Breaking News

စစ်ပွဲနဲ့ အဓမ္မစစ်ထဲ ဆွဲသွင်းခံရတာကြောင့် တိုင်းပြည်က ထွက်ခွာနေကြရတဲ့ မြန်မာနိုင်ငံ

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၉ မြင်ကွင်း

မိုးမခ၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅

စစ်ပွဲနဲ့ အဓမ္မစစ်ထဲ ဆွဲသွင်းခံရတာကြောင့် တိုင်းပြည်က ထွက်ခွာနေကြရတဲ့ မြန်မာနိုင်ငံ

သယံဇာတ ပေါများတဲ့ နိုင်ငံ၊ စိုက်ပျိုးမြေ အများအပြားရှိပြီး ရာသီဥတုမျှတကာ ရေအရင်းအမြစ်လည်း အများအပြားရှိတဲ့နိုင်ငံ ၊ လုပ်သားအင်အား လုံလောက်မှုရှိပြီး မြေနဲ့ လူဦးရေအချိုးအစား နှိုင်းယှဥ်ကြည့်ရင် လူဦးရေထက် မြေအကျယ်အဝန်းက ပိုမိုများပြားတဲ့ နိုင်ငံက လူငယ်တွေ၊ အလုပ်လုပ်နိုင်တဲ့ သူတွေ၊ ပညာနဲ့ အသက်မွေးဝမ်းကျောင်း အတတ်ပညာ ကျွမ်းကျင်သူတွေနိုင်ငံကနေ နည်းလမ်းအသွယ်သွယ်နဲ့ ထွက်ခွာနေတဲ့ နိုင်ငံတွေအထဲမှာ မြန်မာလည်း ပါဝင်နေပြီ ဖြစ်ပါတယ်။ အာဖရိကတိုက်က စစ်ပွဲတွေ လက်နက်ကိုင် ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့ ဆိုမာလီ၊ လစ်ဗျား၊ အရှေ့အလယ်ပိုင်းက ဆီးရီးယားနိုင်ငံတို့လိုပဲ မြန်မာနိုင်ငံကလည်း လူဦးရေ သိန်းသန်းချီ နိုင်ငံကနေ ထွက်ခွာကာ အိမ်နီးချင်းနိုင်ငံနဲ့ အခြားနိုင်ငံတွေမှာ ရတဲ့အလုပ်လုပ်ကိုင် နေထိုင်နေကြရပါတယ်။ 

ပြည်ပမှာ အလုပ်အကိုင် အခြေကျတဲ့အခါ မြန်မာနိုင်ငံထဲမှာ ကျန်ခဲ့တဲ့ မိသားစုကို ပြန်လည်ထောက်ပံ့ဖို့ ရည်ရွယ်ထားကြပေမယ့် လူတိုင်းတော့ လွယ်လွယ်နဲ့ အခြေမကျနိုင်ကြပါဘူး။ တရားဝင်နည်းလမ်းနဲ့ ထွက်ခွာဖို့ တတ်နိုင်သူတွေလည်း ရှိပေမယ့် မြန်မာနိုင်ငံသား အများအပြားက တရားဝင်လမ်းကြောင်းကနေ သွားရောက်နိုင်ကြတာ မဟုတ်လို့ နယ်စပ်ကို ဖြတ်ကျော်ပြီး အလုပ်အကိုင် ရရှိနိုင်တဲ့နေရာဒေသတွေကို အသက်အန္တရာယ်ကြား ငွေကြေးအကုန်အကျခံပြီး သွားရောက်နေကြတာ ဖြစ်ပါတယ်။ 

စစ်မှုထမ်းဥပဒေကို အသက်မသွင်းမီကတည်းက နိုင်ငံကနေ ထွက်ခွာသူတွေ သိန်းနဲ့ ချီရှိနှင့်ပြီးဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ နယ်မြေ မတည်ငြိမ်တဲ့ အနေအထား၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ထွက်ခွာသွားကြတာတွေက အလုပ်အကိုင် အခွင့်အလမ်း ကျဆင်းစေသလို လက်နက်ကိုင်ပဋိပက္ခတွေထဲ လူငယ်တွေ စုဆောင်းခံရတဲ့ အဖြစ်ကြောင့်လည်း မိဘတွေက ၄င်းတို့ရဲ့ သားသမီးတွေကို ပြည်ပမှာ နေထိုင် လုပ်ကိုင်ဖို့ ထွက်ခွာစေတာမျိုးလည်း ဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေ အသက်မသွင်းခင်က စစ်သားစုဆောင်းခံရတဲ့ နယ်မြေဒေသတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်တဲ့ အချို့ သောဒေသတွေမှာ ဖြစ်ပွားနေခဲ့တာပါ။ ဥပမာအားဖြင့် PNO/PNA ပအို့ဝ် လက်နက်ကိုင် ထိန်းချုပ်ဒေသ၊ ရှမ်းလက်နက်ကိုင် တပ်ထိန်းချုပ်ဒေသတွေ ဖြစ်ပါတယ်။ ယမန်နှစ်ကတော့ အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တဲ့နောက် သီတင်းပတ် အနည်းငယ်အတွင်း နိုင်ငံအနှံ့အပြားမှာ စစ်မှုထမ်းစတင်စုဆောင်းတာတွေ ဖြစ်လာခဲ့တာပါ။ 

အဆိုပါ ဥပဒေ အသက်ဝင်ကာ တလ လူ ၅ထောင်နှုန်းနဲ့ စစ်မှုထမ်း စုဆောင်းလာတဲ့နောက်မှာတော့ နိုင်ငံထဲက ထွက်ခွာသူ ထပ်မံမြင့်တက်လာခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မုံရွာ၊ ပုသိမ်၊ မော်လမြိုင်တို့လို မြို့တွေမှာ နေထိုင်နေကြသူတွေလည်း စစ်ထဲ ဆွဲသွင်းခံရမယ့် အန္တရာယ်စတင်ရင်ဆိုင်လာကြရတာပါ။ 

အစပိုင်း တလ၊ နှစ်လလောက်ကတော့ လိုအပ်တဲ့ အရေအတွက်အတွက် ရပ်ကွက်၊ ကျေးရွာအစုလိုက် ငွေပေးပြီး လူစားထိုးစုဆောင်းတာတွေ အလုပ်ဖြစ်ခဲ့ပေမယ့် လအနည်းငယ်ကြာပြီးနောက်မှာ ငွေစုပေးပြီး စစ်သားစုဆောင်းတဲ့ဆီ လိုက်ဖို့သူတွေ မရနိုင်တော့တဲ့ အနေအထားကို ရောက်ရှိလာပါတယ်။ ငှားလို့ရမယ့် အနေအထားရှိခဲ့ရင်လည်း စတင်ခါစလတွေလို ၁၀ သိန်း၊ သိန်း ၂၀ ဝန်းကျင်နဲ့ လူစားငှားနိုင်တဲ့ အခြေအနေမဟုတ်တော့ဘဲ သိန်း ၅၀၊ ၆၀ ကနေ သိန်း ရာဂဏန်းနားအထိ ရောက်လာခဲ့ပါတယ်။  အဲဒီနောက်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စတင်ခါစထက်ကို အတင်းအဓမ္မစုဆောင်းလာတဲ့ အနေအထားရောက်လာသလို စစ်သားစုဆောင်းဖို့အတွက် ခရီးသွားလာတဲ့ ကားလမ်းတွေက စစ်ဆေးရေးဂိတ်၊ မြို့တွေမှာ ညဘက် သို့မဟုတ်တခါတရံ ညမရောက်ခင်အချိန်မှာပင်လျင် ဆွဲတင်သွားတဲ့ အဖြစ်တွေ ကြုံလာကြရတာ ဖြစ်ပါတယ်။ ဖမ်းဆီးသူတို့ စစ်ထဲ ဆွဲထည့်ခံရတာမဟုတ်ဘဲ ငွေယူပြီး ပြန်လွှတ်သူ အချို့ကို မှောင်ရိပ်ခိုမှုလို သက်ဆိုင်ခြင်းမရှိတဲ့ ပုဒ်မတွေနဲ့ ထောင်ချတာမျိုးတွေ ဖြစ်လာခဲ့တာပါ။ 

ဒီအခြေအနေတွေက နိုင်ငံတွင်းက လူငယ်တွေကို ဖြစ်တဲ့နည်းနဲ့ ပြည်ပထွက်ခွာဖို့ ဖိအား ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် စုဆောင်းခံရသူတွေ အနေနဲ့ ဘယ်လို လေ့ကျင့်စေပြီး ဘယ်နေရာတွေမှာ တိုက်ခိုက်စေသလဲဆိုတာနဲ့ ပတ်သက်လို့လည်း လူအများ တဖြည်းဖြည်း သိရှိလာကြရတာဖြစ်ပါတယ်။ စုဆောင်းခံရသူတွေ အနေနဲ့ လအနည်းငယ် သင်တန်းတက်စေပြီး ရှေ့တန်းစစ်မျက်နှာကို စေလွှတ်ခြင်း ခံရပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့ ရခိုင်၊ ကရင်၊ ကချင်ပြည်နယ်တို့လို ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်မှုထမ်းစုဆောင်းခံရသူ တိုက်ပွဲအတွေ့အကြုံ မရှိသေးသူတွေ အများစုကို ပါဝင် တိုက်ခိုက်စေတယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် စစ်မှုထမ်းဆွဲသွင်းခံရတဲ့ အနေအထားက အသက်ဆုံးရှုံးနိုင်ခြေ ၅၀ ရာနှုန်းအထက်မှာ ရှိလာနေတာလည်း ဖြစ်ပါတယ်။ ဆက်တိုက် အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေ ဒေသတွေမှာ စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရသူတွေကို စေလွှတ်အားဖြည့်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ခုရက်ပိုင်းအတွင်း သတင်းထဲမှာ မြန်မာနိုင်ငံသား ၁၀၀ ကျော် ထိုင်းနိုင်ငံမှာ တရားမဝင် ခိုးဝင်မှုနဲ့ ဖမ်းဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။ မွန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကန်ချနဘူရီခရိုင်မှာ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို ၄င်းတို့ကို ငွေကြေးယူပြီး ခေါ်ဆောင်လာတဲ့ လူမှောင်ခိုပွဲစားတွေက စွန့်ပစ်ထားခဲ့တဲ့နောက် ထိုင်းရဲရဲ့ ဖမ်းဆီးတာ ခံကြရတဲ့ အကြောင်းနဲ့ အများစုက စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာပြီး ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှာ အလုပ်လုပ်ဖို့ ရည်ရွယ်ပြီး လာရောက်ကြတာလို့ သတင်းမှာ ဆိုထားပါတယ်။ 

အခုလို ထိုင်းနိုင်ငံ ရဲ နဲ့ လူဝင်မှုကြီးကြပ်ရေး ရဲ့ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံဘက် ပြန်ပို့တဲ့အခါ စစ်ကောင်စီရဲ့ လက်ထဲ တန်းတန်းမတ်မတ် ရောက်ရှိသွားကာ စစ်သား စုဆောင်းခံရမယ့် အန္တရာယ်က ပိုကြီးမားနေတာလည်း ဖြစ်ပါတယ်။ ရှေ့မှာလည်း အလားတူ ဖြစ်ရပ်တွေ ရှိနေနှင့်ပြီးဖြစ်လို့ စစ်ထဲ ဆွဲသွင်းခံရမယ့်အရေး တိမ်းရှောင်ကာမှ စစ်ကောင်စီလက်ထဲ ရှောင်ထွက်မရအောင် ကျဆင်းရမယ့် အန္တရာယ်နဲ့ ကြုံကြရမယ့် အခြေအနေမျိုးဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက လူငယ်တွေရဲ့ အနာဂတ်က ပညာကောင်းမွန်စွာ သင်ကြားနိုင်မယ့် အခွင့်အလမ်းမျိုး မရရှိကြတဲ့ အပြင် ပြည်တွင်းစစ်ထဲ အဓမ္မစုဆောင်းခံကြရမယ့် အဖြစ်ကနေ ရှောင်တိမ်းဖို့ မလွယ်ကူတဲ့ အနေအထားကို တဖြည်းဖြည်း ရောက်ရှိလာနေကြပြီး နေ့စဥ် သတင်းတွေထဲ ပြည်တွင်းမှာ ဖမ်းဆီးစုဆောင်းခံရတဲ့ သတင်းနဲ့ ပြည်ပမှာ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရတဲ့ သတင်းတွေက နေ့စဥ် ဖြစ်နေကျ အဖြစ်အပျက်သဖွယ် ဖြစ်လာနေတာလည်း တွေ့မြင်ကြားသိနေကြရပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar