အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၉ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၉ )
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၂၃
8/12/23
Diary in the darkness
မိုင်းလား (အထူးဒေသ ၄) က သူငယ်ချင်း ဖုန်းဆက်တယ်။ လောက်ကိုင်က စစ်ရှောင် ငါးသောင်းကျော် ဝ ဒေသ (အထူးဒေသ ၂ ) ကိုဖြတ်ပြီး မိုင်းလားကို ရောက်နေတယ်။ လောက်ကိုင်အစိုးရနဲ့ ဒေသခံတွေက ကူညီကြတယ်။ ကိုယ်ပိုင်ကားတွေ၊ ကုန်တင်ကားတွေ အမြောက်အမြားနဲ့ ပြေးလာကြတာ။ စစ်ရှောင် ကုန်ကားတွေဆီက တောင်ကြီးထွက် ထောပတ်သီးကောင်းကောင်းတွေ ဈေးပေါပေါနဲ့ ဝယ်လို့ရနေတယ်။ တရုတ် ပို့မယ့် ထောပတ်သီးတွေလို့ သိရတယ်။ ငွေတတ်နိုင်သူ စစ်ရှောင်တွေက အခန်းငယ်ကလေးတွေ ငှားနေကြတယ်။ တချို့ ဟော်တယ်အခန်းတွေမှာ နေကြတယ်။ တရုတ်က လာအလုပ်လုပ်တဲ့ လောင်းကစားသမားတွေ တရုတ်ပြည် ပြန်ရတော့ ဟော်တယ် အခန်းတွေ အများကြီးလွတ်သွားတာပေါ့ ။ အဲဒီတော့ စစ်ရှောင်တွေအတွက် အဆင်ပြေသွားရော။ ကုန်ကားကြီးတွေအတွက်လဲ ရပ်စရာ ကွင်းကျယ်တွေ ရှိတယ်တဲ့။ အခုဆို စစ် ရှောင်ဈေးတန်းတောင် ဖြစ်နေပြီတဲ့။ အဲဒီမှာ စစ်ကောင်စီတပ် ရှိ၊ မရှိတော့ မသိရဘူး။ မြောက်ပိုင်း ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတိုက်ပွဲမှာ ဝ နဲ့ မိုင်းလား က ကြားနေတယ်လို့ ကြေညာထားတယ်။ တိုက်ရိုက်ဝင်မပါဘူး။ ဒါ ပေမဲ့ ညီနောင်သုံးဖွဲ့ကို ကူညီတာ လူတိုင်းအသိ။
သူငယ်ချင်းတွေဆီ နေ့တိုင်း ဘုရားပုံတော်ပန်းချီကားတွေ fb ကတဆင့် ပို့နေတဲ့ မိတ်ဆွေတစ်ယောက် ဒီမနက်တော့ အဆဲတွေ မိုးမွှန်အောင် ပို့လာတယ်။ မနက်က မီးမလာလို့ ထမင်းချက်ရတာ အဆင်မပြေ၊ အပြင်သွားစားဖို့ကျပြန်တော့ ကားက ဓါတ်ဆီကုန်။ ဓာတ်ဆီ သွားတန်းစီတော့ ကားတန်းက တစ်မိုင်လောက်ရှည်။ ရှေ့ကြားဖြတ်တဲ့ကားကို ဟွန်တီးပြီး မောင်းထုတ်ရသေး။ အရေးထဲ ဘက်ထရီကုန်လို့ ကားစက်နှိုးမရ။ ကားတွန်းဖို့ အိမ်ကလူတွေကို ဖုန်းနဲ့လှမ်းခေါ်ရ။ ဒေါသတွေ ပေါက်ကွဲ။ အဲဒီတော့ ဓာတ်ဆီတန်းစီနေတဲ့ ကားတန်းကို ဓာတ်ပုံရိုက်ပြီး အဆဲတွေ မျှဝေနေ။ ဆီပူလောင်နေကြသူများလို့ သူတို့ကိုယ်သူတို့ လှောင်ပြောင်နေကြတယ်။ တွေ့မြင်ရသူအပေါင်းက လဲ သာဓုခေါ်ကြ။ ဪ ဘဝ ဘဝ။ လျှပ်စစ်ကား အိပ်မက်မက်နေတဲ့ အရူးတစ်ယောက်ရဲ့လက်အောက်မှာ အသက်ရှင်နေရသူတွေရဲ့ဘဝ။
စစ်ကောင်စီက ဒေါ်လာဈေးထိန်းချုပ်မှု ကို လက်လွှတ်လိုက်တဲ့ သတင်း စစ်တပ်ထိန်းချုပ်ထားတဲ့သတင်းစာနဲ့ ရုပ်သံတွေက ဒီဇင်ဘာ ၅ ရက်နေ့က ဖော်ပြလာပါတယ်။
အဲဒီလုပ်ရပ်ဟာ စစ်တပ်ဟာ ဒေါ်လာစစ်မျက်နှာမှာ အလံဖြူလွှင့်လိုက်တာလို့ စီပွားရေးသမားတွေက သုံးသပ်ကြပါတယ်။ နေပြည်တော်က စစ်ဗိုလ်ချုပ်ကြီတွေရဲ့ ဒေါ်လာသန်းချီ ကိုယ်ကျိုးရှာမှုကြီးတွေ ဟိုးလေးတကျော် ပေါ်ပေါက်ခဲ့ပြီး ခုလိုဖြစ်ရပ်တွေ ဆက်တိုက်ပေါ်ပေါက်လာတာပါ။ ဒီဖြစ်ရပ်ကိုကြည့်ရင် စစ်ကောင်စီမှာ ဒေါ်လာခန်းခြောက်နေပြီဆိုတာ သိသာနေပါတယ်။ ဒီထက်ဆိုးတာက လူထုက သူတို့အပေါ် မေတ္တာခန်းခြောက်နေတာပါ။
မေမြို့စစ်တက္ကသိုလ်ဆင်းပွဲကို ဒီဇင်ဘာ ၂ ရက်နေ့က ကျင်းပပြီးစီးခဲ့ပေမယ့် ဒီဇင်ဘာ ၈ ရက်နေ့ရောက်မှ မြန်မာ့ရုပ်သံနဲ့ မြဝတီက တိုက်ရိုက်လွှင့်ထုတ်သလို လွှင့်ထုတ်ခဲ့တယ်။ မြန်မာနောင်းသတင်းမှာတော့ စစ်ကောင်စီဟာ စစ်တက္ကသိုလ်ဆင်းပွဲကို ခိုးကြောင်ခိုးဝှက် ကျင်းပခဲ့တယ်လို့ရေးသားခဲ့ပါတယ်။ ခိုးကြောင်ခိုးဝှက်လုပ်တဲ့ နေရာမှာ အောင်မြင်ပါပေတယ်။
နောက်ထပ် မယုံနိုင်စရာ ဗီဒီယိုကလစ်တခုကို မိတ်ဆွေတစ်ယောက်က ပို့လိုက်လို့ကြည့် ရပါတယ်။ ဗီဒီယိုက မုန်းမြို့ တိုက်ပွဲမှာ လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုတွေကို စစ်ကောင်စီက လေယဉ်ပေါ်က စက်သေနတ်နဲ့ လိုက်လံပစ်သတ်နေပုံပါ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဒီသတင်းကို လူတွေကြားထဲ ပြောနေသံ ကြားပါတယ်။ တော်လှန်ရေး လိုလားသူတွေက အောင်မြင်မှုကို ပုံကြီးချဲ့ ပြောနေတာလို့ ထင်မိတော့ အလေးမထားမိပါဘူး။ ဒီနေ့ ဗီဒီယိုဖိုင် မြင်ခွင့်ရတော့မှ တကယ်ကြီးဖြစ်တာဟ လို့ အံ့ဩတကြီးဖြစ်ရပါတယ်။
ဗီဒီယို ကလစ်ထဲမှာ တော်လှန်ရေးလူငယ်တွေက လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေကို မစိုးရိမ်ကြနဲ့ ခင်ဗျားတို့၊ အစ်ကိုတို့ လုံခြုံတဲ့နေရာ ရောက်ပါပြီ စိတ်အေးအေးထားပါ ရေသောက်ပါ လို့ပြောရင်း ကြိုဆိုနေတဲ့ပုံ တွေ့ရပါတယ်။ နောက်ဗီဒီယို ကလစ်တခုမှာဆိုရင် လေယာဉ်ပေါ်ကပစ်လိုက်လို့ သေနေတဲ့ စစ်သားမယားရဲ့ ရုပ်အလောင်းဘေးမှာ ငိုနေတဲ့ ကလေးငယ်ကို တော်လှန်ရေးလူငယ်တဦးက ကြင်နာစွာပွေ့ချီ ကယ်ဆယ်နေတဲ့ ပုံပါ။ မြင်ရသူတိုင်း ခံပြင်းမှု၊ ဒေါသမျက်ရည်တွေနဲ့အတူ ကြည်နူးရင်နင့်ကြရပါတယ်။
ဒီလို တော်လှန်ရေးပုံရိပ်တွေက ဒုစရိုက် အမှောင်ကျနေတဲ့ ကမ္ဘာကြီးကို အလင်းတချက် ဖျတ်ခနဲလင်းလက်ပြီး ပန်းတိုင်ကို လမ်းညွှန်လိုက်တာပါပဲ။
အန်ကယ် တူမီး
၈/ ၁၂ /၂၃
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar