Breaking News

မောင်တူး - တပ်မတော်နေ့က စလွဲနေတဲ့ တပ်မတော်


မောင်တူး - တပ်မတော်နေ့က စလွဲနေတဲ့ တပ်မတော်

(မိုးမခ) ဒီဇင်ဘာ ၂၇ ၊ ၂၀၂၃

"ဗမာ့လွတ်လပ်ရေးအတွက်

တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် "

စစ်ပညာသင်ပြီးအပြန် ဘန်ကောက်မှာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်က လက်မောင်းသွေးဖောက် သွေးစုသောက် တပ်မတော်စဖွဲ့ခဲ့တယ်။ ဒါပေမဲ့ ..... တပ်မတော်နေ့ကျတော့ မတ် ၂၇ ဖြစ်ပြန်ရော။ လွဲတော့ လွဲတယ်။ နေ့ရက် လွဲတယ်။

အဲ့သည်ကစ အကုန်လွဲတော့တဲ့ တပ်မတော် ၂၀၂၃ မှာတော့ အလံဖြူထောင်တပ်မတော် ဖြစ်သတည်း။ ။

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက် ကို တပ်မတော်နေ့ ဆိုပြီး စစ်တပ်က နှစ်စဉ် ကျင်းပနေကြတယ်။ ဒါပေမဲ့ ၁၉၄၅ မတ် ၂၇ မတိုင်ခင် ၄ နှစ်ကတည်းက တပ်မတော်က ရှိနေပြီးသားပါ။ ဒီတော့ ဖွဲ့စည်းပြီးတာ ၄ နှစ်ကြာမှ တပ်မတော်ကို ဖွဲ့ရတဲ့နေ့ (တပ်မတော်နေ့) ဆိုပြီး လုပ်နေ ကျင်းပနေကြတာ ရယ်စရာပါပဲ။ တနည်းအားဖြင့် အလွဲကြီး လွဲနေတာပါပဲ။ တကယ့် တပ်မတော်နေ့ကတော့ ဒီဇင်ဘာလ ၂၆ ရက် ၁၉၄၁ ခုနှစ်ပါ။

ပြည်သူကို ပြန်သတ်နေတဲ့ ဖက်ဆစ်တပ်

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်က တပ်မတော်ကို စဖွဲ့ခဲ့တာမို့ အခု ၂၀၂၃ ဒီဇင်ဘာ ၂၆ မှာ သက်တမ်း ၈၂ နှစ် ရှိပါပြီ။ ၈၂ နှစ်သား တပ်မတော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြီး မြန်မာပြည်သူ ပြည်သား ၄၂၆၆ ဦးကို သတ်ပြီးပါပြီ။ ဆက်လည်း သတ်နေဆဲပါ။ တပ်မတော်ဟာ တပြည်လုံး စီးပွားရေးကို လက်ဝါးကြီး အုပ်ထားတယ်။ လု၊ ခိုး၊ ဓားပြတိုက် ပြန်ပေးဆွဲ မုဒိမ်းကျင့်၊ လူသတ်၊ ရွာမီးရှို့ အကုန်လုပ်နေပြီ။ နောက်ဆုံးစွန် ကိုယ့်တပ်မတော် စတင်ဖွဲ့စည်းခဲ့တဲ့ (ရဲဘော်သုံးကျိပ်တို့ ဂျပန်ကနေ စစ်ပညာသင်ပြီးပြန်လာ ဘန်ကောက်မြို့မှာ လက်မောင်းသွေးဖောက် သစ္စာဆိုပြီး တပ်မတော်ဖွဲ့ခဲ့တဲ့) ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်ကိုတောင် အသိအမှတ်မပြုတော့ပါ။ ပြည်သူ့ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်တဲ့ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်ကို တပ်မတော်နေ့ ဆိုပြီး တလွဲအမှားကြီး လုပ်ထားလိုက်ပါပြီ။ ဒီလိုအခြေအနေမှာ ကျွန်တော်က ဆောင်းပါးမှာ ထည့်ဖို့ တပ်မတော်နေ့ အစစ်မှန်က ဘယ်နေ့လဲလို့ လူထုနွေဦးတော်လှန်ရေးဘက်မှာ ရပ်တည်နေတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို မေးတော့ သူက အခုလို ဖြေပါတယ်။

ဗိုလ်ကြီးဟောင်းနေမျိုးဇင် အမြင်

"ကျွန်တော်ကတော့ ရဲဘော်သုံးကျိပ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လက်မောင်းသွေးဖောက် သစ္စာဆိုပြီး စတင်တည်ထောင်ခဲ့တဲ့ ဒီဇင်ဘာ ၂၆ သာလျှင် တကယ့် တပ်မတော်စတင်ဖွဲ့စည်းတဲ့နေ့၊ တပ်မတော်နေ့ ဖြစ်သင့်ပါတယ်။ ဖြစ်ထိုက်ပါတယ်။ မတ်လ ၂၇ ရက်ကတော့ ဖက်ဆစ်တွေကို ပြန်တော်လှန်ဖို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့နေ့ပါ။ အမှန်တကယ်တော့ ဖက်ဆစ်ကို ဗိုလ်မှူးဗထူးက ရှမ်းပြည်ဖက်မှာ စပြီးတော့ တော်လှန်ခဲ့တာပါ။ ဒါပေမဲ့ မတ် ၂၇ ကျမှ နိုင်ငံသိ ကမ္ဘာသိ ကျေညာတာမို့လို့ ဒါ တကယ့်တကယ်တော့ တော်လှန်‌ရေးနေ့ပါပဲဗျ။ ဒါပေမဲ့ အခု လက်ရှိအခြေအနေအရ ပြောရရင်တော့ ဒီ ဒီဇင်ဘာ ၂၆ သည် ဒုတိယကမ္ဘာစစ်အပြီး ပထမ မြန်မာ့တပ်မတော်ပေါ့။ အင်္ဂလိပ်နဲ့ ဂျပန်လက်အောက်က လွတ်မြောက်ရေးအတွက် တိုက်ထုတ်တဲ့ ပထမအကြိမ် လွတ်မြောက်ရေး တပ်မတော် ဖွဲ့စည်းတဲ့ နေ့သာ ဖြစ်လိမ့်မယ်။ ကျနော်တို့ အခု ဒုတိယ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းနိုင်တဲ့ နေ့ကိုသာလျှင့် ကျနော်တို့ နိုင်ငံရဲ့ အထွဋ်အမြတ်ထားတဲ့ နေ့အဖြစ် ပိုမိုဂုဏ်ယူကြလိမ့်မယ်။ ပြီးတော့လည်း ပိုမိုတန်ဖိုးထားကြလိမ့်မယ်။ ကျနော်တို့ရဲ့ အသက်ပေါင်းများစွာနဲ့ လွတ်လပ်ရေးကို အခု တိုက်ယူနေဆဲကာလ ဖြစ်တာမို့လို့လေ။ ဒီ ဒီဇင်ဘာ ၂၆ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဖွဲ့စည်းခဲ့တဲ့ တပ်မတော်က ဖက်ဆစ်သန္ဓေပါလာပြီးတော့ ဖက်စစ်သန္ဓေကို အနှစ် ၇၀ နီးပါးလောက် အမြစ်မဖြတ်နိုင်ပဲနဲ့၊ ရက်စက်ဆိုးဝါး ယုတ်မာမှု၊ စစ်အာဏာရှင် စရိုက် သွတ်သွင်းမှုတွေကြောင့် အခုဆိုရင် ဒီတပ်မတော်ကို ကျနော်ကိုယ်တိုင် ပါဝင်ထမ်းဆောင်ခဲ့ဘူးတဲ့ ဖက်စစ်သန္ဓေပါသော တပ်မတော်ကို ဖြိုဖျက်ပြီးတော့ အသစ်ပြန်လည် ဖွဲ့စည်းဖို့ ကြိုးစားနေကြတဲ့ ကာလမို့လို့ မကြာမတင် တရားဝင် ကျေညာဖွဲ့စည်းနိုုင်တော့မဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းသော နေ့သာလျှင် ကျနော်တို့နိုင်ငံ တည်တံ့နေသရွေ့ နိုင်ငံသူ နိုင်ငံသား မျိုးဆက် အဆက်ဆက် တလေးတစား စိတ်အားတက်ကြွစွာ ဆင်နွှဲကျင်းပကြမယ့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်နေ့ စစ်စစ်ဖြစ်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။"

လက်ရှိ အာဏာသိမ်းစစ်ကောင်စီ တပ်မတော်

၁၉၄၁ ဒီဇင်ဘာ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ် ဦးဆောင်တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းပြီး ဂျပန်တပ်မတော်ရဲ့ အကူအညီနဲ့ ဗြိတိသျှနယ်ချဲ့ကို မြန်မာ့မြေကနေ မောင်းထုတ်ခဲ့တယ်။ ဒါပေမဲ့ ဂျပန်တော်လှန်ရေးကိုလည်း ၁၉၄၅ မတ် ၂၇ မှာ တပ်မတော်၊ ကွန်မြူနစ်ပါတီနဲ့ တိုင်းရင်းသား ပြောက်ကျားတော်လှန်ရေးတပ်တွေ၊ ပြည်သူတွေပူးပေါင်းပြီး ဆင်နွှဲခဲ့ကြရသေးတယ်။ 

ဂျပန်တော်လှန်ရေးဟာ ၁၉၄၂ -၄၅ ခုနှစ်အထိ ၃ နှစ်ကြာ ဖက်ဆစ်စံနစ်နဲ့ ပါးရိုက် နားရိုက် လှံစွပ်ထိုးသတ်ပြီး အုပ်ချုပ်ခဲ့တဲ့ ဂျပန်တွေကို တနိုင်ငံလုံးက ပြန်တိုက်ခဲ့တဲ့ပွဲပါ။ (အခု အာဏာသိမ်း ဖက်ဆစ် စစ်ကောင်စီကို နွေဦးတော်လှန် ပြန်တိုက်နေကြပုံနဲ့ တထပ်တည်းပါ။) ဖက်ဆစ်ဂျပန်တော်လှန်ရေးက ၁၉၄၅ ဩဂုတ်လ ၁၅ ရက်မှာ အဆုံးသတ်ပါတယ်။ 

၁၉၄၈ ဇန်နဝါရီ ၄ လွတ်လပ်ရေးရပါတယ်။ ၁၉၆၂ ခုနှစ် အာဏာမသိမ်းခင်ကတည်းက ဗိုလ်ချုပ်နေဝင်း စစ်တပ်ဟာ မတ်လ ၂၇ ရက်ကို တော်လှန်ရေးနေ့ကနေ တပ်မတော်နေ့ ပြောင်းဖို့ ပြင်ဆင်ထားပုံရပါတယ်။ ၁၉၇၀ ခုနှစ် စာပို့တံဆိပ်ခေါင်းတွေမှာ တပ်မတော်နေ့ လို့သာ ဖော်ပြပါသေးတယ်။ ၁၉၇၅ ဝန်းကျင်လောက်မှ မတ် ၂၇ ကို တပ်မတော်နေ့လို့ အပြီးသတ် ပြောင်းလိုက်ပုံရပါတယ်။

မတ် ၂၇ ကို တပ်မတော်နေ့လို့ တဖြည်းဖြည်းပြောင်းတာ

တော်လှန်ရေးနေ့ အထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းတွေကို ၁၉၇၀ - ၇၅ လောက်အထိ ထားရှိပြီး တဖက်ကလည်း BURMA ARMED FORCES DAY လို့ ပူးတွဲရေးပြီး ထုတ်ထားတာကို တံဆိပ်ခေါင်း အဟောင်းတွေမှာ ပြန်ရှာကြည့်နိုင်ပါတယ်။ ပြန်ကြားရေးထုတ် ရွှေသွေးဂျာနယ်တွေမှာလည်း ၁၉၇၅ ခုနှစ်အထိ နှစ် ၃၀ မြောက် တော်လှန်ရေးနေ့လို့ ဖော်ပြထားပြီး တပြိုင်တည်းမှာ 30th ANNIVERSARY OF BURMA ARMED FORCES DAY လို့ ပူးတွဲ ဖော်ပြထားပါသေးတယ်။ ၁၉၇၆ ခုနှစ်လောက်ကစပြီး ၂၇ မတ် ကို တပ်မတော်နေ့လို့ အပြီး ပြောင်းလိုက်ပုံရပါတယ်။ (တော်လှန်ရေးနေ့ကို တပ်မတော်နေ့လို့ ပြောင်းမယ် ဆိုတာကို ဗိုလ်ချုပ်ကြီးနေဝင်းက သူရဦးတင်ဦးကို ခေါ်ပြောတဲ့ အကြောင်းလည်း အောက်တပိုဒ်မှာ ရေးပြပါဦးမယ်။ ) ဒါပေမဲ့ သမိုင်းမှာ မတ်လ ၂၇ ရက်ဟာ ဖက်ဆစ်တော်လှန်ရေးနေ့နဲ့ ဒီဇင်ဘာလ ၂၆ ရက်တို့ဟာ တပ်မတော်နေ့တွေဆိုတာကတော့ ထင်းနေအောင် မြင်နေရတာပါ။

ဗိုလ်ချုပ်ကျော်ဇော အင်တာဗျူး

ဒီဇင်ဘာ ၂၆ တပ်မတော်နေ့ အစစ်ဖြစ်ကြောင်းနဲ့ မတ်လ ၂၇ ဟာ တပ်မတော် နေ့ မဟုတ်ကြောင်းတွေကို နှစ်ပတ်လည်ရောက်တိုင်း ရုပ်သံ သတင်းနဲ့ ဆောင်းပါးတွေ DVB က လွှင့်လေ့ရှိတယ်။ ဒီအခါမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇော၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ကို အင်တာဗျူးရတတ်တယ်။ ဗိုလ်ကျော်ဇောဆိုရင် တရုတ်ပြည်အထိ သွားဗျူးခဲ့ရတာ။ ဗိုလ်ကျော်ဇောက "ကျနော်တို့တတွေ ရဲဘော်သုံးကျိပ်တွေ ၁၉၄၁ ဒီဇင်ဘာ ၂၆ ည ဘန်ကောက်မှာ လက်မောင်းသွေးဖောက် သစ္စာဆိုပြီး တပ်မတော်ကို ဖွဲ့ခဲ့ကြတယ်။ အဲ့သည်နေ့က ဗိုလ်ချုပ်အောင်ဆန်းကို ဝိုင်းမြှောက်ကြပြီး ပျော်ခဲ့ကြတာ မှတ်မိသေးတယ်။ အဲ့သည် ၂၆ ဒီဇင်ဘာကိုပဲ တပ်မတော်နေ့ သတ်မှတ်သင့်ပါတယ်။ မတ်လ ၂၇ ရက်ကတော့ ဖက်ဆစ်တော်လှန်ရေးနေ့သာ ဖြစ်သင့်ပါတယ်ဗျာ။ " လို့ ပြောခဲ့ပါတယ်။ ဒီပြောစကားကိုလည်း DVB TV က အကြိမ်ကြိမ်ထုတ်လွင့်ပြီးပါပြီ။

သူရဦးတင်ဦး ပြောပြချက်

သူရဦးတင်ဦးကို ဗိုလ်ချုပ်ကြီးနေဝင်းက ခေါ်ပြီး တော်လှန်ရေးနေ့ကို တပ်မတော်နေ့ ပြောင်းဖို့ ပြောခဲ့ပုံကို အခုလို DVB အင်တာဗျူးမှာ ဖြေခဲ့တာပါ။ "ကျုပ်ကိုခေါ်ပြီး ဒို့တော့ မတ် ၂၇ ကို တပ်မတော်နေ့ ပြောင်းမယ်ကွာ၊ မင်းသဘော ဘယ်လိုရှိသလဲလို့ ဗိုလ်ချုပ်နေဝင်းက မေးတယ်။ ကျုပ်ကတော့ ဗိုလ်ချုပ်တို့ သဘောပဲပေါ့လို့ ပြောခဲ့တယ်။ ဒါပေမဲ့ စဉ်းစားဦးပေါ့၊ သူ့နေ့ရက်ကို သူ့နေ့ရက်ပဲ ထားရင်လည်း ပိုသင့်တော်မယ်လို့လည်း ပြောခဲ့တယ်။ သူတို့ အထက်ပိုင်းက အကုန်စီစဉ် အကွက်ချပြီးမှ ကိုယ့်ကို ခေါ်မေးတာလေ။ လုပ်မှာပဲ။ ပြောင်းမှာပဲ။ ‌တကယ်လည်းပဲ တော်လှန်ရေးနေ့ကို တပ်မတော်နေ့ လုပ်လိုက်တာပါပဲ။ "

အာဏာသိမ်းစစ်ကောင်စီ တပ်မတော်ရဲ့ နိဂုံး

တပ်မတော်ကို ဒီဇင်ဘာ ၂၆ မှာ စဖွဲ့တယ်။ ဒီလို သမိုင်းဝင် အထင်အရှား ရှိနေလျက်က တပ်မတော်နေ့ကို မတ် ၂၇ ရက်လို့ ပြောင်းခဲ့တယ်။ မတ်လ ၂၇ ကလည်း ပြည်သူ့ဖက်ဆစ်တော်လှန်ရေးနေ့ကြီးလေ။ ၁၉၆၂ စစ်အာဏာသိမ်းတယ်။ ကျောင်းသားတွေကို သတ်တယ်။ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၅ ၁၉၇၆ အရေးအခင်းတွေကနေ ၈၈၈၈ အရေးတော်ပုံတွေမှာလည်း ကျောင်းသားတွေတင်မက ပြည်သူလူထုတွေကိုပါ သတ်ဖြတ်ခဲ့လို့ လူသတ်တပ်မတော်လို့ ခေါ်ကုန်ကြပြီ။ 

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ပိုဆိုးပြီး သံဃာတော်တွေကိုပါ သတ်တဲ့ စစ်တပ်ပေါ့။ "သံဃံသရဏံ Gun စာမိ" ဆိုတဲ့ အသံတွေ ကမ္ဘာကျော်သွားပြီ။ "သံဃာတော်တွေ သွေးမြေကျရပြီတဲ့ တစာစာ ဟစ်ကြွေးကြသံတွေ" ဆိုတဲ့ မာမာအေးသီချင်းသံက လွင့်ပျံနေပြီ။ ဟော အခု ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသုံးထပ်ကွမ်း သိမ်းပြန်ပြီ။ အဲဒီအခါ ဆန္ဒပြကြသူတွေကို ပစ်သတ် ရိုက်သတ်တော့ PDF တပ်တွေ တနိုင်ငံလုံးပေါ်လာတော့တာပေါ့။ ဒီအခါ ကိုယ့်တပ်မတော်နေ့ကိုတောင် ၂၆ ကို ၂၇ အဖြစ် ခိုးပြီး လွှဲပြီး ပြောင်းထားတဲ့ တပ်မတော်ကြီးဟာ အကျအဆုံးများ တပ်ပြေးတွေ မှိုလိုပေါက်ပြီး ဒုက္ခပင်လယ်ဝေနေပြီပေါ့။ ဗေဒင်တွေ တအား မေးနေရပြီ၊ ယတြာအစီအရင်တွေ တအား လုပ်နေကြရပြီလေ။ တတပ်လုံးကျဆုံးတာတွေလည်းရှိလာ၊ "ငါ့မသေ ငါ့စခန်းမကျစေရ" ဆိုသူတွေက လက်နက်ကြီးငယ်၊ အလျှံပယ်ရှိနေပါလျှက်က အလံဖြူတွေ အလုအယက်ထောင်နေချိန်ပေါ့။ တပ်သားသစ်တွေ စုဆောင်းလို့ လုံးဝ မရတော့ဘူးတဲ့။ တပ်သားသစ် တယောက်ကို ၁၀ သိန်း ပေးဝယ်နေတာတောင် လုံးဝ မရတော့ဘူးတဲ့။ 

၁၉၄၁ ဒီဇင်ဘာ ၂၆ စတင်ဖွဲ့စည်းချိန်က "ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်" ဘဝကနေ ဒီနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် ၈၂ နှစ်သား တပ်မတော်ကြီးကိုတော့ လူတိုင်း နှာခေါင်းရှုံ့နေကြပြီ။ ကြားဖူးကြမှာပါ။ ဟိုးတုန်းက "အင်္ဂလိပ်အခက် ဗမာ့အချက်" တဲ့။ အခုလည်း "စစ်အာဏာရှင့်အခက် ပြည်သူ့အချက်" ဖြစ်နေပါပြီ။ နွေဦးတော်လှန် ပြည်သူ လူထုအပေါင်း စစ်အာဏာရှင်တွေကို ညီညီညာညာ စုစုစည်းစည်း ဝိုင်းတိုက်ထုတ်ကြပြီး ဖက်ဒရယ်တပ်မတော်ကြီး စတင်ဖွဲ့စည်းမယ့်နေ့ကို ချီတက်ကြဖို့ တခုတည်းသာ ရှိပါတော့တယ်။ ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar