Breaking News

လေခဏီ - လွမ်းလို့ မှန်းလို့

လေခဏီ - လွမ်းလို့ မှန်းလို့

(မိုးမခ) ဒီဇင်ဘာ ၂၉ ၊ ၂၀၂၃


ရွှေဘိုအနောက်ဘက်က ဆိပ်ခွန်က စလို့ ရက်ကန်းရက်တဲ့ရွာတွေ အကုန်မီးတိုက်ခံရတော့ ကချင်ထည်တွေ ဖောဖောသီသီ ထွက်ဖို့လည်း ခက်ရော့မယ်။ တကယ်တော့ အဲဒီရွာတွေဟာ အညာ ကချင်လန်းပါပဲ။

သနပ်ခါး မှာထားတဲ့ ကရင်မလေးအတွက်လဲ အရာတော်မှာ ရွှေဘိုသနပ်ခါးခြံတွေ ကျန်သေးလားမသိ။ ရှင်မတောင်ရော ရှိအုံးမလား။ တနေ့တော့ ပို့ပေးနိုင်ပါမယ်။

ရွာက မီးထဲ ပါသွားပြီဆိုတော့ ရွာဒိုးသံတော့ ကြားဖို့ မလွယ်တော့ဘူး။ ဒိုးဆရာလဲ ဒိုးသွားပြီဆိုတော့လေ။ နတ်ဒိုးနဲ့တော့ မြူးမြူးကြွကြွ ကချင်သေး။

အင်း အလှူဆိုင်း။ ဆိုင်းသံကို ကြားချင်တာပေါ့။ ကိုယ့်အလှူမှာ ဆွေမျိုးတွေ ဆုံဦးမလား။ ကျန်တဲ့အမျိုးတွေက ဘာစကားတွေ ပြောကြမှာလဲ။ ဘုန်းဘုန်းတို့ရော ဘာတရားတွေ ဟောကြမလဲ။ ဗြောက် ဖောက်နေကြမှာလား၊ တောက် ခေါက်နေကြမှာလား။ သူငယ်ချင်းတွေရော၊ တမြေတည်းနေ တရေတည်းသောက် တကျောင်းတည်းပေါက်တို့ရေ၊ မျက်နှာချင်းဆိုင် ပစ်ခဲ့ရတဲ့ ကျည်ဆန်တွေ ဘယ်နည်းမလဲ။ ငါ့အလှူ ဖိတ်ရင် မင်းက လာမှာလား။ မင်းကရော ဘယ်မှာလဲ။ ဗျိုးဟစ်လို့တော့ မင်းတို့ကြားတော့မှာ မဟုတ်ဘူး။ ဖိတ်စာအတွက် လိပ်စာ လိုလာတော့မှာပေါ့လေ။

စကားမစပ် စစ်ကြီးပြီးရင် ဖက်ဒရယ်ယူနစ်တွေမှာ ဒို့အညာက တမာယူနစ်၊ မန်ကျည်းယူနစ်၊ ထနောင်းယူနစ်၊ ကုက္ကိုယူနစ်လို့ ခွဲကြမလား။ ဘာပဲဖြစ်ဖြစ် အရိပ်ကောင်းပါတယ်။ မှေးမှိတ်အိပ်စက်လို့ ရတာချည်းပါပဲ။ ရွာမှာ ဘယ်အိမ် ဘယ်ကျောင်း ဘယ်ဘုရားက ဘယ်အပင်ရိပ် အိပ်အိပ် ရသလို နိုးလာရင် ဟဲ့ ကောင်လေး ထမင်းစားသွားလေလို့ ပြောဦးမှာပဲ မဟုတ်လား။

သူတို့ကရော ဧရာယူနစ်၊ ချင်းတွင်းယူနစ်၊ ပင်လယ်ယူနစ်၊ ရိုးမယူနစ်၊ တောင်တန်းယူနစ်လို့ ဖြစ်ကြမလား။ ဘာဖြစ်ဖြစ် ဖြစ်ပေါ့၊ ပန်းတိုင်းပွင့်ကြ။ ပန်းတွေ လှဖို့ ကိုယ့်နေရာလေးကို ပီပီပြင်ပြင် ကြည်ကြည်လင်လင် ပျိုးထောင် စိုက်ပျိုးကြတာပ။ ကိုယ်စီအလှတွေ ဝေလာတော့ စည်းရိုးတံခါးတွေ ဖွင့်ထားကြတာပေါ့။

မြန်မာ့မတော်တဲ့တပ် မရှိတော့ရင် စစ်တပ် ဆိုတာတွေ မလိုတော့ဘူးလေ။ သူ့ကို အမြစ်ဖြုတ်ဖို့ ထောင်ခဲ့ကြတာ ဆိုတော့ ဒင်းမရှိရင် မင်းမလို ငါ မပါရုံဘဲလေ။

စစ်စရိတ် မှန်သမျှ ကိုယ့်မြေ ကိုယ့်ရေ လှဖို့၊ ကိုယ့်ကလေးတွေ တောက်ပဖို့၊ ဘိုးဘိုး ဘွားဘွားတို့ သက်သက်သာသာ နားကြဖို့ အလှည့်ပေါ့။ ပြောစရာတွေကတော့ ချက်ကရီး တလှည့် ဆန်အရက်တခါ ထန်းရည်တမျိုး ခေါင်ရည်တချီ သဘောချင်းနှောတဲ့အထိ အလီလီ ပြောရုံပဲ မဟုတ်လား။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar