် LV ပိုက်ဆံအိတ်ကို မနှစ်သက်သည့် အမျိုးသမီး မရှိဘူးလို့ ထင်ပါတယ်။ Coach, Michael Kors, Kate Spade, YSL စတဲ့ နာမည်ကြီးတံဆိပ် ပိုက်ဆံအိတ်များရောင်းတဲ့ ကိုးရီးယားလင်မယား ကျနော့်ရဲ့ဆိုင်ခန်း တစ်ကွက်အကျော်မှာ ထရပ်ကားနှင့် အပတ်တိုင်း လာရောင်းပါတယ်။
ထုံးစံအတိုင်း 'မိတ်အင်ဒီတင်' အတုတွေ ဖြစ်ပါတယ်၊ အိတ်တစ်လုံးရဲ့စျေးက ဒေါ်လာ ၄၀-၅၀ ခန့်ရှိပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ ပိုက်ဆံအိတ်ရောင်းကောင်းပုံက ထရပ်ကားရောက်လာတိုင်း ဂျပ်ဖာကြီးတွေချပြီး ဆိုင်မှာမခင်းရသေးခင်မှာပဲ အမျိုးသမီးထုကြီးက အလုအယက် ဝိုင်းပြီးရွေးကြတော့တာပဲ။ အတုမှန်းသိကြတယ်၊ စျေးအများကြီးသက်သာတယ်၊ brand တံဆိပ်နဲ့ တစ်ပုံစံထဲဆိုတော့ ခဏသုံးပြီး မကြာခင်ပျက်သွားလည်း ပစ်လိုက်ရုံ၊ နောက်တံဆိပ်တစ်မျိုးပြောင်းသုံးပေါ့၊ ဒီက လူတချို့ရဲ့ အိုင်ဒီယာပေါ့။ နေကာမျက်မှန်တွေလည်း အလားတူပဲ ဖြစ်ပါတယ်။
ကျနော်နဲ့စျေးလိုက်ရောင်းပေးတဲ့ ဇနီးသည်ဝင်း ရဲ့ 🔬သုတေသနပြုချက်အရ (သူက Coach အိတ်အတုတစ်ခုကို အကြမ်းသုံးဆိုပြီး ဝယ်ပြီးလေ့လာကြည့်ခဲ့တာ) အတုရဲ့ လိုဂို၊ တံဆိပ်၊ ဇစ်၊ အတွင်းစာသား အားလုံးအစစ်နဲ့ တစ်ပုံစံထဲပဲတဲ့။ ကွာခြားသွားတာက အိတ်အတုရဲ့ ချုပ်ရိုးတွေက အချိန်တိုတိုမှာပဲ အနားတွေ ဖွာလာတယ်၊ ချည်ပြုတ်ထွက်လာတယ်။ အိတ်အစစ်ကတော့ ဘယ်လောက် ကြာကြာသုံးသုံး ချည်ချုပ်ရိုးတွေက အလွန်ခိုင်ခံ့တယ်၊ အိတ်လည်း မပျက်စီးသွားဘူးလို့ ရှင်းပြတာ မှတ်မိပါတယ်။
ပျံကျဈေးဆိုပေမဲ့ ပစ္စည်းအတုတွေရောင်းတာ တရားမဝင်ပါဘူး၊ အထူးသဖြင့် နာမည်ကြီးတံဆိပ်တွေကို တုပပြီးရောင်းချတာကိုပေါ့။ မကြာပါဘူး ရဲတွေဝင်စစ်လို့ ကိုးရီးယားလင်မယား ရောင်းတဲ့ အိတ်အတုအားလုံးကို သိမ်းဆည်းသွားပါတယ်။ အမှုဖြစ်မဖြစ် မသိရပါဘူး။ ဒါမှမဟုတ် တခြားတနေရာ တခြားမြို့ရဲ့ ပျံကျစျေးတစ်ခုမှာ ဆက်ပြီးရောင်းနေတာလည်း ဖြစ်နိုင်ပါတယ်။
ရိုက်စားလို့ကောင်းတဲ့ နာရီဓာတ်ခဲများ
ပျံကျစျေးသည်ဘဝမှာ အမှတ်အရဆုံး အရာများထဲမှတစ်ခု ဖြစ်ပါတယ်။ နာရီ နဲ့ ဦးထုပ်တင်မကပါဘူး ကျနော်က နာရီဓာတ်ခဲလည်းရောင်း၊ ဓာတ်ခဲလဲပေးပါတယ်။လက်ပတ်နာရီအဟောင်း (ကျား/မ ပတ်) လေး ငါးလုံး ယူလာပြီး 'ဓာတ်ခဲ လဲပေးပါ'ဆိုတဲ့ မက္ကဆီကန်လူမျိုးနဲ့ မကြာခဏတွေ့ရပါတယ်။
ဓာတ်ခဲမလဲခင် နာရီအဖုံးဖွင့်တပ်ဖို့၊ လိုအပ်တဲ့ကိရိယာများနဲ့ ဓာတ်ခဲအမျိုးအစားနဲ့ နံပါတ်များကိုလည်း လေ့လာမှတ်သားရပါသေးတယ်။ ဈေးရောင်းဖော်ရောင်းဖက် ဖန် ရဲ့ ကျေးဇူးကြောင့်ပဲ သူ့ဆီက သင်ကြားခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကျနော့်ဆီမှာ နာရီနဲ့ပတ်သက်တဲ့ ကိရိယာမျိုးစုံ၊ ဒိုင်ခွက်အဖုံးဖွင့်စက်၊ နာရီကြိုးဖြုတ်တပ်သည့် ကိရိယာ နဲ့ ဆက်စပ်ပစ္စည်းမျိုးစုံ စုဆောင်းမိခဲ့ပါတယ်။
ပထမဆုံးအကြိမ် နာရီဓာတ်ခဲလဲသည့် အတွေ့အကြုံကို ယနေ့ထိ မှတ်မိပါတယ်။ ဧည့်သည်တစ်ယောက် ဓာတ်ခဲလဲဖို့ နာရီတစ်လုံး လာအပ်သွားတယ်။ နာရီအဖုံးဖွင့်ပြီး ဓာတ်ခဲကို ဖန် သင်ကြားပေးတဲ့အတိုင်း ဇာဂနာတစ်ချောင်းနဲ့ ကန့်လန့်ပြီး ယူထုတ်ရမှာကို အားထည့်တာ အနည်းငယ်များသွားတော့ ဓာတ်ခဲက လွှင့်ထွက်သွားတယ်။ ဘယ်ကျသွားမှန်းမသိ၊ လိုက်ရှာလို့လည်းမတွေ့ ဖြစ်သွားတော့ "အဲဒါမှကျွိင်ဖဲ" ခေါင်းရောကိုယ်ရော ချွေးပြန်သွားတယ်။
ဓာတ်ခဲမှာ အရွယ်အစား၊ ဆိုက်၊ နံပတ်တွေ အမျိုးမျိုးရှိကြတယ်။ ဥပမာ 339, 317, 319, 395, CR1216, CR2025, CR2430 စသဖြင့်ရှိကြတယ်။ ဓာတ်ခဲအဟောင်းက လွှင့်ထွက်သွားတော့ ဘာနံပတ်မှန်းမသိတော့ ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။ ကြံလို့မရအဆုံး ဖန် ကို ကောက်ဖုန်းဆက်၊ အကျိုးအကြောင်းရှင်းပြ၊ သူကလည်း စျေးရောင်းနေရင်းတဖက် ရှင်းပြပါတယ်။ နာရီအမျိုးအစား နဲ့ ပုံစံကိုပြောပြပြီး သူက ဘယ်နံပတ် ဓာတ်ခဲနဲ့ အရွယ်တော်မတော် ထည့်စမ်းကြည့်ခိုင်းတော့ နောက်ဆုံး အဆင်ပြေသွားပါတယ်။ ဓာတ်ခဲဖိုးနဲ့လဲခ ၅ ဒေါ်လာပဲ ယူလိုက်ပါတယ်။ တကယ်တော့ ဝယ်ရင်း ဓာတ်ခဲတစ်လုံးမှ ၁၅ - ၂၀ ပြားလောက်ပဲရှိပါတယ်။
လက်ကားဒိုင်မှာ လက်ပတ်နာရီ ဓာတ်ခဲများက ဆိုနီ စသဖြင့် တံဆိပ်အမျိုးမျိုးနဲ့လာပါတယ်။ မည်သည့်တံဆိပ်ဖြစ်ဖြစ် ဓာတ်ခဲတစ်လုံးကို (ကျနော်မှတ်မိသလောက်) ဒေါ်လာ ပြား ၅၀ ထက် မကျော်ပါဘူး။ သို့ပေမဲ့ ပျံကျစျေးမှာ ကျနော်တို့က နာရီအမျိုးအစားကိုကြည့်ပြီး ၃ - ၅ ဒေါ်လာ အထိ တောင်းလို့ရပါတယ်။ ရှော့ပင်းကုန်တိုက်ကြီးမှာတော့ ဓာတ်ခဲလဲခ အနည်းဆုံး ၁၅ ဒေါ်လာ ယူပါမယ်။ ပြား ၂၀ ပြား ၃၀ တန် ဓာတ်ခဲတွေ အတူတူပဲ ဖြစ်ပါတယ်။ လက်ပတ်နာရီ သားရေကြိုးလည်း ဒီအတိုင်းပါပဲ ၃ - ၅ ဒေါ်လာခန့်နဲ့ လက်ကားဆိုင်မှာဝယ်ပြီး ၁၀ -၁၅ ဒေါ်လာနဲ့ ပြန်ရောင်းရပါတယ်။
တဖြည်းဖြည်းနဲ့ နာရီဓာတ်ခဲလဲတာ၊ နာရီကြိုးလဲတာ၊ ကြိုးအတိုအရှည် ညှိပေးတာ ချိန်ပေးတာ အလုပ်ကပဲ သင်ပေးရင်း ပျံကျဈေးကျွမ်းကျင်အဆင့် ရောက်သွားခဲ့ပါတယ်။
ပျံကျဈေးအတွေ့အကြုံမှတဆင့် ကုန်ပစ္စည်းတစ်ခုရဲ့ ရင်းမြစ် နဲ့ မူလစျေးနှုန်းကို နားလည်သွားတဲ့အခါမှာ ရှော့ပင်းမောမှာ (အထူးဈေးလျော့ချိန်မှာလွှဲလို့) ဈေးဝယ်သည့် အလေ့အထ နည်းသွားပါတယ်။
ဦးထုပ်အကြောင်း နာရီအကြောင်း (၃) ဆက်ပါအုံးမည်။
ကျေးဇူးတင်ပါသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar