Breaking News

ကိုသန်းလွင် - သိပ္ပံနည်းပညာ နှင့် လူ့ဘဝအပြောင်းအလဲ

ကိုသန်းလွင် - သိပ္ပံနည်းပညာ နှင့် လူ့ဘဝအပြောင်းအလဲ

(မိုးမခ) ဒီဇင်ဘာ ၁၁ ၊ ၂၀၂၃

( ၁ )

နောင်လာမည့်နှစ်များ အတွင်း ကျွန်တော်တို့၏ဘဝများ ကို ပြောင်းလဲစေမည့် အဖြစ်အပျက်များ သည် ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ပါသည်။ တရုတ် လေဘော်လုံးကို အမေရိကန် လေတပ်လေယာဉ် က ပြစ်ချခဲ့ခြင်း၊ ဆီလီကွန်တောင်ကြားဘဏ်ပြိုကွဲခြင်း၊ အခြား ကမ္ဘာကြီးက ိုပွက်လောရိုက်စေသည့် အဖြစ်အ ပျက် များလည်းမဟုတ် ကြောင်း ကျွန်တော်ပြောရဲပါသည်။ လူတို့၏ ဘဝနေပုံကို အခြေခံမှစ၍ ပြောင်းလဲ မည့်အဖြစ်အပျက်များ သည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ တွေ့ရှိချက်များသာဖြစ်ပြီး ဖြစ်စက လူမသိ သူမသိ လူအနည်းငယ်တာ သိသော မထင်မှတ်သည့် အဖြစ်အပျက်ကလေးများမှ စခဲ့ပါသည်။ အဘယ်ကြောင့် ဆို သော် ကျွန်တော်တို့၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင်ထိုကဲ့သို့သောမထင်ရှားသောဖြစ်ရပ်များက နောက်   ပိုင်းတွင် အထင်ကရ အဖြစ်အပျက်များ ဖြစ်လာခဲ့ကြပါသည်။

( ၂ )

ပထမဆုံး ထရန်စစ္စတာ ဟူသော အမည်ပါလာခဲ့သည်မှာနယူးရော့ကိုင်းသတင်းစာကြီးတွင် ၁၉၄၈ ခုနှစ်က စာမျက်နှာ ၄၆ တွင် မထင်မရှားသတင်းတပုဒ်အဖြစ်သာ ပါလာခဲ့ပါသည်။ ထိုထရန်စစ္စတာများက လူတို့၏ နေ့စဉ်ဘဝများကို အကြီးအကျယ်ပြောင်းလဲစေခဲ့ပါသည်။ ပထမ ထရန်စစ္စတာရေဒီယိုများ၊ ဂဏန်း ပေါင်းစက်များ၊ နောက်ပိုင်းတွင် တီဗွီ၊ ကွန်ပျူတာ၊ ဂျီပီအက်၊ ဟန်းဖုံး၊ စသည်ဖြင့် လူတယောက်ကိုင် အသုံးအဆောင်များကြောင့် ကျွန်တော်တို့၏ နေ့စဉ်ဘဝများသည် နေထိုင်ပုံကအစ အပြောင်းအလဲ ဖြစ်ခဲ့ပါသည်။ ထရန်စစ္စတာ ပေါ်လာခဲ့သည့် နှစ်ပေါင်း ၇၅ နှစ်အတွင်း ကြီးမားသော မျှော်လင့်မထားခဲ့သော အပြောင်းအလဲများ ဖြစ်ခဲ့ရပါသည်။

တိရစ္ဆာန်များကို အိမ်တွင်းတွင် မွေးမြူခြင်း၊ မီးကိုတွေ့ရှိခြင်းထို့နောက် ဘီးကို တွေ့ရှိခြင်းတို့မှာလည်း အလားတူ လူ့ဘဝကို အခြေခံမှ စ၍ ပြောင်းလဲခဲ့ခြင်းများ ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းမှာ လူ့ဘ၀ တိုးတက်ပြောင်းလဲခဲ့ခြင်းကို ဟန့်တားရပ်တန့်စေခဲ့ပါသည်။ 

အေအိုင် -အာတီဖီရှယ်အင်တဲလေးဂျင့် (AI-Artifical intelligence) သည် ဆေးပညာဖြင့် လူ့ အသက်များ ကယ်တင်ခြင်းလုပ်ငန်းကို လုပ်ဆောင်လျက်ရှိပါသည်။ လွန်ခဲ့သော ဇွန်လက အွန်တာရီယို မက်မာစကာတက္ကသိုလ်မှ သုတေသနအရာရှိများက ဇီဝကာကွယ်ဆေးများ (antibiotic) မတိုးတော့သည့် ဗက်တီးရီးယားပိုး (Acinetobacter baumannii) ကို ကာကွယ်ရန် နည်းလမ်းရှာဖွေလျက်ရှိပါသည်။ ထို ဗက်တီးရီးယားပိုးမှာ ဆေးထိုးအပ်များ၊ ပိုက်များ အသက်ရှူစက် (Ventilator) များတွင် ဖြစ်ပေါ်လေ့ရှိပါသည်။ လူတို့၏ ကျောက်ကပ်ပြွန်များကို ဒုက္ခပေးရာမှ လူတို့သတိပြုမိခဲ့ကြခြင်းဖြစ်သည်။ လူတို့၏ ဆီးလမ်းကြောင်းကိုလည်း ဒုက္ခပေးနိုင်ပါသည်။ သုတေသနပြုသူများ သည် ထိုဗက်တီးရီးယားပိုးကို နှိမ်နင်းနိုင်ရန်အတွက် မော်လီကျူးပေါင်း ၇၅၀၀ ကျော်ကို စမ်းသပ်ခဲ့ကြပါ သည်။ အရေအတွက်အမျိုးအမည်များပြား လှသော ကြောင့် ရိုးရိုးနည်းများထက ်အေအိုင်သုံးသော တက်ခနိုလိုဂျီကို သုံး၍ရှာဖွေရပါသည်။ အေအိုင်တွင် ၎င်း သည် ဘေးထွက်ဆိုးကျိုးများရှိနိုင်သဖြင့် လူတို့ စိုးရိမ်ခဲ့ကြရာ ယခုအခါ အေအိုင်မှ ဆေးပညာကို အကောင်းဘက်ကသာအကူအညီပေးနိုင်မည့်နည်းအဖြစ် အသုံးပြုနေကြပါသည်။

မနီဆိုတားတက္ကသိုလ်မှ သုတေသနပြုသူများက ကြွက်၏ကျောက်ကပ်ကို အလွန်နိမ့်သော အပူချိန် ၌ အေးခဲထားပြီး ရက်ပေါင်း ၁၀၀ အကြာ၌ ပြန်၍အပူပေးကာ အခြားကြွက်၏ ကိုယ်ခန္ဓာအတွင်းသို့ အောင်မြင်စွာ သွတ်သွင်းနိုင်ခဲ့ကြပါသည်။ ၎င်းသည် ကြွက်များအတွက် သတင်းကောင်းဖြစ်သလို ကျောက်ကပ်ရောဂါ ကြောင့်စိတ်ပျက်လက်ပျက် ဖြစ်နေရသူများအဖို့မှာလည်း စိတ်အားတက်ကြွဖွယ် သတင်းကောင်း ဖြစ်ပါသည်။ သုတေသနလုပ်သူများက ကျောက်ကပ်ကို ဖြတ်ထုတ်ထားပြီး ကာကွယ်ဆေး ရည်စိမ်ခါ အိုင်းယင်းအောက် ဆိုဒ် (Iron Oxide) အမှုန်များဖြင့် ရောပေါင်းပြီးအအေးခံလိုက်ကြပါသည်။ ထိုကဲ့သို့ ရောပေါင်းရခြင်းမှာ ရေခဲများ ခရစ္စတယ်အဖြစ် ကျောက်ကပ်အတွင်း အေးခဲမှု မဖြစ်စေရန် ဖြစ်ပါသည်။ ပြန်လည်၍ အပူပေးသော အခါကျောက်ကပ်ကို သံလိုက်စက်ကွင်းဖြင့် (Alternate Field) ထဲသို့ ထည့်သွင်းခြင်းဖြင့် နာနို ပါတီကယ်များကို နှိုးဆွပေးခြင်းဖြင့် အပူပေးသောနည်း ဖြစ်ပါသည်။ သုတေသနလုပ်သူများက လူ့ကျောက်ကပ်ကို ဤနည်းဖြင့် သိမ်းဆည်းထားပြီး လိုအပ်သူများထံ အစားထိုးကုသပေးရန် ဖြစ်ပါသည်။ ယခုအခါ လူနှင့်စမ်းသပ်ရန် ပြင်ဆင်နေကြပါပြီ။

လွန်ခဲ့သော တစ်နှစ်ကျော်ကျော်လောက်က တရုတ်နှင့် ဂျပန်ပြည်တို့မှ အင်ဂျင်နီယာများသည် အမိုးနီးယားကို ပိုမိုကောင်းမွန်လွယ်ကူသော နည်းဖြင့် ထုတ်လုပ်နိုင်ပြီဟု ကြေညာကြပါသည်။ အမိုးနီးယားမှာ မြေသြဇာထုတ်လုပ်ရေးအတွက် အသုံးဝင်လှသည့်အပြင် ဟိုက်ဒြိုဂျင်ကို သုံးသည့် စီးပွားရေးလုပ်ငန်းများ (Hydrogen based) တွင် အလွန်အရေးပါ အရာရောက်ပါသည်။ ယနေ့ အမိုးနီးယား ထုတ်လုပ်သည့်အခါ Haber-Boschs နည်းကို အသုံးပြုရပြီး ၎င်းသည် အိုင်းယွန်းကိုအခြေခံသော ကက်ကလစ်ကို အသုံးပြုခြင်းဖြင့် ကြီးမြင့်မားသော အပူချိန်နှင့် ဖိအားကို အသုံးပြုရပါသည်။ 

ထိုနည်းတွင် ထွက်လာသော ဓာတ်ငွေ့များမှာ မလိုလားအပ်သော (Green House Gas) များဖြစ်ကြပါသည်။ နည်းအသစ်တွင် လစ်သီယမ် မျိုးနွယ်ဝင် သတ္တုတမျိုးဖြစ်သည့် ယူသေနီယံ (Ruthenium) ကို အသုံးပြုရပြီး အပူချိန်လည်း မြင့်မားစရာမလို၊ ဖိအားလည်း အများကြီးပေးစရာမလိုပါ။ သို့ရာတွင်ဤသတ္တု၏ တန်ဖိုးမှာ ကြီးမားလှပါသည်။ ယူသေနီယံ သတ္တုကို အသုံးပြုရန်အတွက် နီကယ်နှင့် ကိုဘော့တို့၏ အကူအညီကိုယူရပါသည်။ ယူသေနီယံ အောက်ဆိုဒ်မှာ ရေ နှင့်တွေ့လျင် ဓာတ်ပြောင်းသွားပြီး ပျော်ဝင်သွားသဖြင့် ၎င်းကို အလူမီနီယံနှင့် ရောပေါင်းထားရပါသည်။

ဗားဂျင်း အန္တလန်တစ် (Virgin Atlantic) လေကြောင်းဌာနမှ လေယာဉ်တစ်စီးသည် လန်ဒန်မှ နယူးရော့မြို့သို့ သုံးနေကျ ဂျက်လေယာဉ်ဆီမဟုတ်ဘဲ (Synthetic oil ) ခေါ် အဆီနှင့် သကြားတို့မှ ထုတ်သည့် လေယာဉ်သုံး ဂျက်လေယာဉ်ဆီအသစ်နှင့် ဆိုက်ရောက်ရှိလာခဲ့ပါသည်။ ထိုဆီတွင် ကာဗွန်ပါဝင်နှုန်းမှာ ရိုးရိုး (Kerosene base Oil) နှင့်စာလျှင် ၇၀ ရာခိုင်နှုန်း လျော့နည်းသဖြင့် အနာဂတ် လေယာဉ်ဆီများနှင့်နှိုင်းစာလျှင် အားတက်ဖွယ်ပင် ဖြစ်သည်။ လေယာဉ်သုံးဆီမှ ကာဗွန်ကို လောင် ကျွမ်းလျှင် green house gas များထွက်ပေါ်လာလေ့ရှိရာ တစ်ချိန်တွင်ဤဆီများကိုသာ အစားထိုး သုံးနိုင်ပါက ပို၍ကောင်းလာဖွယ်ရာ ရှိပါသည်။ ဤဆီမှာ တန်ဖိုးကြီးမားလှပြီး အနည်းငယ်သာ ထုတ်လုပ်နိုင်သဖြင့် တန်ဖိုးကျဆင်းရေးနှင့် အများအပြား ထုတ်လုပ်နိုင်ရေးတို့မှာ အင်ဂျင်နီယာများအတွက် အရေးကြီးသော ချဲလင့် တစ်ခု ဖြစ်ပါသည်။

စက်မှုလုပ်ငန်းတွင် တီထွင်စမ်းသပ်မှုများမှာ နေရာတိုင်း၌ ရှိနေရာ ၎င်းသည် ထိုနည်းလမ်းများထဲမှ အကောင်းဆုံးနည်းလမ်း ဟုတ်လိုမှ ဟုတ်ပါလိမ့်မည်။ သုတေသနလုပ်သူများ၏ ကျွမ်းကျင်မှုနှင့် လုပ်ငန်း အတွေ့အကြုံများအရ ပြောင်းလဲမှုများ ရှိနိုင်ပါသည်။ သဘာဝကြီးက ၎င်း၏ လျှို့ဝှက်ချက်များကို ခက်ခက် ခဲခဲသာ ဖော်ပြလေ့ရှိရာ ၎င်းကို ဖော်ထုတ်ရှာဖွေမှုများမှာ ထိုနည်းအတွင်းမှ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်ကြပါသည်။ ထိုတွေ့ရှိမှုများကြောင့် ကျွန်တော်တို့ ဘဝများသည် ပိုမိုကောင်းမွန်လာပြီး အနာဂတ်အတွက် မျှော်လင့်ချက်များမှာ ပို၍ပို၍များပြားလာပါသည်။

ထို့ပြင် ဗဟုသုတအနေဖြင့် သိရှိရသဖြင့် စိတ်ကျေနပ်စရာများကိုလည်း တွေ့ရှိကြရပါသည်။ နာဆာ မှ ဂျိမ်းဝက်တယ်လီစကုပ် (James webb telescope) မှနေ၍ အာကာသတစ်နေရာတွင်ကာဗွန်၏ ကွန်ပေါင်းအသစ်ကို တွေ့ရှိကြရသည်ဟု ဆိုပါသည်။ အိုရီယမ် နယ်ဗျူလာ (Orion Nebula) မှ သက်တမ်းမရင့်သေးသော ကြယ်စုတွင် (Young StarSystem) ကာဗွန်ကို အခြေခံသောမော်လီကျူးများကို တွေ့ရှိခဲ့ကြပြီး ၎င်းသည် သက်ရှိများဖြစ်ပေါ်ရန်အတွက် အခြေခံကျသော ပစ္စည်းများ ဖြစ်ပါသည်။

ကျွန်တော်တို့သည် ထိုကွန်ပေါင်းများကို လက်တွေ့စမ်းသပ်ရန် မဖြစ်နိုင်သေးပါ။ အဘယ်ကြောင့်ဆိုသော် ထိုကွန်ပေါင်းများ တည်ရှိရာ နေရာသို့သွားရန် အလင်းအလျင်နှင့် သွားနိုင်သော ယာဉ်ရှိသည် ဆိုလျှင်ပင် နှစ်ပေါင်း ၁၃၅၀ ခန့်ကြာဦးမည် ဖြစ်ပါသည်။ သို့သော် ထိုကွန်ပေါင်းမှာ စကြဝဠာ တနေရာ၌ ရှိနေသည်ကို သိနေရခြင်းကိုက ကောင်းလှပါပြီ၊ ကာဗွန်ကို အခြေခံသော ကွန်ပေါင်းကို အာကာသတွင်း၌ တွေ့ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပါသည်။ ကျွန်တော်တို့ သိသော သက်ရှိတို့တွင် တည်ဆောက်ပုံမှာ ဤသို့ ကာဗွန်ကို အခြေခံသောကွန်ပေါင်းများကို အခြေခံရခြင်းဖြစ်သဖြင့် နောင်အနာဂတ်အတွက် အားတက်ဖွယ်ကောင်းလှပါသည်။

( ၃ )

လွန်ခဲ့သော နှစ်သန်းပေါင်း ၄၉၀ က သက်ရှိအဖြစ် ဖြစ်ပေါ်ခဲ့ပြီး ယနေ့ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ယိုးဒယားနိုင်ငံတွင် တွေ့ရသည်မှာ ထရီလိုဗိုက် (Trilobite) ကောင်ကလေးများ ဖြစ်ပါသည်။ ၎င်း၏ကိုယ်ထည်တွင် အပိုင်း ၃ ပိုင်းပါဝင်ပြီး ခြေထောက်မှ အသက်ရှူရပါသည်။ 

၎င်းတို့သည် သက်ရှိတို့၏ အီဗော်လူးရှင်း သီအိုရီအတွင်းမှဖြစ်ပြီး ကွင်းဆက်များ အများအပြားရှိရာတွင် ကွင်းဆက်တစ်ခု ဖြစ်နိုင်ပါသည်။ ၎င်းကို တွ့ရခြင်းကြောင့် တချိန် က ကျွန်တော်တို့၏ ဘိုးဘွားများဖြစ်ကောင်းဖြစ်နိုင်ကြောင်း သိရခြင်းဖြစ်ပါသည်။


Ref: In Praise of Scientific discoveries By peter Coy, N.Y Times November 28. 2023




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar