Breaking News

ကိုသန်းလွင် - အေအိုင် နှင့် တည်ဆောက်ရေးလုပ်ငန်းများ

ကိုသန်းလွင် - အေအိုင် နှင့် တည်ဆောက်ရေးလုပ်ငန်းများ

(မိုးမခ) ဒီဇင်ဘာ ၂၉ ၊ ၂၀၂၃


( ၁ ) 

အမေရိကန်ပြည် ပင်ဆစ်ဗေးနီးယားပြည်နယ်ထဲတွင် ပြည်နယ်အတွင်းရှိ တံတားအားလုံး၏ ၁၃% မှာ ကိုယ်ထည် (Structurally) ခိုင်ခံ့မှုမရှိကြောင်း တွေ့ရှိရပါသည်။ ထိုတံတားများအားလုံးကို ပြုပြင်ရန် နည်းလမ်း ရှာကြရာတွင် စက်များ၏စွမ်းရည် ကိုသုံးသော အေအိုင် (AI- Artiticial Intelligence) နည်းဖြင့် ကွန်ကရစ်အသစ်ကို ဖော်စပ်၍ အသုံးပြုကြမည်ဟု မျှော်လင့်နေကြပါသည်။  နောက်လိုအပ်ချက်ဖြစ်သော လမ်းဘေးမှ ဆူညံသံများကို စုပ်ယူမည့် နံရံများ၊ ကားမှထုတ်လွှတ်သည့် Green House Gasses များကို စုပ်ယူမည့် နံရံများကိုလည်း အေအိုင်မှပေးသောနည်းများဖြင့်ပင် တည်ဆောက်ကြမည် ဖြစ်ပါသည်။

( ၂ )

အစိုးရက အခြေခံအဆောက်အအုံများ ပြုပြင်တည်ဆောက်ရန်အတွက် ဒေါ်လာ ဘီလီယံချီ၍ သုံးစွဲရန် ပြင်ဆင်နေချိန်တွင် ထိုငွေ၏ ရာနှုန်းအနည်းငယ်သာ သုံးစွဲရန်၊ ငွေကုန်ကြေးကျသက်သာစေရန် ပြင်ဆင်နေကြပါသည်။ တံတားများ၊ လိုဏ်ခေါင်းများ၊ အဆောက်အအုံနှင့်လမ်းများကိုတည်ဆောက်ရာတွင် အေအိုင်၏ အကူအညီကို ယူ၍ ပို၍ကောင်းသော ပို၍ခံနိုင်ရည်ရှိသော အဆောက်အအုံများကို ငွေကုန်ကြေးကျသက်သာရန်နည်းလမ်းများကို ရှာဖွေကြရပါသည်။

တည်ဆောက်ကြရမည့် ပရောဂျက်များအတွက် ပစ္စည်းသုံးချွေတာရန် အကုန်အကျကို ကာမိစေရန်၊ ပိုက်ဆံအကုန်အကျ နည်းသည်ထက်နည်းအောင် ကြိုးစားကြမည် ဖြစ်ပါသည်။ ဤနေရာ၌ ကုန်ကျမည့် စရိတ်မှာ မနည်းလှပါ။ ထုတ်လုပ်ရမည့် ဘိလပ်မြေပမာဏ တခုတည်းကပင် ထွက်လာမည့် ကာဗွန်ပမာဏမှာ ၈% ရှိပါသည်။ တစ်နှစ်တွင် သုံးသော ဘိလပ်မြေမှာ ဘီလီယံတန် ၃၀ မျှရှိသည်ဟု ခန့်မှန်းပါသည်။ ထို့ကြောင့် ဘိလပ်မြေ ထုတ်လုပ်ရာတွင် သမားရိုးကျနည်းလမ်းများကို သုံးမည့်အစား ပိုမိုတိုးတက်သည့် နည်းလမ်းများကို သုံးရပါသည်။ ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက်လည်း ပိုမိုအကျိုးရှိစေနိုင်ပါသည်။

အေအိုင်နည်းစနစ်များကို သုံးသည်ဆိုရာတွင် စက်များကို လူ၏စိတ်ဓာတ်အတိုင်း တွေးတောဆုံး ဖြတ်ချက်များကို ချရမည် ဖြစ်ပါသည်။ ဒေတာ ပမာဏ မည်မျှပင် များပြားကြီးမားပါစေ၊ အေအိုင်က ကိုင်တွယ်အသုံးချမည်ဖြစ်ရာ လူကိုပိုမိုကောင်းသော သတင်းအချက်အလက်များကို ရရှိစေမည်ဖြစ်၍ ပို၍အကျိုးရှိနိုင်ပါသည်။

၎င်းတွင် ကုန်ကျစရိတ်များကို သက်သာအောင် လုပ်ဆောင်နိုင်ပါလိမ့်မည်။ စက်တစ်လုံးသည် အင်ဂျင်နီယာပေါင်း မြောက်မြားစွာ စုပေါင်းစဉ်းစားသလို ဖြစ်၍ ပိုပြီး ဘက်စုံကြည့်နိုင်မည့်အပြင်ပို၍ (Creative) ဖြစ်သော ထိရောက်သော ဆုံးဖြတ်ချက်များကို ချနိုင်ပါလိမ့်မည်။

သို့သော်လည်း စိုးရိမ်တတ်သူများက ဤသို့ နည်းအသစ်ကို မြန်မြန်ဆန်ဆန်ကြီး အသုံးပြုသည့် အရေးအတွက် သတိပေးနေကြပါသည်။ ထွက်လာမည့် အဖြေသည် စင်စစ်ဧကန် အကျိုးရှိပါလိမ့်မည်ဟူသော အာမခံချက် မရှိသည့်အပြင် ဘေးမှချထားမည့် အရံအတားလည်း မရှိသေးသောကြောင့် အေအိုင်ကို အသုံးပြုရာတွင် သတိထားစရာ အချက်များမှာ များပြားလှပါသည်။ အထူးသဖြင့် အခြေခံအဆောက်အအုံ ပရောဂျက်များမှာ တာ ရှည်ခံရန် လိုအပ်သောကြောင့် ပိုမိုဂရုစိုက်ကြရပါသည်။ နောက်တဖန် အေအိုင်မှထုတ်လုပ်ပေးသော ဒီဇိုင်း များ သည် ရုတ်တရက်အင်တာနက် မှထုတ်လုပ်ပေးသော လျင်မြန်သည့် ဒီဇိုင်းများဖြစ်ခြင်းကြောင့်သေချာမှအသုံးပြု စေ လိုကြသည်။ လျင်မြန်သောကြောင့် ချို့ယွင်းသော ဒေတာ၊ တာရှည်သုံးစွဲရန်မသင့်သော ဒေတာ များဖြစ်မှာ ကို စိုးရိမ်နေကြခြင်းဖြစ်ပါသည်။

အမေရိကန်၌ အခြေခံအဆောက်အအုံများ၏ ချို့ယွင်းချက်များမှာ ပိုမို၍သိသာလာနေပါသည်။ ၂၀၂၁ ရေခဲမုန်တိုင်းကျခြင်းကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပွားခဲ့ပါသည်။ ရေဖြန့်ဝေမှုတွင် အခက်အခဲဖြစ်၍ ပြတ်တောက်ခဲ့ရာ ၎င်းသည်လည်း စိုးရိမ်ဖွယ်ရာအခြေအနေသို့ ရောက်ရှိခဲ့ပါသည်။ နိုင်ငံနှင့်တဝန်း တံတားပေါင်း ၄၂,၀၀၀ ကျော်မှာလည်း ပြုပြင်ရန်အခြေအနေများဖြစ်ပေါ်ခဲ့ပါသည်။

၎င်းလမ်းများ တံတားများမှာ နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုအခြေခံ အဆောက်အအုံများကို ထိန်းသိမ်းရန် ဘက်ပေါင်းစုံမှကြည့်ရှုရမည်ဖြစ်ပါသည်။ ဥပမာ တံတားပရောဂျက်တစ် ခုတွင် ၂၀% လျှော့ သုံးရန်နှင့် ထိုသို့ လျှော့ချနိုင်ရန်အတွက် ကွန်ကရိ ဘလော့တုံးများကို ကွန်ကရိ ပါဝင်နှုန်းကို လျှော့ချရမည် ဖြစ်ပါသည်။ ရရှိသောတံတားတစ်စင်း၏ ခံနိုင်ရည်အားနှင့် တာရှည်ခံမှုသည် မူလတံတားအတိုင်း ရှိနေရမည် ဖြစ်သည်။ ထိုနယ်တစ်ခုတည်းတွင် ထိုတံတားမျိုး ၁၂,၀၀၀ ကျော်ကို စမ်းသပ်ကြည့်ရန် ဖြစ်ပါသည်။ အမေရိကန်လမ်းနှင့် သယ်ယူပို့ဆောင်ရေးအတွက် တည်ဆောက်ရေးအသင်းမှ အတည်ပြုပြီး ဖြစ်ပါသည်။

ပစ်ဘတ် (Pittsburgh) မှ အင်ဂျင်နီယာများသည် မြို့နယ်ပို့ဆောင်ရေးကော်မရှင်နှင့် အသံစုပ်နေသော နံရံများ ဟိုက်ဝေးများအနီးတွင် တည်ဆောက်ရန်လည်း ပြင်ဆင်နေကြပါသည်။ ထိုနံရံများသည် ကားများမှ ထွက်လာသော Greenhouse ဓာတ်ငွေ့တစ်မျိုး ဖြစ်သော နိုက်တြပ်အောက်ဆိုဒ် (Nitrus oxide) များကို စုပ်ယူမည် ဖြစ်ပါသည်။ ထိုနံရံများမှာ အသံကြောင့် ဆိုးရွားစွာ ထိခိုက်နေသော နေရာများ၌ တည်ဆောက်ရန် လျာထားပါသည်။ ၎င်းတို့တီထွင်ထားသော ဒီဇိုင်းအရ ပစ္စည်းများ၏ တန်ဖိုးမှာ ၃၀% မျှ သက်သာမည်ဖြစ်သည်။  

ထိုပရောဂျက်များကို ပြင်ပလုပ်ငန်းခွင်များ၌ အသုံးမပြုရသေးသော်လည်း ဓာတ်ခွဲခန်းရှိ စမ်းသပ်မှုများမှာ အောင်မြင်မှုရခဲ့ပြီးဖြစ်ပါသည်။ အေအိုင်၏ နည်းပညာအသစ်သည် ထုတ်လုပ်ရန် ပြင်ဆင်သည်နှင့်အတူ အင်ဂျင်နီယာများ တည်ဆောက်ခဲ့သည့် ပစ္စည်းကိရိယာ၏ ပျက်စီး ဆုံးရှုံးမှုများကို ကြိုတင်ခန့်မှန်းရန်နှင့် ကာကွယ်ရန်တို့လည်းပါဝင်ပါသည်။

ပျက်သွားသော ပစ္စည်းများကို ငွေကုန်ကြေးကျခံ၍ ပြင်ဆင်ရေးထက် တာဝန်ရှိပုဂ္ဂိုလ်များက အပျက်အစီးကို ကြိုတင်ခန့်မှန်း၍ ကာကွယ်ကြရန် ဖြစ်သည်။ တံတားတခုတွင်ပြိုလဲမည့် အရိပ်အယောင်များ မပေါ်လာခင်  ဦးစွာ အက်ကြောင်းများ ပေါ်လာသည်ဖြစ်ရာ ပေါ်လာသည်နှင့်အမျှ ပြုပြင်ကြရန်ဖြစ်ပါသည်။

သိပ္ပံနည်းပညာမှာ ဖိလာဒါဖီးယား (Philadephia Interstate) အင်တာစတိတ် ၉၅ တွင် ယခုနှစ် နွေရာသီက တံတားပြိုကျရာ၌ အခက်အခဲကို အချိန်တိုင်း သိရှိနေသည့်အပြင် ပြဿနာကို စစ်တမ်းထုတ်ခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့ပါသည်။ လော့အင်ဂျလီး (Los Angeles) မှ အင်တာစတိတ် ၁၀ တွင် ယခုလထဲ၌ မီးလောင်မှု ဖြစ်ပွားခြင်းတို့လည်း အလားတူပင် တာဝန်ရှိသူများက သိရှိခဲ့ကြပါသည်။ 

သို့ရာတွင် အခြားနယ်ပယ်များနည်းတူ အေအိုင်နှင့် ပတ်သက်၍ လူသားတို့လုပ်ရမည့် အလုပ်နှင့်လုပ် ငန်းခွင်လုံခြုံရေး ကိစ္စများမှာ အရေးကြီးပါသည်။ အေအိုင်အနေဖြင့် လုပ်ငန်းခွင်တွင် ကူညီနေခဲ့ရာ ၎င်းကို နည်းလမ်းများ သတ်မှတ်ပေးရန် (Regulate) လိုသည်ဟု ပညာရှင်များက အမေရိကန် ကွန်ဂရက်တွင် ထွက်ဆိုခဲ့ကြ ပါသည်။ ယခင်လက သမ္မတဘိုင်ဒန် မှညွှန်ကြားချက်တစ်ရပ် (Executive order) အနေဖြင့် အေအိုင်၏ အထွေထွေလုံခြုံမှု လုပ်သားများ၏ လွတ်လပ်ခွင့်နှင့် အထောက်အကူပြုရေးတို့နှင့် ပတ်သက်ပြီး ထုတ်ပြန်ခဲ့ပါသည်။ 

ကျွမ်းကျင်သူများက အေအိုင် မှ မှားယွင်းသော ဒေတာများကို ထုတ်ပေးမည်ကို စိုးရိမ်နေကြပါသည်။ ဒေတာမှာ လုပ်ငန်းခွင်တွင် ရနိုင်သော နေရာများမှ ထုတ်ယူရခြင်းဖြစ်ရာ ထိုဒေတာများ မှားယွင်းနေပါက အေအိုင်က ထုတ်ပေးသော ဒေတာများမှာလည်း မမှန်နိုင်တော့ပါ။ အေအိုင်မှာ အလွန်ထက်မြက်သော လက်နက်ဖြစ်၍ ၎င်းက အသုံးပြုမည့် ဒေတာများမှာ မှန်ကန်ရန် အရေးကြီးသည်။

( ၃ )

လျှပ်စစ်ကားကုမ္ပဏီ တက်စလာ (Tesla) က မိမိ၏ ကား တသန်းကျော်ကို ပြန်လာ၍ အပ်ကြပါရန် ကြေညာခဲ့သည်။ ကားတွင် တပ်ဆင်ထားသော ကားမှန်များမှာ အကယ်၍ အတားအဆီးတို့နှင့် ကြုံတွေ့ရပါက မမှန်မကန် တုံ့ပြန်မှာကိုစိုးသောကြောင့်ဖြစ်သည်ဟု ဆိုသည်။ ကုမ္ပဏီက ကြေညာသည်မှာ မေဂျာ အမှား မဟုတ်ဘဲ ဆော့ဝဲယားများကို ပြင်ဆင်ပေးရုံနှင့် အမှန်ဖြစ်သွားနိုင်ပါသည်ဟု ဆိုသည်။ ထိုဥပမာကို ကြည့်၍ အေအိုင်၏ပြုမူပုံကို အကဲခတ်နိုင်ပါသည်။ ဤကဲ့သို့မှားယွင်းနေသောကြောင့် အနည်းဆုံး လေးကြိမ် ပြန်လည်ပြုပြင်ခဲ့ရပြီး ဖြစ်သည်။ 

အေအိုင်သည် လူတို့ကို ကူညီနိုင်ပါ၏။ သို့သော် စိတ်ချလက်ချသုံးနိုင်ရန်ကိုမူကား အနည်းငယ်စောင့်ဆိုင်းရဦးမည် ဖြစ်ပါသည်။

ကိုသန်းလွင်

Ref: New Tool for bridges, By Collibo Edwards, N.Y. Times 19 November.



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar