ရှမ်းမြောက်မှာ ၅ စင်းမြောက် တံတားပျက်စီးမှုနဲ့ စစ်ဘေးရှောင်သူတွေရဲ့ အခက်အခဲတွေ၊ တလကျော်ကြာ ဖြစ်ပွားနေတဲ့ ကော့ကရိတ်မြို့ တိုက်ပွဲ တကျော့ပြန် အရှိန်မြင့်
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂၉ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၂၃
ရှမ်းမြောက်မှာ ၅ စင်းမြောက် တံတားပျက်စီးမှုနဲ့ စစ်ဘေးရှောင်သူတွေရဲ့ အခက်အခဲတွေ၊ တလကျော်ကြာ ဖြစ်ပွားနေတဲ့ ကော့ကရိတ်မြို့ တိုက်ပွဲ တကျော့ပြန် အရှိန်မြင့်
ဒီဇင်ဘာ ၂၈ ရက်နေ့က သီပေါနဲ့ နမ္မတူ အကြားကားလမ်းပေါ်မှာ ဖြတ်သန်းတည်ဆောက်ထားတဲ့ မိုးတေတံတား ပျက်စီးသွားပြီး ယာဥ်ငယ်တွေသာ သတိပြုဖြတ်သန်းသွားလာနေရပြီး ကားကြီးတွေ ဖြတ်သန်းသွားလာလို့ မရတော့တဲ့ အနေအထားဖြစ်နေတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ၂ လတာ ကာလအတွင်း ၅ စင်းမြောက် တံတားဖျက်ဆီးခံရတာဖြစ်တယ်လို့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂ လတာအတွင်း စစ်စခန်းတွေနဲ့ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ မြို့တွေကို TNLA က သိမ်းယူခဲ့ပြီးနောက် မှာနောက်ဆုံး တိုက်ခိုက်သိမ်းယူဖို့ ကြိုးစားနေတဲ့မြို့က နမ္မတူမြို့ဖြစ်ပြီး အခု ပျက်စီးသွားတဲ့ မိုးတေတံတားက နမ္မတူနဲ့ သီပေါမြို့အကြား ဆက်သွယ်ထားတဲ့ တံတားတစင်းဖြစ်ပါတယ်။ တံတား ပျက်စီးရတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်မှု၊ စွပ်စွဲမှုတွေ အမျိုးမျိုးရှိနေတာလည်း တွေ့ရပါတယ်။
အခု တံတားမတိုင်ခင် ဖျက်ဆီးခံရတဲ့ တံတားတွေက သိန္နီတံတား၊ ကျင်သီတံတား၊ စဥ့်အင်တံတား အစရှိတဲ့ တံတားတွေ ဖြစ်ပြီး မိုးတေတံတား မတိုင်ခင် ၄ စင်းကိုတော့ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေက ဖျက်ဆီးခဲ့ကြတာဖြစ်ပြီး အခုနောက်ဆုံးဖျက်ဆီးခံရတဲ့ တံတားနဲ့ ပတ်သက်လို့တော့ TNLA ဘက်က စစ်ကောင်စီဘက်က ဖျက်ဆီးတာလို့ စွပ်စွဲထားပြီး စစ်ကောင်စီဘက်က ဝါဒဖြန့် တယ်လီဂရန်တွေကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ဖျက်ဆီးတာလို့ တုံ့ပြန်စွပ်စွဲ ရေးသားနေတာ ဖြစ်ပါတယ်။
အခြားသော သတင်းတပုဒ်မှာတော့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ပျက်စီးတာလို့ ဖော်ပြထားတာ တွေ့ရပါတယ်။ သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ် အစပ်မှာရှိတဲ့ တံတားဖြစ်ပြီး TNLA နဲ့ စစ်ကောင်စီတပ်တွေ တဖက်တချက်စီမှာ နေရာယူထားကြတယ်လို့ RFA သတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
စစ်ပွဲတွေဖြစ်ပွားလာတဲ့အခါ ရှိတတ်တဲ့ သဘောသဘာဝအတိုင်း မြေပြင်မှာ တိုက်ခိုက်ကြတဲ့ စစ်ပွဲနဲ့ သတင်းအချက်အလက်ဆိုင်ရာ ဝါဒဖြန့်တဲ့ စစ်ပွဲကိုလည်း တပြိုင်နက်ဆင်နွှဲကြတာဟာ သဘာဝဖြစ်ပြီး အခုဖြစ်ရပ်မှာလည်း တံတားဖျက်ဆီးတဲ့ လက်သည်က ဘယ်အဖွဲ့လဲ ဆိုတာနဲ့ပတ်သက်ပြီး အပြန်အလှန် ဝါဒဖြန့်ကြတာမျိုးလို့ ကောက်ချက်ချရပါတယ်။
တဖက်နဲ့ တဖက်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့တော့ တဖက်အဖွဲ့က စစ်ကူတွေ ပို့ဆောင်ရာမှာ ခက်ခဲအောင်၊ မိမိတို့ ခံစစ်နေရာတွေကို လာရောက်တိုက်ခိုက်ရာမှာ နှောင့်နှေးအောင် လမ်းတံတားတွေ ဖောက်ခွဲဖျက်ဆီးတာတွေ လုပ်ဆောင်လေ့ရှိတာ ဖြစ်ပါတယ်။ သိန္နီတံတား၊ ကျင်သီတံတား၊ စဥ့်အင်တံတားတွေဟာ မန္တလေး၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က တံတားတွေဖြစ်ပြီး စစ်ကောင်စီ စစ်ကူတွေ ကုန်းလမ်းက လွယ်လွယ်ကူကူ တက်မလာနိုင်အောင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ဖျက်ဆီးခဲ့သလို ဒေသခံတွေ အနေနဲ့တော့ ကုန်သွယ်မှုတွေ၊ အသက်ရှင်နေထိုင်စားသောက်ရေးအတွက် လိုအပ်တဲ့ ကုန်စည်တွေရှားပါးမှာ စျေးနှုန်းတွေမတန်တဆ မြင့်တက်မယ့်အရေး၊ စစ်ဘေးရှောင်ကြရာမှာ သွားလာဖို့ ခက်ခဲပြီး ပိတ်မိမယ့်အရေးကို စိုးရိမ်ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ လတာအတွင်း သောင်းဂဏန်း သိန်းဂဏန်းနဲ့ ချီတဲ့ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်သူတွေဟာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်နယ်ကနေ မိုင်ရာချီပြီး နည်းလမ်းအမျိုးမျိုးနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာ ဖတ်ရှုနားဆင်နေရတာ ဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်ရသူတွေ မှာလည်း အမျိုးမျိုးသော အခက်အခဲတွေ၊ ဝမ်းနည်းကြေကွဲစရာ ဇတ်လမ်းတွေရှိနေပြီး ကျန်ရစ်ခဲ့တဲ့ ဒေသခံတွေမှာလည်း မတူညီတဲ့ အခက်အခဲတွေ၊ ထိခိုက်သေဆုံးမှု၊ ဆုံးရှုံးမှုတွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် အခုလက်ရှိ အနေအထားအထိ စစ်ဘေးရှောင်ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ ဘယ်နိုင်ငံတကာအဖွဲ့အစည်းကမှ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုး မတွေ့ရဘဲ ဒေသခံ ပရဟိတကူညီရေး အသင်းအဖွဲ့တွေသာ ခွင့်ပြုချက်ရတဲ့ အကန့်အသတ်အတွင်းနဲ့ ၄င်းတို့မှာ ရှိတဲ့လုပ်ဆောင်နိုင်စွမ်းထဲကနေ ပို့ဆောင်ပေးတာမျိုးတွေသာ တွေ့မြင်ရတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂလို အဖွဲ့အစည်းအနေနဲ့လည်း လုပ်ဆောင်ခွင့် မရသလို၊ ငွေကြေးရံပုံငွေအရလည်း လိုအပ်ချက်တွေ ရှိကောင်း ရှိနေမှာဖြစ်နိုင်ပါတယ်။ စစ်ဘေးရှောင်တွေအနေနဲ့ မိမိတို့ ရှိတဲ့ အရင်းအမြစ်နဲ့ အသက်ရှင်သန်ဖို့ ကြိုးပမ်းနေရတဲ့ အနေအထား လို့ ဆိုရမှာပါ။ နယ်မြေအားဖြင့် ကျယ်ပြန့်လှတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံတွေအနေနဲ့ လက်နက်ကိုင် တိုက်ပွဲဧရိယာက တစတစကျယ်ပြန့်လာကာ ဘေးလွတ်တဲ့ နယ်မြေကလျော့နည်းလာနေတာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေက လနဲ့ချီလာလေလေ လက်ထဲက စုဆောင်းထားရှိတဲ့ အရင်းအမြစ်တွေကို ထုတ်သုံးကာ စစ်ဘေးရှောင်ဖို့ စရိတ်၊ လျင်မြန်စွာမြင့်တက်နေတဲ့ ကုန်စျေးနှုန်းတွေကို လိုက်မှီအောင် သုံးစွဲနေကြရတဲ့ အနေအထားတွေက အသွားနှစ်ဖက်ဒါးနဲ့ လှီးခံနေရတဲ့ အခြေအနေမျိုးလည်း ဖြစ်နေပါတယ်။ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ၄င်းတို့ရဲ့ စစ်ရေးရည်မှန်းချက် ဘယ်လောက်ထိ ထပ်ရှိဦးမယ်ဆိုတာ မှန်းဆ ပြောဆိုနိုင်ခြင်း မရှိပေမယ့် စစ်ကောင်စီကို ရှမ်းမြောက်ကုန်းမြင့်ပေါ်က လုံးဝ ဖယ်ရှားနိုင်ဖို့တော့ အလှမ်းဝေးနေနိုင်သေးတဲ့ အနေအထားဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ရှမ်းမြောက်မှာ လက်နက်ကိုင် တိုက်ပွဲတွေ၊ တံတားတွေ ပျက်စီးကာ စစ်ရှိန်မြင့်တက်နေဆဲ အချိန်မှာ မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို သိမ်းယူဖို့ ကေအန်အယ်အေ နဲ့ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ပွဲက အရှိန်လျော့နေရာက တကျော့ပြန် ပြင်းထန်လာတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
နိုဝင်ဘာလကတည်းက ကော့ကရိတ်မြို့ကို သိမ်းယူဖို့ ကြိုးစားခဲ့ရာမှာ စစ်ကောင်စီဘက်က လေကြောင်းအကူအညီနဲ့ ခုခံတိုက်ခိုက်နေတာကြောင့် မြို့ကို အပြီးတိုင်မသိမ်းနိုင်သေးတဲ့ အနေအထား ဖြစ်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။
ရှမ်းမြောက်က မြို့တွေလို ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ပြီး မြို့သိမ်းယူတာမျိုး ကရင်ပြည်နယ်မှာ မလွယ်ကူတာတွေ့နေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ကော့ကရိတ်မြို့တွင်းက စစ်ကောင်စီ နေရာယူထားတဲ့ နေရာတွေကို ကေအန်အယ်လ်အေ ပူးပေါင်းတပ်ဖွဲ့တွေက သီတင်းပတ်နဲ့ချီ တိုက်ခိုက်နေရာမှာ အခုရက်ပိုင်းအတွင်း ပြင်းထန်လာတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး စတဲ့မြို့တွေကို သိမ်းယူဖို့ ကေအန်အယ်လ်အေ နဲ့ပူးပေါင်းအဖွဲ့တွေက ကြိုးစားခဲ့ပေမယ့် မအောင်မြင်သေးဘဲ ပဲခူးတိုင်း၊ မုန်းမြို့ကိုတော့ ဒီဇင်ဘာလအတွင်း သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar