နေသွင်ညိဏ်း - အချိန်ယန္တရား၊ အမှားသံသရာ
နေသွင်ညိဏ်း - အချိန်ယန္တရား၊ အမှားသံသရာ
(မိုးမခ) ဒီဇင်ဘာ ၂၈ ၊ ၂၀၂၃
‘အတိတ်မေ့ရောဂါ စွဲနေတဲ့လူမျိုးဟာ အတိတ် အမှားထဲမှာ သေမိန့်ကျရမယ့် လူမျိုး ဖြစ်တယ်။
ပါမောက္ခ ဂျော့ချ် စန်တာယာနာ ( ၁၈၆၃-၁၉၅၂)
နှစ်ကုန်ခါနီးတော့ အချိန် ယန္တရားအကြောင်းကို စဉ်းစားမိတယ်။ ပြီးတော့ သိပ္ပံရုပ်ရှင်တွေထဲကလို အချိန်ကို နောက်ပြန်လှည့်လို့ ရရင် ဘယ်ခုနှစ်အနားထိ ပြန်လှည့်သွားရင်ကောင်းမလဲလို့ စိတ်ကူးကြည့်တယ်။
တာရာမင်းဝေရဲ့ နာမည်ကြီး 'ကျောင်းဖွင့်ချိန်' ကဗျာမှာ ကိုအောင်ဆန်းတို့ မီးဒုတ်ကျောင်းသားတွေကို အသက်ပြန်သွင်းထားတယ်။ ဟစ်တလာဟာ သူ့ပါးစပ်ထဲကနေ မြေဖြူခဲတွေ ထုတ်ပြီး ကျောင်းသင်ပုန်းမှာ ‘ကျောင်းဖွင့်ပြီ’ ဆိုတဲ့ စာသားကို ရေးတယ်။ ကိုအောင်ဆန်းတို့အုပ်စုတွေ ကျောင်းခန်းထဲကနေ တယောက်ပြီး တယောက် ဘွိုင်းကောက် ထွက်ခွာသွားကြတယ်။ ကဗျာထဲမှာ သမိုင်းထဲက သူရဲကောင်းတွေ အသက်ပြန်ရှင်နေတယ်။ အပြင်မှာ သူတို့ဝိညာဉ်တွေ ပြန်ရှင်သန်လာတယ်။
စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တွေမှာ သူရဲကောင်းတွေ သေဆုံးသွားတဲ့အခါ မသေတဲ့ သူရဲကောင်းတယောက်က သူ့ရဲဘော်တွေကို ကယ်ဖို့ အတိတ်ကို ပြန်သွားခဲ့တယ်။ တရားမျှတမှုနဲ့ လောကကြီးကို ကယ်ဖို့ သူ့ကိုယ့်သူ စတေးတဲ့ နောက်ဆုံးနည်းလမ်းတခုပါပဲ။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျနော်တို့ဟာ စိတ်ကူးယဉ်ရုပ်ရှင်ထဲကလို ဒီနည်းကို မသုံးနိုင်ကြပါဘူး။
ကျနော် ဆက်၍ရေးချင်သောဝတ္ထုများ ထဲမှာ စာရေးသူ (ဆရာမြသန်းတင့်) က သူနှစ်သက်တဲ့ ဇာတ်ကောင်တွေနဲ့ စကားပြောခဲ့တယ်။ ဒါက အတိတ်ကို ပြန်သွားခြင်း တမျိုးပဲလို့ ကျနော် ထင်တယ်။ အနည်းဆုံးတော့ ကျနော်တို့ဟာ ကိုယ့်ရဲ့ သူရဲကောင်းတွေရဲ့ စိတ်နေစိတ်ထားတွေနဲ့ မိမိကိုယ်ကိုယ် ပြန်ပြီး အားသစ်စေနိုင်ကောင်းပါတယ်။ ‘ဓား’ ဝတ္ထုထဲက ဇာတ်ကောင်က သူဝသီအတိုင်း ‘ရန်သူကို လက်စားချေ’ လို့ ပြောပြီး အမှောင်ကြားထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။
ရှုပ်ထွေးတဲ့ ရူပဗေဒ သဘောတရားတွေအရ အလင်းရဲ့ အလျင်ထက် လျင်မြန်တဲ့ နှုန်းနဲ့ ခရီးသွားနိုင်ရင် အတိတ်ပြန် ရောက်သွားနိုင်ပါတယ်တဲ့။ ဒီလိုဆိုရင် ကျနော်တို့ သာယာဝပြောတဲ့ ပုဂံခေတ်ဆီကို ပြန်သွားမလား။ ဒါမှမဟုတ် ရှင်ဘုရင်အစ စာပေ အနုပညာနဲ့ ပျော်မွှေ့တဲ့ အင်းဝ၊ တောင်ငူခေတ်အထိ ပြန်သွားမလား။ ကံဆိုးလို့ သက္ကရာဇ် အနည်းငယ် လွဲချော်သွားခဲ့ရင်တော့ လူလူချင်း သတ်ဖြတ်ညှဉ်းဆဲ၊ ညီအစ်ကိုချင်းသတ်၊ အဖေက သားကို သတ်တဲ့ ခုနှစ်တွေဆီလည်း ပြန်ရောက်သွားနိုင်ပါတယ်။ ဘာလို့ဆို မြန်မာ့သမိုင်းမှာ ငြိမ်းချမ်းတဲ့ခေတ်ဆိုတာ ကြုံတောင့်ကြုံခဲမဟုတ်လား။
ကျနော်တို့ နေထိုင်နေတဲ့ ခေတ်ကရော ဘာထူးဦးမလဲ။ တခါတလေ အခု ကျနော်တို့ ရောက်နေတဲ့ ခေတ်ဟာ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျတဲ့ အတိတ်ခေတ်တခေတ်လား ဆိုတာ သိပ်မသဲကွဲဘူး။ သေချာတာက ၂၀၂၁ ဇန်နဝါရီလ ၃၁ ည မှာ ကျနော် အိပ်ပျော်သွားခဲ့ပြီး ပြန်နိုးလာတဲ့အခါ အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ၊ ရုပ်မြင်သံကြားစက်တွေ ဖွင့်မရတော့ဘူး။ အဲဒီကတည်းက ကျနော်တို့ဟာ ပုဂံရာဇဝင်ထဲက အလောင်းစည်သူရဲ့သားတော် နရသူမင်း လိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ မင်းအုပ်ချုပ်တဲ့ အတိတ်ခေတ်တခေတ်ကို ပြန်ရောက်သွားတာပါပဲ။
နရသူဟာ သူ့အဖေကို သတ်တယ်။ အစ်ကိုဖြစ်သူကို အဆိပ်ခတ်တယ်။ သာသနာပိုင်ကိုလည်း သူ့ နိုင်ငံရေးလိုဘအတွက် အသုံးချတယ်။ ကောက်ကျစ်စဉ်းလဲတဲ့ မင်းကို ပြည်သူတွေက ရွံမုန်းကြတယ်။ နောက်ဆုံးမှာ နန်းတွင်းမှာပဲ တိုင်းတပါးက လာလုပ်ကြံတာ ခံရပြီး အမိုက်ဇာတ်သိမ်းခဲ့ရတယ်။ ဒီလို မင်းဆိုးမင်းညစ်အတွက် ဘယ်ပြည်သူမှ ဝမ်းနည်းပူဆွေးတယ်လို့ မှတ်တမ်းမရှိဘူး။ ပုဂံခေတ်ဗိသုကာတွေကို ချီးကျူးကြတဲ့ နိုင်ငံခြားသား သမိုင်းဆရာတွေပင်လျှင် နရသူ တည်ခဲ့တဲ့ ဓမ္မရံကြီးဘုရားကို ကျက်သရေကင်းမဲ့လှတယ်လို့ ဆိုကြတယ်။
လူ့သမိုင်းရဲ့ ဖြစ်ပေါ်တိုးတက်မှုဆိုတာ လူအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ရလဒ်ပဲ။ တိရစ္ဆာန်တွေဟာ လူတွေလောက် ပူးပေါင်းဆောင်ရွက်တာကို မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် တိရစ္ဆာန်ရုံထဲက ကျားတွေ၊ ခြင်္သေ့တွေ၊ ဓာတ်ခွဲခန်းထဲက ဖားတွေ၊ ကြွက်တွေ ဖြစ်ကြရတာပါပဲ။ လူချင်းအတူတူ ပိုပြီး ပူးပေါင်းဆောင်ရွက်တတ်တဲ့လူတွေနဲ့ ထစ်ခနဲရှိ ဒုတ်ဆွဲ ဓားဆွဲ လုပ်တတ်တဲ့ လူတွေကြားမှာလည်း ခြားနားပါတယ်။ ဒီလိုနဲ့ သွေးချင်းသားချင်း ညီရင်းအစ်ကိုတွေကို သတ်၊ အလောင်းတွေကို လှေကားလုပ်၊ သွေးရည်နဲ့ ဘိသိက်သွန်းခဲ့ ရာဇဝင်ထဲက သီပေါနဲ့ မိဖုရားဟာ နောက်ဆုံးမှာ ကြက်ကလေး ငှက်ကလေးလို ဖမ်းဆီးတာ ခံလိုက်ရပါတယ်။ ကိုယ့်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို ငြင်းပယ်ခဲ့တဲ့ ရလဒ်ဟာ မိမိထက် ပိုစည်းလုံးတဲ့ တိုင်းတပါးသားရဲ့ ကျွန်ဘဝမှာ လမ်းဆုံးသွားရပါတယ်။
သေချာပါတယ်။ ကျနော်တို့ အတိတ်ကို ပြန်သွားလို့မရပါဘူး။ ဒါပေမဲ့ အတိတ်က သင်ခန်းစာတွေရှိပါတယ်။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့က အတိတ်ဆန်တဲ့ အိမ်အိုတလုံးထဲမှာ ‘အနာဂတ်ကိုဖန်တီးဖို့အတွက် အတိတ်ကို သိထားရမယ်’ ဆိုတဲ့ စာသားကပ်ထားတယ်။ ဒုတိယကမ္ဘာစစ်တုန်းက နာဇီတပ်တွေက မြို့ကိုသိမ်းပြီး ဂျူးတွေကို နှိမ်နင်းခဲ့တဲ့အချိန်၊ ဆယ်ကျော်သက်အရွယ် အန်ဖရန့်နဲ့ သူတို့မိသားစုဟာ ဒီအိမ်ရဲ့ အမှောင်ခန်းထဲမှာ ပုန်းအောင်းနေခဲ့ကြပါတယ်။ အတိတ်ကိုသင်ခန်းစာယူတဲ့ ဂျာမနီနဲ့ ဂျပန် တို့ဟာ ဒုတိယကမ္ဘာစစ်အလွန်မှာ ခေတ်မီတိုးတက်တဲ့ နိုင်ငံတွေကို ပြန်တည်ဆောက်နိုင်ခဲ့ကြပါတယ်။
တခါက ကြွက်တွေနဲ့ စမ်းသပ်မှုတခုကို ဗီဒီယိုကလစ်တခု ကြည့်ခဲ့ဖူးတယ်။ အဝိုင်းပုံဗန်းလေးတခုထဲမှာ အစာထည့်ထားပြီး ကြွက်တကောင်ရဲ့ အလေးချိန်ကို ဝန်မခံနိုင်အောင် တပ်ဆင်ထားတယ်။ အစာကို ဘေးဘောင်ပေါ်ကနေ စားရင်း အားမရဘဲ ဗန်းပေါ်တက်မိသွားတဲ့ ကြွက်ဟာ ပြန်တက်ဖို့ လမ်းမရှိတဲ့ အောက်ဘက်က ထောင်ချောက်ထဲ ဗြုန်းဆို ကျသွားရပါတယ်။ ဒီစမ်းသပ်မှုမှာ ဒါဇင်နဲ့ ချီတဲ့ ကြွက်တွေအားလုံးဟာ တကောင်ပြီး တကောင် ထောင်ချောက်ထဲ ကျကုန်ပါတယ်။ သူတို့ဟာ ရှေ့က ကြွက်တွေဆီက သင်ခန်းစာမယူကြဘူး။
လူတွေအတွက် လင်ဗန်းထောင်ချောင်တွေကတော့ ကြွက်ထောင်ချောက်တွေထက်တော့ ပိုရှုပ်ထွေးနိုင်ပေမယ့် သဘောတရားကတော့ အတူတူပါပဲ။ ပလွေသံနောက် လိုက်သွားကြတဲ့ ကြွက်တွေ ပင်လယ်ထဲ ရောက်သွားတဲ့ ပုံပြင်ဟာ လူတွေအတွက်လည်း မထူးပါဘူး။ ကွာခြားတာက လူတွေအတွက် ပလွေသံကတော့ ပိုပြီး ဖမ်းဆုပ်ရခက်တဲ့၊ သို့မဟုတ်ပိုပြီး ယုတ္တိယုတ္တာအပေါ်မှာ တည်ဆောက်ထားတဲ့ အဓိပ္ပာယ်တွေ၊ ဇာတ်လမ်းတွေ၊ ပိုပြီး နားဝင်ပီယံရှိတဲ့ တေးသွားတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒီလိုနဲ့ပဲ ဟစ်တလာလို ခေါင်းဆောင်အတွက် အသက်ပေးဝံ့တဲ့ ဂျာမန်လူငယ် ထောင်ပေါင်းများစွာရှိခဲ့တာပါပဲ။ မျက်မှောက်သမိုင်းအထိ ဒီလိုအဖြစ်အပျက်တွေက ခေတ်မီနေသေးတယ်။ စစ်ပွဲတွေဆိုတာ ဘယ်နတ်ဘုရားမှ ဖန်ဆင်းထားတာ မဟုတ်ပါဘူး။ လူတွေကိုယ်တိုင် ရှုပ်ရှုပ်ထွေးထွေး သဘောတရားတွေ၊ အယူဝါဒတွေ၊ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ဖန်တီးထားတဲ့ ထောင်ချောက်တွေပါပဲ။
ကြွက်တွေကို ထောင်ချောက်ထဲ ထည့်တမ်း ကစားနေတဲ့ လူသားဟာ မိမိတို့ရဲ့ ကိုယ်ပိုင်ထောင်ချောက်တွေကိုလည်း သတိမေ့လျော့မနေဖို့ တော့ လိုပါတယ်။ ကြားနေရတဲ့ ပုလွေသံတွေကို ခွဲခြားစိတ်ဖြာကြည့်ရပါမယ်။ သွေးသံတရဲရဲ အတိတ်ဟာ ဒဏ်ရာဟပြဲရှိပါသေးတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar