Breaking News

လောင်စာဆီ ပြဿနာ၊ အထွေထွေ အကျပ်အတည်း

မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၉ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၂၃


လောင်စာဆီ ပြဿနာ၊ အထွေထွေ အကျပ်အတည်း

ရန်ကုန်နဲ့မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးအစရှိတဲ့ လူဦးရေများပြားတဲ့ မြို့ကြီးတွေမှာ လောင်စာဆီ ဝယ်ယူရခက်ခဲတဲ့ အခြေအနေနဲ့ ခုသီတင်းပတ်အတွင်း တွေ့ကြုံနေရပြီး မြို့ပေါ်မှာနေထိုင်သူတွေ ကားရှိသူ၊ ဆိုင်ကယ်ရှိသူ၊ အငှားကားမောင်းသူ စသဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူတွေ အားလုံး လောင်စာဆီရဖို့ နာရီနဲ့ချီ တန်းစီကြရတာ၊ ရောင်းချပေးတဲ့ဆိုင်ကို လိုက်လံစုံစမ်း ရှာဖွေကြရတာနဲ့ တနေ့တနေ့ ဒုက္ခပွေနေကြတဲ့ အနေအထား ကျရောက်နေကြတာဖြစ်ပါတယ်။ လောင်စာဆီ ဝယ်ရခက်ခဲတဲ့ ပြဿနာဟာ ကိုယ်ပိုင်ကားစီးနိုင်တဲ့သူတွေ ရဲ့ ပြဿနာသက်သက်သာဖြစ်တယ်လို့ အချို့ကလည်း ကောက်ချက်ချကြပြီး မြို့ပေါ်မှာ လောင်စာဆီ တန်းစီရတဲ့ ဒုက္ခနဲ့ လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြို့အချို့နဲ့ ကျေးရွာတွေက စစ်ဘေးရှောင်ရသူတွေရဲ့ ဒုက္ခကို နှိုင်းယှဥ်ကာ မြို့ပေါ်က သူတွေကို စာမဖွဲ့လောက်တာကို စာဖွဲ့နေကြတယ်လို့ ရှုမြင်ပြောဆိုတာတွေလည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ 

အမှန်တကယ်ကတော့ အသက်အန္တရာယ်ဘေးကျရောက်ခြင်းဟာ အမြင့်ဆုံးသောအဆင့်ဖြစ်ပြီး လောင်စာဆီ ပြဿနာက စီးပွားရေး၊ လူမှုရေး နဲ့ အသက်ရှင်သန်နေထိုင်ရေး အတွက် ဝန်ထုပ်ဝန်ပိုးတွေ ထပ်ဆင့်ကျရောက်လာတဲ့ အနေအထားဖြစ်လို့ အသက်ဘေး မဟုတ်သေးဘူးလို့ ဝေဖန်သူတွေက ဆိုလိုတာဖြစ်ပြီး တဖက်မှာလည်း လောင်စာဆီပြဿနာက ကျယ်ပြန့်တဲ့ အကျိုးသက်ရောက်မှု၊ မြို့ပေါ်ကရော နယ်တွေမှာပါ သက်ရောက်ခံစားကြရမယ့် အနေအထားဖြစ်လို့ လောင်စာဆီပြဿနာဟာ အသက်ရှင်သန်ရေးအတွက် အခြေခံ လိုအပ်ချက်တရပ်လည်း ဖြစ်နေတာကို သဘောမပေါက်ကြတဲ့သဘော ဖြစ်ပါတယ်။ လောင်စာဆီ ပြတ်တောက်ခြင်းကနေ အကျိုးဆက်သက်ရောက်နိုင်ခြေတွေက သွားလာရေးတွေ မှာ အခက်အခဲကြီးကြီးမားမား ကြုံလာရပြီး စစ်ဘေးအန္တရာယ်ကျရောက်လာသည့်တိုင် တိမ်းရှောင်စရာ ယာဥ်၊ လောင်စာဆီမရှိတဲ့အခါ ထွက်ပြေးတိမ်းရှောင်ဖို့ မစွမ်းသာပဲ အသက်အန္တရာယ် ကျရောက်နိုင်သလို၊ လောင်စာဆီ ပြဿနာကနေ ဆက်စပ်နေတဲ့ ဆက်သွယ်ရေး ကွန်ရက်တွေ ပြတ်တောက်သွားပြီး အန္တရာယ် ကျရောက်နိုင်တဲ့ သတိပေးမှု သတင်းအချက်အလက်တွေကို မရရှိနိုင်တော့တာမျိုး ကြုံရနိုင်ပြီး အသက်အန္တရာယ် ကျရောက်နိုင်တာ ဖြစ်ပါတယ်။ 

အခု လက်ရှိအခြေအနေမှာတင် အဆိုပါ ဖြစ်ရပ်မျိုးတွေကို ရခိုင်ပြည်နယ် မြို့နယ်အများအပြားမှာ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို ကုန်းလမ်း၊ ရေလမ်းက လူ အဝင်အထွက်ရော ကုန်စည်တင်သွင်းမှုပါ စစ်ကောင်စီဘက်က ပိတ်ဆို့ထားခဲ့တာ တလနီးပါးရှိလာချိန်မှာ ရခိုင်ပြည်နယ်က အချို့မြို့နယ်နဲ့ ကျေးရွာတွေမှာ ဖုန်းလိုင်း အင်တာနက်လိုင်း မရရှိတော့ဘဲ ဆက်သွယ်ရေးတွေ ပြတ်တောက်နေတာ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မကွေးတိုင်း၊ ရှမ်းပြည်နယ်လို နေရာတွေမှာတော့ အင်တာနက် ပြတ်တောက်မှု လောလောဆယ် မကြုံကြရပေမယ့် လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ အင်တာနက် ပြတ်တောက်မှုတွေ ကြုံနေကြရပြီး စစ်ကိုင်းတိုင်းကိုတော့ စစ်ကောင်စီက ဖုန်းလိုင်းပဲ ဆက်သွယ်နိုင်ပြီး အင်တာနက်ကို ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။ 

ဒီလို အခြေအနေတွေ အကျိုးသက်ရောက်မှုတွေက စစ်ပွဲတွေရဲ့ အကျိုးသက်ရောက်မှုလို့ ယေဘုယျ ကောက်ချက်ချနိုင်ပြီး စစ်ရေး အသာစီးရဖို့ရာ၊ ဒီနယ်မြေတွေမှာ ရှိနေတဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေက တံတားတွေကို ဖောက်ခွဲဖျက်ဆီးတာ၊ လျှပ်စစ်ဓါတ်အား ပေးပို့တဲ့တာဝါတိုင်တွေ ဖျက်ဆီးတာ၊ ဆက်သွယ်ရေးကွန်ရက်တွေကို ဖြတ်တောက်တာတွေကို စစ်ရေးအရ ရင်ဆိုင်နေတဲ့ နှစ်ဖက်စလုံးက ၄င်းတို့အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေက ဆက်သွယ်ရေး ကွန်ရက်တွေ ဖြတ်တောက်တာတွေ၊ ပိတ်ချတာတွေ လုပ်လေ့ရှိပြီး တော်လှန်ရေးအင်အားစု လက်နက်ကိုင် အဖွဲ့တွေက တံတားတွေ လမ်းတွေကို ဖောက်ခွဲတာတွေ လုပ်လေ့ရှိတာ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း အများအပြားတွေ့ရတာ ဖြစ်ပါတယ်။ စစ်ရေးအကူ မလာနိုင်အောင် ဆက်သွယ်ရေးလမ်းကြောင်းပေါ်က တံတားတွေကို ဖောက်ခွဲ ဖျက်ဆီးလိုက်တဲ့ ဖြစ်ရပ်တွေ အခုလပိုင်းမှာ အများအပြား ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

အခုဖေါ်ပြခဲ့တဲ့ ပြဿနာတွေ အကြပ်အတည်းတွေဟာ အခုလပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အရှိန်မြင့်လာနေတဲ့ စစ်ရေးတိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး ဖြစ်ပွားလာတာ ဖြစ်ပြီး မြို့တွေမှာ ကုန်စျေးနှုန်းကြီးမြင့်တာ၊ အလုပ်အကိုင် တွေရပ်တန့်နေတာ၊ အသက်ရှင်သန်ရေး အတွက် ငွေအပိုဆောင်း သုံးစွဲကြရတာတွေနဲ့ မြို့တွေက လူတွေအနေနဲ့လည်း တရစ်ပြီးတရစ် မြင့်တက်လာတဲ့ ဒီရေထဲ မနစ်မြုပ်အောင် အသည်းအသန် ကြိုးစားနေကြရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စစ်ရေး အသာစီးရဖို့ လောလောဆယ်မှာ ဘယ်လိုလုပ်ဆောင်မှုမျိုးမဆို တွန့်ဆုတ်ခြင်းမရှိဘဲ ရွေးချယ်ကြမယ့် သဘောလည်းတွေ့မြင်နေရတာ ဖြစ်ပါတယ်

လမ်းပန်းဆက်သွယ်ရေး ကွန်ရက်တွေ ဖျက်ဆီးတာ၊ ဖြတ်တောက်တာမျိုးက အစ စစ်ဘေးရှောင်တွေကို ကြိုတင် အသိမပေးဘဲ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေအကြား ပိတ်မိနေတာမျိုးတွေလည်း ကြုံတွေ့ကြရမယ့် အနေအထားဖြစ်ပါတယ်။ 

အခုလို အခြေအနေမျိုးမှာ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ လူထုတွေထံက ကူညီငွေ ရရှိဖို့ခက်ခဲမယ့် အခြေအနေမျိုးလည်း ကြုံတွေ့ရနိုင်ခြေရှိလာနိုင်ပါတယ်။ ပြည်တွင်းက တော်လှန်ရေးအင်အားစုတွေကို ကူညီထည့်ဝင်နေသူတွေအနေနဲ့ ငွေကြေး ကျပ်တည်းမှုတွေ ပိုပြီး ရင်ဆိုင်လာကြရတဲ့ အနေအထားဖြစ်ပြီး တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်နိုင်တဲ့ ပမာဏတွေ သိသိသာသာ ကျဆင်းလာနိုင်တဲ့ အနေအထားလည်း ရှိနေတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားနဲ့ ပတ်သက်လို့ အနောက်နိုင်ငံက သတင်း မီဒီယာကြီးအချို့မှာတော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီအနေနဲ့ ပြိုလဲတော့မယ့် အရိပ်လက္ခဏာတွေ မြင်နေရပြီး အမေရိကန်နိုင်ငံအနေနဲ့ အဆင်သင့်ပြင်ထားဖို့ ဆိုတဲ့သဘောမျိုး အာဘော်ဆောင်းပါးတွေ ဖေါ်ပြလာကြတာ တွေ့ကြရပါတယ်။ 

မြန်မာ့အရေးမှာ စာနာမှု အနေနဲ့ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေကို စိတ်ဓါတ်ရေးအရ ထောက်ခံတာသာ ရှိခဲ့ပြီး လက်နက်ကိုင် လှုပ်ရှားမှုတွေမှာ ဝင်ရောက်ကူညီတာမျိုး မတွေ့ရသလောက် ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လောလောဆယ်မှာ တနှစ်ခွဲကျော် နှစ်နှစ်နီးလာတဲ့ ယူကရိန်းစစ်ပွဲကို အကူအညီပေးရေးမှာတောင် ပြည်တွင်း ဆန့်ကျင်မှုတွေ ရင်ဆိုင်နေရသလို အရှေ့အလယ်ပိုင်းမှာ စစ်ပွဲ၊ အစ္စရေးလ်ရဲ့ စစ်ဆင်ရေးမှာ ပါဝင်ကူညီနေရတဲ့ အနေအထားနဲ့ မြန်မာ့အရေးက တန်းစီဇယားတွေမှာ နောက်ကိုပိုမိုရောက်ရှိသွားတာဖြစ်ပါတယ်။

တဖန် လတ်တလော မြောက်ပိုင်း ညီနောင်လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေက အမေရိကန် ပြည်ထောင်စုနဲ့ အဆက်အဆံ မရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ကြတာမို့ ဒီအဖြစ်အပျက်တွေမှာ အမေရိကန်ပြည်ထောင်စုထက် တရုတ်ရဲ့ ပါဝင်မှုက အဓိကဖြစ်နေတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 

အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံရဲ့ လျင်မြန်စွာ ပြောင်းလဲနေတဲ့ အခြေအနေတွေကိုတော့ မျက်ခြည်မပြတ် စောင့်ကြည့်နေတာ သံသယရှိစရာ မလိုပေမယ့် စစ်အာဏာသိမ်းခါစကတည်းက စစ်ရေးအရ ကူညီမှုမျိုး၊ လက်နက်ကိုင် တိုက်ခိုက်မှုနည်းလမ်းမျိုးမှာ ပါဝင်ကူညီမှာမဟုတ်ဘူးဆိုတဲ့ သဘောမျိုး အမေရိကန်ပြည်ထောင်စုက ပြောဆိုထားပြီးဖြစ်လို့ အခုချိန်ထိလည်း အဲဒီရပ်တည်ချက်က ပြောင်းလဲမယ့် အနေအထားမရှိသေးဘူးလို့ ယူဆရပါတယ်။ 

အမေရိကန်အတွက် အရေးကြီးတဲ့ ယူကရိန်း စစ်ပွဲ၊ အရှေ့အလယ်ပိုင်း ပြဿနာနဲ့တင် လောလောဆယ်မှာ ကိုင်တွယ်စရာ ပြဿနာတွေက လက်ထဲ အပြည့်ဖြစ်နေပြီလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar